လူတို့သည် အပေါင်းအသင်း အစုအဖွဲ့ဖြင့် နေရသောသဘောရှိပြီး အထီးကျန် တစ်ယောက်တည်းဘဝဖြင့် မည်သူမျှ မနေချင်ကြချေ။ ကောင်းမွန်သော အပေါင်းအသင်း ပေါများခြင်းသည် မင်္ဂလာဖြစ်သော်လည်း မကောင်းသော အပေါင်းအသင်းကြောင့် ပျက်စီးတတ်ခြင်း သဘောကိုလည်း သတိပြုရပေမည်။ ကောင်းမွန်သော အခြွေအရံများခြင်းကြောင့် ကောင်းကျိုးတရားတို့ များစွာရရှိနိုင်သည်။ ဘေးပတ်လည်၌ အခြားသစ်ပင်တို့၏ ဝန်းရံခြင်းကို ခံရသောသစ်ပင်သည် လေဒဏ်မိုးဒဏ် အခံရ သက်သာနိုင်သကဲ့သို့ ကျွန်တော်တို့သည်လည်း ကောင်းမွန်သော အခြွေအရံ အပေါင်းအသင်းတို့ကြောင့် ကြုံတွေ့လာရသော ဆင်းရဲဒုက္ခတို့ကို မျှဝေခံစားလို့ ရနိုင်ပေသည်။ သူငယ်ချင်းတို့၏ ပံ့ပိုးကူညီမှုတို့ကြောင့် အောင်မြင်မှုတို့ ရရှိနိုင်သည်။
အခြံအရံ ပရိသတ်ကြောင့် မာန်မာနဝင်ပြီး လမ်းမှားရောက်ရသော အဖြစ်အပျက် တစ်ခုအနေဖြင့် သာဓကတစ်ခု ရှိလေသည်။ ဘုရားလက်ထက်က တိတ္ထိဆရာကြီး ခြောက်ဦးအနက် တစ်ဦးဖြစ်သည့် သိဉ္စည်းဆရာကြီးသည် အခြံအရံများစွာဖြင့် နေထိုင်လေသည်။ သူ့၏တပည့်များဖြစ်သည့် ဥပတိဿနှင့် ကောလိတတို့သည် မြတ်စွာဘုရားနှင့်တွေ့ကာ မှန်ကန်သော တရားထူးတို့ရရှိကာ သူတို့၏ သိဉ္စည်း ဆရာကြီးကိုလည်း သူတို့လို အမှန်တရားရရှိဖို့ မြတ်စွာဘုရားထံသို့ မြင့်မြတ်သည့် အကျင့်တရားများ ကျင့်သုံးရန် ဖိတ်ခေါ်လေသည်။ သို့သော်လည်း သိဉ္စည်းဆရာကြီးသည် သူ၏အခြံအရံကို အမှီပြု၍ ‘ငါ့မှာလည်း တပည့်သာဝကတွေ အများသားပဲဟာ၊ ဘယ်သူ့ဆီမှ တပည့်ခံစရာမလိုဘူး” ဆိုသည့်မာန်မာနဖြင့် တင်းခံကာ မြတ်စွာဘုရားထံ တပည့်ခံဖို့ ငြင်းဆန်ခဲ့လေသည်။ နောက်ဆုံး၌ သိဉ္စည်းဆရာကြီးသည် အကျင့်မှားတို့ဖြင့် လမ်းအမှားကြီးမှားကာ မိုက်ဇာတ်သိမ်းခဲ့ရလေသည်။
မြတ်စွာဘုရားက ‘လောကမှာ အလိုရှိအပ်၊ နှစ်သက်အပ်၊ မြတ်နိုးအပ်သည့် ရခဲလှသည့် တရားငါးပါးရှိသည်၊ ယင်းတို့မှာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ အခြံအရံများခြင်း၊ နတ်ပြည်မှာ ဖြစ်ရခြင်းတို့ဖြစ်သည်’ ဟုဟောကြားထား၍ အခြံအရံ အပေါင်းအသင်းများခြင်းသည် ဒုလ္လဘတရား တစ်ခုပဲဖြစ်သည်။ ထို့ကြောင့် အပေါင်းအသင်းကြောင့် မပျက်စီးဖို့ လိုအပ်သည်။
