ဘာလင်တိုက်ခိုက်သူနှင့် ကြံရာပါ ဖြစ်နိုင်ခြေရှိသူများအား ဂျာမနီက လိုက်လံရှာဖွေနေ

ဘာလင်တိုက်ခိုက်သူနှင့် ကြံရာပါ ဖြစ်နိုင်ခြေရှိသူများအား ဂျာမနီက လိုက်လံရှာဖွေနေ
Published 24 December 2016
Ref ; AFP

ဘာလင်တွင် ကုန်တင်ကားဖြင့် တိုက်ခိုက်သူဟု သံသယရှိခံရသူတစ်ဦးသည် အီတလီနိုင်ငံ မီလန်မြို့တွင် အီတလီရဲများနှင့် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပြီး နောက်တစ်ရက်အကြာ ဒီဇင်ဘာ ၂၄ ရက်တွင် ယင်းတိုက်ခိုက်သူနှင့် ကြံရာပါ ဖြစ်နိုင်ခြေရှိသူများအား ဂျာမနီက လိုက်လံရှာဖွေနေကြောင်း သိရသည်။ ဂျာမနီတွင် ခရစ္စမတ်အကြို  ဆင်နွှဲရန် ပြင်ဆင်နေကြစဉ် ရာနှင့်ချီသည့် စုံစမ်းစစ်ဆေးသူများသည် အားလပ်ရက်ကာလ တစ်လျှောက်လုံး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ဖိအားများ ကြုံနေရသော တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အသက် ၂၄ နှစ်ရှိ တူနီးရှား အမျိုးသား အာနစ်အမ်မရီသည် ကုန်တင်ကားအား အပိုင်စီးခဲ့သည်ဟု ယုံကြည်ရပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ဘာလင်ခရစ္စမတ်ဈေးတစ်ခု၌ သွားလာနေသူများအား ဝင်တိုက်ခဲ့ရာ လူ ၁၂ ဦး သေဆုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် တာဝန်ရှိကြောင်း IS အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ခိုလှုံခွင့်တောင်းခံမှု ပယ်ချခံထားရသော ယင်းသံသယရှိသူအား ယင်းတိုက်ခိုက်မှု အပြီးတွင် ရှာဖွေခဲ့ပြီး လေးရက်အကြာ၌ အီတလီရဲများနှင့် ထိပ်တိုက်တွေ့ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က အီတလီအား ကျေးဇူးတင်ကြောင်း ဒီဇင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့ပြီး ထွက်ပြေးနေသူသည် ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်တော့သဖြင့် စိတ်သက်သာရာရခဲ့ကြောင်း၊ သို့သော် အကြမ်းဖက်မှု အန္တရာယ်သည် ပုံမှန်အားဖြင့် တည်ရှိနေဆဲဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။ ဂျီဟတ်များဟု သိထားသူများသည် စောင့်ကြည့်မှုများအောက်မှ မည်သို့ လွတ်မြောက်ခဲ့ကြောင်းကို ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်သွားမည်ဟု မာကယ်က ကတိပြုခဲ့သည်။
ဥရောပ၏ အလိုရှိဆုံးစာရင်းဝင် အကြမ်းဖက်သမားသည် ဂျာမနီမှ မည်သို့ထွက်ပြေး လွတ်မြောက်ခဲ့သနည်းဟု လေးစားခံရသော နေ့စဉ်သတင်းစာ Die Welt ၏ဝက်ဘ်ဆိုက်က မေးခွန်းထုတ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုအား ဂျာမနီက စုံစမ်းစစ်ဆေးမှုကို ဝေဖန်မှု မြင့်တက်စေခဲ့သည်။ မီလန်ရှိ Sesto San Giov-anni ဘူတာရုံအနီး ဒီဇင်ဘာ ၂၃ ရက် အစောပိုင်းတွင် ပုံမှန်စစ်ဆေးနေသည့် နေရာ၌ အမ်မရီအား တာဝန်ရှိသူနှစ်ဦးက ဟန့်တားစဉ် ၎င်းက ပစ္စတိုတစ်လက် ဆွဲထုတ်ခဲ့ပြီးနောက် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ အမ်မရီသည် ပစ်ခတ်မှုမပြုလုပ်မီ ရဲများအား အီတလီဘာသာဖြင့် အော်ဟစ်ဆဲဆိုခဲ့သေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အမ်မရီသည် ဂျာမနီမှတစ်ဆင့် ပြင်သစ်၊ ယင်းမှတစ်ဆင့် အီတလီသို့ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းတွင် ယူရိုရာဂဏန်းပါ လာခဲ့သော်လည်း ဖုန်းမပါလာခဲ့ကြောင်း မီလန်ရဲချုပ် အန်တိုနီယိုဒီလီဆူက ပြောကြားခဲ့သည်။ IS ခေါင်းဆောင် အဘူဘကာအယ် ဘဂ္ဂဒါဒီအား သစ္စာခံကြောင်း အမ်မရီက ကြေညာနေမှုကို ရိုက်ကူးထားသည့် ဗီဒီယိုအား IS အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။      

Most Read

Most Recent