သီရိလင်္ကာတွင် ကမ္ဘာ့စံချိန်တင်မည့် ခရစ္စမတ် သစ်ပင်တည်ဆောက်မှု ရည်မှန်းချက်ကို လျှော့ချ

သီရိလင်္ကာတွင် ကမ္ဘာ့စံချိန်တင်မည့် ခရစ္စမတ် သစ်ပင်တည်ဆောက်မှု ရည်မှန်းချက်ကို လျှော့ချ
Published 24 December 2016

သီရိလင်္ကာနိုင်ငံတွင် တည်ဆောက်မှုများ ကြန့်ကြာနေသောကြောင့် စည်းရုံးလုပ်ရှားသူများ အနေဖြင့် ခရစ္စမတ်သစ်ပင် တည်ဆောက်မှုကို မူလက ရည်မှန်းထားသည်ထက် ထက်ဝက်နီးပါး လျှော့ချလိုက်ရသော်လည်း ဒီဇင်ဘာ ၂၄ ရက်တွင် ကမ္ဘာ့အမြင့်ဆုံး ခရစ္စမတ်သစ်ပင်အဖြစ် စံချိန်ချိုးနိုင်ခဲ့ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘိုတွင် ဂန္ထဝင်ခရစ်ကက်သမား အာယုနာရာနာတွန်ဂါက စတင်လှုံ့ဆော်ခဲ့သည့် ကမ္ဘာ့စံချိန်ချိုးမည့် ခရစ္စမတ်သစ်ပင် တည်ဆောက်ရေးကို စီစဉ်ထားခဲ့သော်လည်း ကုန်ကျမည့်ငွေကြေးများကို ရန်ပုံငွေလုပ်ငန်းများ၌သာ ပိုမိုကောင်းမွန်စွာ သုံးစွဲသင့်သည်ဟု ကစ်သလစ် ခရစ်ယာန်အသင်းတော်က ကန့်ကွက်ခဲ့သည်။
“အစောပိုင်းကန့်ကွက်မှုတွေက ကျွန်တော်တို့ရဲ့ တည်ဆောက်မှုလုပ်ငန်းကို ၁၀ ရက်လောက် ကြန့်ကြာသွားစေခဲ့ပါတယ်” ဟု ယခုအစီအစဉ်ကို ကြီးမှူးဆောင်ရွက်သူ တစ်ဦးဖြစ်သော မန်ဂါလာဂူနာဆီကီရာက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ၁၀၀ မီတာ (၃၂၈ ပေ) အမြင့် တည်ဆောက်ဖို့ပါ။ ဒါပေမဲ့ တည်ဆောက်မှု ကြန့်ကြာနေတာကြောင့် အမြင့်ကို လျှော့ချလိုက်ရပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၄ ရက် နံနက်ခင်းအထိ ခရစ္စမတ်သစ်ပင်သည် ၅၇ မီတာ (၁၈၇ ပေ) အမြင့်သို့ ရောက်ရှိခဲ့ပြီး လက်ရှိစံချိန်တင်ထားသည့် အမြင့်ဆုံး လူလုပ် ခရစ္စမတ်သစ်ပင်ထက် နှစ်မီတာပို၍မြင့်သွားကြောင်း သိရသည်။ လက်ရှိစံချိန်ကို လွန်ခဲ့သည့်နှစ်က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးပြည်နယ်တွင် တင်ခဲ့ခြင်းဖြစ်သည်။
သီရိလင်္ကာက ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့၏ အတည်ပြုချက်ရရန် တင်သွင်းထားကြောင်း သိရသည်။
ဂူနာဆီကီရာက ခရစ္စမတ်သစ်ပင်ကို အလှဆင်ရန် ရောင်စုံမီးသီးပေါင်း ၆၀၀,၀၀၀ အသုံးပြုထားပြီး ခြောက်မီတာ (ပေ ၂၀) အမြင့်ရှိ ဆန်တာရုပ်တုနှင့် ၁၂ မီတာ (ပေ ၄၀) ရှိသော စွတ်ဖားပုံရုပ်တုပါဝင်ကြောင်း ပြောကြားခဲ့သည်။
“ခရစ္စမတ်အကြိုညမှာ မီးတွေအားလုံးကို ကျွန်တော်တို့ ထွန်းထားပါမယ်” ဟု လည်း ၎င်းက ပြောကြားခဲ့သည်။
၁၉၉၆ ခုနှစ်ပြိုင်ပွဲ၌ ကမ္ဘာ့ဖလားရရှိခဲ့သည့် သီရိလင်္ကာ ခရစ်ကက်အသင်းခေါင်းဆောင် ရာနာတွန်ဂါသည် ဘာသာရေးဆိုင် ရာညီညွတ်မှု သင်္ကေတတစ်ရပ်အဖြစ် လူလုပ် ခရစ္စမတ်သစ်ပင် တည်ဆောက်ရေး ရန်ပုံငွေစုဆောင်းရာ၌ ရှေ့ဆုံးမှပါဝင်ခဲ့သည်။
ယင်းစီမံကိန်းနှင့် ပတ်သက်၍ အကူအညီပေးရန် သီရိလင်္ကာဝန်ကြီးချုပ် ရာနယ်ဝိက ရီမီဆင်းဟီက ကိုလံဘိုမဲကွန်ရန်ဂျစ်ကျောင်းမှ ခရစ်ယာန်ဘုန်းကြီးများကို ပြောကြားခဲ့သောကြောင့်လည်း တည်ဆောက်ရန် အခြေအနေ ကောင်းခဲ့ခြင်းဖြစ်သည်။
ခရစ်ယာန်ဘုန်းကြီးများက အစောပိုင်းတွင် ယင်းစီမံကိန်းသည် ငွေဖြုန်းခြင်းသာဖြစ်သည်ဟုဆိုကာ ကုန်ကျမည့်ခန့်မှန်းစရိတ် ဒေါ်လာ ၂၀၀,၀၀၀ ကို ဆင်းရဲမွဲတေမှု လျှော့ချရေး၌ ထည့်ဝင်ခြင်းသာ ပိုကောင်းသည်ဟု ပြောကြားခဲ့သေးသည်။ Ref ; AFP        

Most Read

Most Recent