“ထင်ရှားကျော်စော အခြံအရံများခြင်း အဖြစ်သို့ မရောက်သေးသောသူသည် အချို့သော မာန်မာနထောင်လွှားခြင်း စသောအပြစ်တို့သည် မဖြစ်ပေါ်တတ်သေးချေ၊ ထင်ရှားကျော်စော အခြံအရံများခြင်းသို့ ရောက်လာသည့်အခါ၌ကား မာန်ဝင့်ခြင်းစတဲ့ အပြစ်များ ဖြစ်ပေါ်တတ်သည်” ဟု ဘုရားရှင်က မိန့်တော်မူထားသည်။ ထို့ကြောင့် အခြံအရံ ပရိသတ်၏ ဒဏ်ကိုခံနိုင်ရန် သတိပြုဆင်ခြင်ရမည်။
အပေါင်းအသင်းကလည်း အမျိုးမျိုးရှိနိုင်သည်။ မိမိအောင်မြင်သည့်အခါတွင် မိမိ၏အလိုသို့လိုက်ကာ မြှောက်ပင့် စားသောက်တတ်သည့် အပေါင်းအသင်းမျိုးလည်း ရှိနိုင်သည်။ ထိုကဲ့သို့သော အပေါင်းအသင်းမျိုးသည် မိမိလမ်းမှားသို့ ရောက်သည့်တိုင် တည့်မတ်ပေးဖို့ လမ်းပြမည့်သူ မဟုတ်ပေ၊ မိမိဒုက္ခ ဆင်းရဲရောက်သည့်အခါတွင် ခွာသွားမည့်သူမျိုး ဖြစ်ပေသည်။ မိမိထံမှာ အခြံအရံတွေ ပေါများတိုင်း ကောင်းသည်ထင်ကာ စိတ်ကြီးဝင်မနေသင့်ပေ၊ အပေါင်းအသင်း အခြံအရံတို့က မှန်ကန်သော မိတ်ကောင်းဆွေကောင်း တို့ဖြစ်ဖို့သာ အရေးကြီးလေသည်။
မိမိထံတွင် မိတ်ကောင်းဆွေကောင်းတို့ ခြံရံနေလျှင် ကောင်းကျိုးများပုံကို မြတ်စွာဘုရားက အရှင်အာနန္ဒာကို မိန့်ကြားသော စကားဖြင့် သိနိုင်သည်။ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား “အရှင်ဘုရား၊ မိတ်ဆွေကောင်းတို့ဖြင့် အပေါင်းအသင်း ရှိရခြင်းသည် ကောင်းကျိုးထက်ဝက်ကို ပြီးစီးနိုင်ပါသည်ဘုရား” ဟုလျှောက်ထားသည့်အခါ မြတ်စွာဘုရားက ”အာနန္ဒာ ထို့သို့မဆိုလင့်၊ မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းရှိခြင်းသည် ကောင်းကျိုးအားလုံးကို ပြီးစေနိုင်သည်၊ အာနန္ဒာ ငါဘုရားတည်းဟူသော မိတ်ကောင်းဆွေကောင်း အပေါင်းအသင်းကောင်းနှင့် ပေါင်းကြရ၍ ပဋိသန္ဓေနေခြင်း သဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေနေရခြင်း သဘောမှ လွတ်မြောက်ကြရသည်၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်ကင်းကြရသည် မဟုတ်လား” ဟုမိန့်တော်မူလေသည်။
