ထရန့်က ၎င်း၏ ပရဟိတဖောင်ဒေးရှင်းကို ဖျက်သိမ်းလိုသည်ဟု ပြောကြား

ထရန့်က ၎င်း၏ ပရဟိတဖောင်ဒေးရှင်းကို ဖျက်သိမ်းလိုသည်ဟု ပြောကြား
Published 25 December 2016
Ref: AFP

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ၎င်းး၏ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် သမ္မတတာဝန် နှစ်ခုအကြားတွင် အခြေအနေရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရန်အတွက် အငြင်းပွားစရာဖြစ်နေသော ၎င်းး၏ ပရဟိတဖောင်ဒေးရှင်းကြီးကို ဖျက်သိမ်းလိုကြောင်း ဒီဇင်ဘာ ၂၄ ရက်က ပြောကြားခဲ့သည်။ သို့သော် ထိုဖျက်သိမ်းမည့်ကိစ္စသည် တရားရေးဆိုင်ရာ စုံစမ်းထောက်လှမ်းမှုများကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။
ထရန့်သည် ရွေးကောက်ပွဲတွင် စတင်ဝင်ပြိုင်ကတည်းက ၎င်းး၏ ဒေါ်နယ်ဂျေထရန့် ဖောင်ဒေးရှင်းနှင့် အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပနိုင်ငံများတွင် ပြန့်ကျဲတည်ရှိသော ပိုင်ဆိုင်မှုများ၊ စီးပွားရေးလုပ်ငန်းများသည် အသေးစိတ် စောင့်ကြပ်စစ်ဆေးမှုများနှင့် ပိုမိုကြုံတွေ့လာရသည်။ ဒေါ်နယ်ထရန့်သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသွားပြီးနောက် အခြေအနေနှစ်ခုကြားတွင် ရှုပ်ထွေးမှုကြီးများ ဖြစ်ပေါ်လာမည့်အရေးမှ ရှောင်လွဲှရန်အတွက် ပထမဆုံးခြေလှမ်းအနေဖြင့် ယခုကဲ့သို့ ပရဟိတလုပ်ငန်းကြီးကို ဖျက်သိမ်းရန် ဆုံးဖြတ်ခြင်းဖြစ်ဖွယ်ရှိသည်။
ဒေါ်နယ်ထရန့်၏ ဖောင်ဒေးရှင်းသည်  အထူးသဖြင့် ငွေမည်မျှလှူဒါန်းခဲ့ခြင်း အပါအဝင် အငြင်းပွားစရာကိစ္စများစွာ၏ ဗဟိုချက်ဖြစ်နေသည်။ ယင်းဖောင်ဒေးရှင်းကို နယူးယောက်ရှေ့နေချုပ် အဲရစ်ရှနိုင်ဒါမန်းက စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။
ထရန့်သည် ဖောင်ဒေးရှင်းကို ပိတ်သိမ်း၍ မရသေးဟု ရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်တစ်ရပ်ကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက အမေရိကန်မီဒီယာများတွင် ဖော်ပြခဲ့သည်။ “ ထရန့်ဖောင်ဒေးရှင်းဟာ ရှေ့နေချုပ်ရုံးရဲ့ စစ်ဆေးမှုကို ခံယူနေရဆဲပါ။ ဒီစုံစမ်းစစ်ဆေးမှု မပြီးမချင်း တရားဝင်ဖျက်သိမ်းလို့ မရသေးပါဘူး”ဟု ရှနိုင်ဒါမန်၏ ပြောခွင့်ရပုဂ္ဂိုလ် အေမီစပီတယ်နစ်က ပြောကြားခဲ့သည်။
