အသက် ၆၇ နှစ်အရွယ်ရှိ ဂရိနိုင်ငံမှ အဘွားတစ်ဦးသည် သူ၏သမီးအတွက် အငှားကိုယ်ဝန်ဆောင် ပေးခဲ့ပြီးနောက် သမီးမိန်းကလေး တစ်ဦးကို မွေးဖွားပေးခဲ့ရာ ကမ္ဘာ့အသက်အကြီးဆုံး အငှားကိုယ်ဝန်ဆောင်သူ ဖြစ်လာကြောင်း ဆေးကုသမှုအဖွဲ့တစ်ဖွဲ့က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
“သူရဲကောင်းဆန်တဲ့ အဘွားပါ” ဟု မွေးဖွားမှုကို ကြီးကြပ်ပေးသော သားဖွားအထူးကု ဆရာဝန် ကွန်စတန်တီနိုပန်တိုက အစိုးရပိုင်ရုပ်သံ ERT သို့ ပြောကြားခဲ့သည်။
မိန်းကလေးတစ်ဦးကို ဒီဇင်ဘာ ၂၀ ရက်က ကိုယ်ဝန် ခုနစ်လခွဲ၌ ဗိုက်ခွဲကာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကလေးသည် မွေးဖွားစဉ် ကိုယ်အလေးချိန် ၁ ဒသမ ၂ ကီလိုဂရမ် (၂ ဒသမ ၆ ပေါင်) ရှိကြောင်း သိရသည်။
“ကျွန်မက အမေတစ်ယောက်ထက်စာရင် အဘွားတစ်ယောက်လိုပဲ ခံစားရပါတယ်” ဟု ဂရိနိုင်ငံအလယ်ပိုင်း လာရစ်ဆာမြို့အနီးရှိ ရွာတစ်ရွာမှ အန်နာစတေဆီယာအွန်တူက ပြောကြားခဲ့သည်။ သူ့အနေဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ပြဿနာများ ရင်ဆိုင်ခဲ့ရ မှုမရှိကြောင်းလည်း ပြောကြားခဲ့သည်။
“ကျွန်မအတွက် ဒီလိုဆုံးဖြတ်ရတာ သိပ်လွယ်ပါတယ်။ ကျွန်မသမီးက သူကိုယ်တိုင် ကိုယ်ဝန်မဆောင်နိုင်တော့တဲ့နောက် အသည်းကွဲနေတာပါ” ဟု သူက ပုဂ္ဂလိက ရုပ်သံဌာနဖြစ်သော Star သို့ ပြောကြားခဲ့သည်။
ပန်တိုက နိုင်ငံတကာ စံချိန်မှတ်တမ်းများကို အခြေခံလျက် ယခုမွေးဖွားခဲ့သူသည် အသက်အကြီးဆုံး အငှားကိုယ်ဝန်ဆောင် သူအပြင် သမီးဖြစ်သူ၏ ကျန်းမာရေး အခြေအနေကြောင့် မွေးဖွားပေးခဲ့ရသည့် ကလေး၏ အဘွားတော်သူလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂင်းနက်စ်ကမ္ဘာ့ စံချိန်မှတ်တမ်း စာအုပ်အရ အသက်အကြီးဆုံးမိခင်မှာ စပိန်နိုင်ငံမှ မာရီယာဒယ်ကာမင်း ဘူဆန်ဒါလာရာဖြစ်ပြီး ၂၀၀၆ ခုနှစ်က ဘာစီလိုနာမြို့တွင် အမြွှာယောကျ်ားလေးနှစ်ဦးကို မွေးဖွားပေးခဲ့စဉ်က အသက် ၆၆ နှစ်နှင့် ၃၅၈ ရက်ရှိကြောင်း သိရသည်။ လာရာသည် ၂၀၀၉ ခုနှစ်က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
အွန်တူ၏ သမီးကွန်စတန်တီနာ (၄၃ နှစ်)က သူ၏ မိခင်ဖြစ်သူက အငှားကိုယ်ဝန်ဆောင် ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းသည့် အခါသူ၏ မိခင်ဖြစ်သူ ရူးနေပြီဟုပင် ထင်ခဲ့မိကြောင်း ပြောကြားခဲ့သည်။
“ကျွန်မက သူ့ကို ရူးနေပြီလို့ ပြောခဲ့မိပါတယ်” ဟု ကိုယ်ဝန်ရယူရန် ကြိုးပမ်းမှု ခုနစ်ကြိမ်တိုင်တိုင် အောင်မြင်ခဲ့ခြင်းမရှိသော ကွန်စတန်တီနာက ပြောကြားခဲ့သည်။
အေသင်မြို့ မျိုးပွားမှုဆိုင်ရာဆေးရုံ တစ်ရုံကို ဦးဆောင်နေသည့် ပန်တိုကယခု ကိုယ်ဝန်ဆောင်မှုကို ကြိုတင်စာရင်းသွင်း ထားကြောင်း၊ သို့သော် လာရစ်ဆာတရားရုံးက အတည်ပြုပြီးနောက်မှသာ လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ Ref; AFP