ထို့ကြောင့် မိမိ၏အပေါင်းအသင်း အခြံအရံတို့က ကောင်းမွန်သောသူများဖြစ်ဖို့ အရေးကြီးပေသည်။ မျက်မှောက်လောက၌လည်း အပေါင်းအသင်းကောင်းတို့၏ ကူညီပံ့ပိုးမှုတို့ကြောင့် တိုးတက်ကြီးပွား သွားကြသော သူတို့ကိုလည်း မြင်တွေ့နိုင်သည်။
အရေးအကြီးဆုံးကတော့ မကောင်းသောသူတို့ကို အပေါင်းအသင်း မလုပ်မိဖို့ပဲ ဖြစ်သည်။ ကိုယ့်မှာ အပေါင်းအသင်းမရှိခြင်းက ဘာမှမဖြစ်နိုင်သော်လည်း မကောင်းသော အပေါင်းအသင်းတို့ကြောင့် မိမိဘ၀ ပျက်စီးသွားနိုင်သည်ကို သတိပြုရပေမည်။အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်းတို့သည် အချိန်မရွေး မိမိကိုထားသွားနိုင်သည်ကိုလည်း သဘောပေါက်ထားဖို့ လိုသည်။ အများအားဖြင့် ပုထုဇဉ်သဘာ၀ မိမိမှာရာထူး ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ အရှိန်အဝါ ကင်းမဲ့သောအခါ အရာရာချို့တဲ့သောအခါတို့၌ မိမိ၏ အနီးအပါးမှာ ရှိနေသောလူတို့သည် တဖြည်းဖြည်း ကွယ်ပျောက် သွားတတ်ကြသည်။ ထိုအခါတွင် အထီးကျန်ခြင်း ဝေဒနာကို ခံစားပြီး စိတ်ဓာတ်ကျဆင်း သွားတတ်ပေသည်။ ထိုသဘောတရားသည် အယသော လောကဓံ၏ ရိုက်ချက်ကို ခံစားရခြင်းဖြစ်သည်။ ထိုသဘောတရားကို နားလည်ပြီး ကြံ့ကြံ့ခိုင်သော စိတ်ဓာတ်ဖြင့် ကျော်လွှားဖို့ လိုအပ်ပေသည်။ မြတ်စွာဘုရားသည်ပင် ရံဖန်ရံခါ၌ တစ်ယောက်တည်း အယသလောကဓံကို ခံစားရသေးသည်မို့ ကျွန်တော်တို့ ပုထုဇဉ်တို့အဖို့တော့ ဆိုဖွယ်ရာ မရှိတော့ပေ။
အယသ လောကဓံနှင့် ပတ်သက်၍ ဝတ္ထုတစ်ပုဒ် ဖော်ပြလိုသည်။ အခါတစ်ပါး မိသားစုတစ်စု၌ သားခုနစ်ယောက်၊ သမီးခုနစ်ယောက် ထွန်းကားလေသည်။ အားလုံးသော သားသမီးတို့ အရွယ်ရောက်သောအခါ အသီးသီး အိမ်ထောင်ပြုကြလေသည်။ တစ်နေ့တွင် အိမ်ထောင်ဦးစီး ဖခင်သည် ကွယ်လွန်လေ၏။ မိခင်အိုကြီး တစ်ယောက်တည်း ကျန်သောအခါတွင် သားသမီးတို့သည် “အမေ.. ကျွန်တော်တို့ အဖေသည်လည်း မရှိတော့ပြီ အမေတစ်ယောက်တည်း ကျန်ခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို ဘယ်လိုတိုးပွားအောင် ပြုလုပ်နိုင်ပါ့မလဲ၊ ကျွန်တော်တို့ကို ပစ္စည်းဥစ္စာတွေကို အညီအမျှ ခွဲဝေပေးပါ၊ အမေ့အတွက် ဘာမှမပူနှင့် ကျွန်တော်တို့အလှည့်ကျ ပြုစုလုပ်ကျွေးပါ့မယ်” ဆိုပြီး အမွေတောင်းကြလေသည်။