ထရန့်၏ ကူးပြောင်းရေးအဖွဲ့၏ ပြောကြားချက်အရ ထရန့်သည် ထိုဖောင်ဒေးရှင်းကို ပိတ်ရန် လိုအပ်သော နည်းလမ်းအားလုံးကို အသုံးပြုရန် ညွှန်ကြားထားသည်ဟု သိရသည်။ “နှစ်ပေါင်းများစွာအတွင်း ဒီဖောင်ဒေးရှင်းဟာ ကလေးတွေ၊ ဥပဒေစိုးမိုးရေးအရာရှိတွေ၊ စစ်ပြန်တွေ အပါအဝင် မရေမတွက်နိုင်တဲ့ အဖွဲ့အစည်းများစွာကို ဒေါ်လာသန်းနဲ့ချီ လှူဒါန်းခဲ့ပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များစွာ လုပ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သမ္မတတာဝန်နဲ့ ပတ်သက်ပြီး ဘယ်လိုအကျပ်အတည်းမျိုး ဖြစ်ပေါ်တာမျိုးမှ မဖြစ်စေဖို့အတွက် ကျွန်တော်ရဲ့ ထက်သန်တဲ့ ပရဟိတစိတ်ကို အခြားနည်းလမ်းနဲ့ပဲ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”ဟု ထရန့်က ထုတ်ပြန် ချက်ထဲတွင် ပြောကြားခဲ့သည်။
ဝါရှင်တန်ပို့စ်၏ ဇွန်လက စုံစမ်းထောက်လှမ်းမှုတို့အရ ထရန့်သည် ပရဟိတဖောင်ဒေးရှင်းသို့ လှူဒါန်းမည်ဟု ကတိပြုခဲ့သည့် ငွေကြေးများထဲမှ တစ်စိတ်တစ်ဒေသကိုသာ အမှန်တကယ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လှူဒါန်းသည်မှာလည်း ဖိအားပေးမှုများ ထွက်ပေါ်လာပြီးမှသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထရန့်၏ ကလေးများမှာလည်း ပရဟိတအရေးကို အကြောင်းပြသော စီးပွားရေးများကြောင့် လူထု၏ အာရုံစိုက်စရာဖြစ်လာခဲ့သည်။ ထရန့်၏သမီးဖြစ်သူ အိုင်ဗန်ကာထရန့်သည် ၎င်းနှင့် ကော်ဖီသောက်ခွင့်ရမည့် အခွင့်အရေးအား လေလံဆွဲကာ ရလာသည့် ငွေကြေးများကို ပရဟိတလုပ်ငန်းများအတွက် အသုံးပြုမည်ဟုဆိုသော ကိစ္စအား ဝေဖန်မှုများကြောင့် ဖျက်လိုက်ရသည်။ ကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင်သူများက ထရန့်မိသားစုသည် ထိုသို့ လေလံအောင်သူများအား ၎င်းတို့နှင့် နီးစပ်စေရန် အထူးအခွင့်အရေး ပေးနေသကဲ့သို့ ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
ဝေဖန်သူများက ထရန့်သည် ၎င်း၏ စီးပွားရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများမှ လုံးဝဖယ်ခွာခြင်းမပြုလျှင် အကျပ်အတည်းများနှင့် သေချာပေါက် ရင်ဆိုင်ရလိမ့်မည်ဟု သုံးသပ်နေကြသည်။ ထရန့်ကိုယ်တိုင်ကလည်း မဲဆွယ်စည်းရုံးရေးကာလအတွင်းက ပြိုင်ဘက်ဖြစ်သူ ဟီလာရီကလင်တန်နှင့် ခင်ပွန်းတို့၏ ကလင်တန်ဖောင်ဒေးရှင်းကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ရာဇဝတ်ဂိုဏ်းကြီးဟု ခေါ်ဆိုခဲ့သူဖြစ်သည်။ ထရန့်သည် ၎င်း၏ အခွန်ဆောင်မှုများစာရင်းများကို ထုတ်ပြန်မည်ဟု ကတိပေးထားသော်လည်း ယခုတိုင် ထွက်ပေါ်မလာသေးပေ။      

Most Read

Most Recent