အဲလိဇဘတ်ဘုရင်မကြီးက ခရစ္စမတ်နေ့ မိန့်ခွန်းထဲတွင် အညတရ လူစွမ်းကောင်းများကို ချီးကျူးဂုဏ်ပြု

အဲလိဇဘတ်ဘုရင်မကြီးက ခရစ္စမတ်နေ့ မိန့်ခွန်းထဲတွင် အညတရ လူစွမ်းကောင်းများကို ချီးကျူးဂုဏ်ပြု
Published 25 December 2016
Ref: AFP

ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီးသည် ဒီဇင်ဘာ ၂၅ ရက်က ဓနသဟာယ နိုင်ငံများသို့ ထုတ်လွှင့်သော ၎င်းး၏ ခရစ္စမတ်နေ့ မိန့်ခွန်းထဲတွင် စိတ်ဓာတ်ခွန်အားပေးသည့် အညတရသူရဲကောင်းများကို ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
အသက် ၉၀ အရွယ် ဘုရင်မကြီးသည် နှစ်စဉ်ပြောနေကျ ၎င်းး၏ ခရစ္စမတ်မိန့်ခွန်းထဲ၌ သာမန်လူသားများက အံ့မခန်းကိစ္စများကို စွမ်းဆောင်နိုင်နေသည့်အကြောင်းအား အဓိက အလေးပေး၍ ပြောကြားခဲ့သည်။ ဓနသဟာယ နိုင်ငံများ၏ ခေါင်းဆောင် ဘုရင်မကြီး၏ မိန့်ခွန်းသည် ဗြိတိန်ပြည်သူများအတွက်သာမက ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသော လူထု၏ ခရစ္စမတ်နေ့ အစဉ်အလာထဲတွင် ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်နေသည်။ သေးငယ်သော ကိစ္စရပ်လေးများကို ချစ်မေတ္တာအပြည့်ဖြင့် လုပ်ဆောင်ကြရန်လည်း လူထုကို ဘုရင်မကြီးက ပြောကြားခဲ့သည်။“ကျွန်မဟာ စေတနာ့ဝန်ထမ်း၊ လူနာစောင့်၊ စည်းရုံးရေးမှူး၊ အိမ်နီးချင်းကောင်း အစရှိတဲ့ အံ့မခန်းအလုပ်တွေကို လုပ်ဆောင်နေတဲ့ သာမန်လူသားတွေနဲ့တွေ့ရင်း မကြာခဏ ခွန်အားတွေရရှိပါတယ်။ သူတို့ဟာ လူတွေ သတိမမူမိကြတဲ့ လူစွမ်းကောင်းတွေဖြစ်ကြပြီး သူတို့ရဲ့ တိတ်ဆိတ်တဲ့ စူးစိုက်နှစ်မြှုပ်မှုတွေဟာ သူတို့ကို ထူးခြားစေပါတယ်”ဟု ဘုရင်မကြီးက ပြောကြားခဲ့သည်။
ဘုရင်မကြီးသည် ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ် အားကစားပွဲတော်အတွင်းက ရွှေတံဆိပ် ၆၇ ခုကို ဆွတ်ခူးပြီး ဗြိတိန်ကို ကမ္ဘာ့အားကစားတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့သော အားကစားသမားများကိုလည်း ဂုဏ်ပြုခဲ့သည်။ ရီယိုအိုလံပစ်သည် ဗြိတိန်အတွက် ပြည်ပအားကစားပွဲတော် တစ်ခုအတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည့် ပွဲတစ်ခုဖြစ်ခဲ့သည်။
ဘုရင်မကြီးသည် ယခုနှစ်အတွင်းမှ ထင်ရှားသည့်ဖြစ်စဉ်များအနက် အိုလံပစ်အားကစားပွဲနှင့် ၎င်းး၏ အသက် ၉၀ ပြည့် မွေးနေ့ပွဲကျင်းပမှုများအကြောင်းကို ထည့်သွင်းပြောကြားခဲ့သော်လည်း ဥရောပသမဂ္ဂထဲမှ ဗြိတိန်နုတ်ထွက်ခဲ့ရသော ပြည်သူ့ဆန္ဒခံယူပွဲအကြောင်းကိုမူ တစ်စုံတစ်ရာ ရည်ညွှန်ပြောကြားခဲ့ခြင်း မရှိပေ။
အင်္ဂလန်ဘုရားရှိခိုးကျောင်း၏ အမြင့်ဆုံး အုပ်ချုပ်သူလည်းဖြစ်သော ဘုရင်မကြီးသည် ၎င်းး၏ပြောစကားများထဲတွင် ခရစ်ယာန်ဘာသာအပေါ် ယုံကြည်မှုနှင့် ပတ်သက်သော လမ်းညွှန်များလည်း ပါဝင်လေ့ရှိသည်။  ယခုကဲ့သို့ ခရစ္စမတ်နေ့တိုင်း မိန့်ခွန်းပြောသည့် အစဉ်အလာကို အဲလိဇဘတ်ဘုရင်မကြီး၏ အဘိုးဖြစ်သူ ပဉ္စမမြောက် ဂျော့ချ်ဘုရင်က ၁၉၃၂ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။  

Most Read

Most Recent