အစပထမတော့ မိခင်ကြီးသည် သားသမီးတို့၏ စကားကို မယုံလှသော်လည်း အဖန်ဖန်အထပ်ထပ် ပြောလာသောအခါ “ငါ့အား သားသမီးတို့သည် ပြုစုလုပ်ကျွေးမှာပဲ” ဟူသောစိတ်ဖြင့် ပစ္စည်းဥစ္စာတို့ကို သားသမီးတို့အား အညီအမျှ ခွဲဝေပေးလိုက်လေသည်။ ထို့နောက်တော့ မိခင်အိုကြီးသည် သားကြီးအိမ်သို့ သွားရောက်နေလေသည်။ နှစ်ရက်သုံးရက် ကြာသောအခါ သားကြီး၏မယားသည် “ပစ္စည်းဥစ္စာ ခွဲဝေတုန်းက ငါ့ယောက်ျားသည် အကြီးဖြစ်သော်လည်း ပိုရခဲ့သည်မဟုတ်၊ မိခင်အိုကြီးကို တင်ကျွေးရတော့ အရင်ဆုံး ဖြစ်သည်” ဟုငြူစူလေသည်။ ထိုစကားကို မိခင်အိုကြီးကြား၍ စိတ်မကောင်းဖြစ်ကာ သားကြီးအိမ်မှာ တစ်လမပြည့်ခင်မှာပဲ သားလတ်အိမ်သို့ ပြောင်းရလေသည်။ သားလတ်၏ အိမ်သို့ရောက်သော်လည်း ရှေ့နည်းအတူ ချွေးမ၏ မကျေမနပ်သံကို ကြားရပြန်သည်။ ရှေ့နည်းအတိုင်း မိခင်အိုကြီးသည် စိတ်မကောင်းခြင်းများစွာဖြင့် သားသမီးတို့၏အိမ်သို့ အစဉ်အတိုင်း ပြောင်းနေရလေသည်။ ပြောင်းနေသမျှ သားသမီးတို့၏ အိမ်တိုင်းမှာ မိခင်အိုကြီးသည် ချွေးမ၊ သမက်တို့၏ ညည်းညူသံများကို ကြားရလေသည်။ နောက်ဆုံး မိခင်အိုကြီးကို ဘယ်သားသမီးတို့ကမှ တာဝန်မယူနိုင်ဘဲ လမ်းဘေး တောင်းရမ်းစားသောက်ရသော အထီးကျန်ဘဝသို့ ရောက်ရလေတော့၏။
သားသမီးကိုယုံလျှင် စုံလုံးကန်းတတ်သည်ဟူသော စကားလည်းရှိ၍ မိမိအနီးအပါးမှ သားအခြံအရံ သမီးအခြံအရံတို့သည်ပင်လျှင် အားမကိုးရဘဲ ပစ်ခွာသွားတတ်သည်ကို သဘောပေါက်ထားဖို့လိုသည်။ မိမိအဆင်မပြေသည့်အခါ သားသမီးတို့သည်လည်း ကိုယ်လွတ် ရုန်းသွားတတ်ပေသည်။ ထို့ကြောင့် မန်လည်ဆရာတော်ကြီးက “ဤလောကတွင်၊ မိဘကိုပင်၊ ဥစ္စာမြင်မှ၊ ခင်မင်မြတ်လေး၊ သားတို့မွေး၏၊ ပဲရွေးမရှိ၊ ဖမိတို့အား၊ သမီးသားလည်း၊ ထံပါးနီးရပ်၊ မကပ်လိုလျှင်း၊ ရှောင်ကြကွင်း၏” ဟုစပ်ဆိုခဲ့ပေသည်။ ထိုကဲ့သို့ လောကဓံတို့ကို ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားဖို့လိုပါသည်။










