အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ကားချင်းကျော်တက်ရာမှ လမ်းနံဘေးတွင် ရပ်နေသော ညီအစ်မနှစ်ဦးအား တိုက်မိပြီး နှစ်ဦးစလုံး သေဆုံး

အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ကားချင်းကျော်တက်ရာမှ လမ်းနံဘေးတွင် ရပ်နေသော ညီအစ်မနှစ်ဦးအား တိုက်မိပြီး နှစ်ဦးစလုံး သေဆုံး
Published 24 December 2016
ဇော်ဝင်းချစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းမဟောင်းပေါ်တွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက လမ်းမတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသည့် ခြောက်ဘီးယာဉ်မှ ရှေ့တွင်ယာဉ်ကြောတူ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်အား ကျော်တက်ရာမှ ရွာလမ်းမနံဘေးတွင် ဆိုင်ကယ်နှင့် ရပ်နေသော ညီအစ်မ နှစ်ဦးအား ဝင်တိုက်မိပြီး မိန်းကလေးနှစ်ဦးစလုံး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သေတာတော့ နှစ်ယောက်သေတယ်။ ကလေးမလေး နှစ်ယောက်လေ လမ်းဘေးရပ်ရင်း တိုက်ခံရတာပေါ့။ ယာဉ်တိုက်မှုဖြစ်တာကတော့ သူတို့လားရာတူပေါ့၊ ရန်ကုန်ဘက်ကနေပြီးတော့ မန္တလေးဘက်ကို တက်ကြတယ်။ အဲလိုတက်ကြတဲ့ အချိန်မှာ ကားကြီးတွေကို ကျော်တက်လာတဲ့ ကားတစ်စီးပေါ့။ အဲဒီကားက ကျော်တက်လာပြီးတော့ အရှိန်မထိန်းနိုင်ဘဲနဲ့ မျက်နှာချင်းဆိုင်က လမ်းဘေးမှာ ရပ်နေတဲ့ ကလေးမလေးတွေကို တိုက်လိုက်တယ်။ တိုက်ပြီးတော့ သူ့ရဲ့မူရင်းနေရာကို ပြန်ဆွဲကွေ့လိုက်တဲ့ အခါမှာ နောက်ကလိုက်လာတဲ့ ကားနဲ့တစ်ခါ မျက်နှာချင်းဆိုင်က ခေါင်းချင်းပြန် တိုက်မိတယ်။ ယာဉ်မောင်းလည်း မိပါတယ်” ဟု အုတ်တွင်းမြို့မ ရဲစခန်းမှ ဒုရဲမှူး ဇော်လွင်က ပြောကြားသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲခန့်က အုတ်တွင်းမြို့နယ် သဲကြီးကုန်း ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းမဟောင်း၊ မိုင်တိုင်အမှတ် ၁၆၄ မိုင် တစ်ဖာလုံနှင့် နှစ်ဖာလုံ အကြားတွင် လမ်းမအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်းဖိုးခွားလေး (ခ) ဂျေမောင်မောင် ၂၅ နှစ် (ဘ) ဦးတင်ရွှေ၊ ညောင်ပင်သာရွာ၊ မိုးကောင်းကျေးရွာအုပ်စု၊ တောင်ငူမြို့နေသူ မောင်းနှင်သည့် ယာဉ်အမှတ် 3M/---- SINOTRUK အမျိုးအစား အဖြူရောင် ခြောက်ဘီးယာဉ်သည် လားရာတူရှေ့တွင် မောင်းနေသည့် ယာဉ်မောင်း ကိုတင်မောင်ဦး ၄၁ နှစ် (ဘ) ဦးဘိုဉာဏ် ၂၉၉ ရပ်ကွက်၊ ၈၉ လမ်း၊ မန္တလေးမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် MDY 9L/----CNHTC အမျိုးအစား အဖြူရောင် ၁၂ ဘီးယာဉ်အား ကျော်တက်စဉ် တဲကြီးကုန်းကျေးရွာ လမ်းမနံဘေးတွင် ရပ်တန့်နေကြသော ၄၃ ယ/ ---- SUPER CHINA အမျိုးအစား ဆိုင်ကယ်နှင့်အတူ မပိုးအိအောင် ၂၀ နှစ် (ဘ) ဦးစန်းဝင်းနှင့် ညီမဖြစ်သူ မချောကလျာအောင် ၁၃ နှစ် (ဘ) ဦးစန်းဝင်း၊ တဲကြီးကုန်းကျေးရွာ၊ အုတ်တွင်းမြို့နယ်နေသူတို့အား ကနဦး ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်မိပြီးနောက် ခြောက်ဘီးယာဉ်မှ လမ်း၏ညာဘက်ခြမ်းသို့ ပြန်လည်ဆွဲကွေ့ရာ ကျော်တက်စဉ်က အတူပါလာသော ၁၂ ဘီးယာဉ်၏ ခေါင်းပိုင်းနှင့် တိုက်မိခဲ့ခြင်းဟု ဆိုသည်။
ယာဉ်အား မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း ဖိုးခွားလေး (ခ) ဂျေမောင်မောင်အား အရေးယူပေးရန် ဒုရဲအုပ် သန်းဇော်ဦးမှ တရားလိုလုပ် အမှုဖွင့် တိုင်ကြားခဲ့ရာ အုတ်တွင်းမြို့မ ရဲစခန်းမှ ယာဉ်(ပ)၃၈/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၉/၃၀၄-က အရ အမှုဖွင့် အရေးယူထားသည်။