အဖြစ်များလာသည့် သက်ငယ် လိင်အကြမ်းဖက်မှုများနှင့် အရေးယူမှုများ

အဖြစ်များလာသည့် သက်ငယ် လိင်အကြမ်းဖက်မှုများနှင့် အရေးယူမှုများ
Published 25 December 2016
ဉာဏ်ဝင်းရှိန်

၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များတွင် ထူးထူးခြားခြား ယခင်ကထက် ပိုအဖြစ်များလာသည်က သက်ငယ်မုဒိမ်းမှုများပင် ဖြစ်သည်။ သက်ငယ် မုဒိမ်းမှုများတွင် ဖခင်အရင်းနှင့် ဆွေမျိုးအရင်းအချာများက ကျူးလွန်သည့် ဖြစ်ရပ်များ၊ ကျောင်းဆရာက တပည့်ကလေးမလေးများကို ကျူးလွန်သည့် ဖြစ်ရပ်များ၊ လူ့အသိုင်းအဝိုင်းတွင် မကြားဝံ့ မနာသာ ဖြစ်ရပ်များလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။
ထိုသို့ သက်ငယ်လိင်အကြမ်းဖက်မှုများကို ဆန့်ကျင်သည့် ပြည်သူများ၊ အဖွဲ့အစည်းများကလည်း သက်ငယ်မုဒိမ်းမှု ကျူးလွန်မှုများကို ရပ်တန့်ရန်အတွက် ဟောပြောရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများအနက် သက်ငယ်မုဒိမ်းမှုမှာ ထက်ဝက်ကျော် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သက်ငယ်မုဒိမ်းမှု အချို့တွင် မိဘအရင်းနှင့် ဆွေမျိုး အရင်းအချာများက ကျူးလွန်သည့် ဖြစ်ရပ်များလည်း တွေ့ရသည်။ ယင်းဖြစ်ရပ်များမှာ ၂၀၁၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် အမှု ၃၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ကလေးသူငယ် မုဒိမ်းမှုများတွင် လိုက်လံဆောင်ရွက် အကူအညီပေးနေသည့် လူမှုအဖွဲ့အစည်း တစ်ခုမှ သိရသည်။
သက်ငယ်မုဒိမ်းမှု ယခုလို ပေါများလာခြင်းနှင့် ပတ်သက်ပြီး အမျိုးသမီး အခွင့်အရေးနှင့် သက်ငယ်မုဒိမ်းမှုများအား လိုက်ပါဆောင်ရွက်ပေးသည့် ဥပဒေရေးရာ ကုစားရေးအဖွဲ့ မြန်မာ (Legal Clinic Myanmar) မှ ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက “သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားမှုတွေကို ကျွန်မတို့ လေ့လာတော့ ဆင်းရဲမွဲတေမှုကို အခြေခံပြီး နေထိုင်တဲ့ အိမ်အဆောက်အအုံရဲ့ မလုံခြုံတဲ့ အပေါ်မှာ ဘေးအိမ်ကနေမြင်ပြီး ကျုူးလွန်တာတွေ ရှိသလို မိဘတွေက စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အတွက် ကလေးတွေကို ဂရုမစိုက်နိုင်တဲ့အတွက် အချောင်သမားတွေက ဝင်ပြီး ကြံစည်တာတွေလည်း ဖြစ်တတ်ပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် သုံးနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများမှာ ၂၀၁၃ ခုနှစ်တွင် ၇၃၄ မှု၊ ၂၀၁၄ ခုနှစ်တွင် ၇၅၆ မှု၊ ၂၀၁၅ ခုနှစ်တွင် ၆၈၂ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ ယခုလပိုင်းများအတွင်း အမြင့်ဆုံး ပြစ်ဒဏ် အနှစ် ၂၀ ကို သက်ဆိုင်ရာ တရားရုံး အသီးသီးက ချမှတ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာတွင် သမီးအရင်းအား အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့သည့် ဖခင်ဖြစ်သူအား ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် မြောင်းမြခရိုင် တရားရုံးက ချမှတ်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် ဇူလိုင်လ အတွင်းက ဖြစ်ပွားခဲ့သည့် အသက်ငါးနှစ် နီးပါးအရွယ် မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အမျိုးသားအား အောက်တိုဘာ ၁၄ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးက ပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက အလုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ၁၄ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်ခဲ့သော အမျိုးသားအား ဒီဇင်ဘာ ၇ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။
အလားတူ ပြည်မြို့တွင် ဖြစ်ပွားခဲ့သော သတ္တမတန်း ကျောင်းသူ တစ်ဦးအား သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဆရာတော်အား ဒီဇင်ဘာ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မိခင်ဖြစ်သူ မရှိခိုက် အိမ်ပေါ်တက်၍ ခြောက်နှစ်အရွယ် မိန်းကလေးအား သားမယား ပြုကျင့်ခဲ့သည့် အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ အရ ထောင်ဒဏ် သုံးနှစ်ကို တစ်ပေါင်းတည်း ကျခံစေရန် အရှေ့ပိုင်းခရိုင် ဒုတိယခရိုင် တရားသူကြီး (၁၀) က အမိန့် ချမှတ်ခဲ့သည်။
ထို့အတူ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ငါးနှစ်အရွယ် ကလေးငယ်ကို အဓမ္မ ပြုကျင့်သူအား စစ်တွေခရိုင် တရားရုံးက ဒီဇင်ဘာ ၁၉ ရက်တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။
အလားတူ ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော အိမ်အကူ မိန်းကလေးငယ်အား ညစ်ညမ်းကားများ ပြသကာ အဓမ္မ ပြုကျင့်သည်ဟု ဆိုပြီး ပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀၊ နာကျင်စေမှု ပုဒ်မ ၃၂၃ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ လ၊ ညစ်ညမ်းသည့် အရာဝတ္ထုများ ပြသမှု ပုဒ်မ ၂၉၃ ဖြင့် ထောင်ဒဏ် တစ်လ အသီးသီး ကျခံစေရန် အမိန့် ချမှတ်ခဲ့သည်။
ထိုသို့ သက်ငယ် မုဒိမ်းမှုများ တိုးပွားလာမှုနှင့် ပတ်သက်ပြီး လိင်အကြမ်းဖက်မှု ပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရန် ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲကို နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ် အတွင်းရှိ မျှော်စင်ကျွန်းတွင် သက်ငယ်လိင်အကြမ်းဖက်မှု ဆန့်ကျင်သူများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြသည်။
ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲကို တက်ရောက်လာသည့် ပြည်သူများက “ပွင့်သောပန်းတိုင်း လန်းဖို့အရေး သက်ငယ်မုဒိမ်း ကာကွယ်ပေး”၊ “Stop sexual violence၊ လိင်အကြမ်းဖက်မှု လုံး၀ အလိုမရှိ”၊ “မုဒိမ်းမှုများအား ကြီးလေးသော ပြစ်ဒဏ် ချမှတ်ပေးပါ” အစရှိသည့် လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြုခဲ့ကြပြီး သက်ငယ် လိင်အကြမ်းဖက်မှုကို ဆန့်ကျင်ခဲ့ကြသည်။
“သက်ငယ် လိင်အကြမ်းဖက်မှုကို ဆန့်ကျင်ပါတယ်။ ဖြစ်နိုင်ရင် သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့သူတွေကို သေဒဏ်ချမှတ်ပေးဖို့ ဥပဒေတစ်ခု အမြန် ထုတ်သင့်နေပါပြီလို့ ကျွန်မ ပြောချင်ပါတယ်။ ဘာမှ မသိသေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားတာတွေ ရပ်ဖို့အတွက် ဥပဒေတစ်ရပ် အမြန် ထုတ်ပေးသင့်ပါပြီ” ဟု သက်ငယ် လိင်အကြမ်းဖက်မှုကို ဆန့်ကျင်သည့် မနှင်းဟေမာန်ဦးက ပြောကြားသည်။

Most Read

Most Recent