ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအများအပြား၌ တစ်ပြိုင်နက် ရုံတင်ပြသ

ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအများအပြား၌ တစ်ပြိုင်နက် ရုံတင်ပြသ
Published 24 December 2016
စုမှူးနိုင်

လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ရိုက်ကူးသည့် မြန်မာရုပ်ရှင်ကားသစ် ‘ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ’ ဇာတ်ကားကို ဒီဇင်ဘာ ၂၃ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ ရှေ့ဆောင်၊ မြဟံသာ၊ မြရတနာ၊ ရွှေဗဟို၊ ကန်သာယာ၊ မင်္ဂလာစံပြ၊ Junction Square & Mawtin JCGV၊ Minglar Cineplex (ဂမုန်းပွင့်)၊ မန္တလေးမြို့ရှိ မင်္ဂလာနေပြည်တော်၊ Mingalar Diamond Cineplex၊ JCGV၊ နေပြည်တော်ရှိ ဇေယျသီရိ၊ အောင်သပြေ၊ ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ၊ တောင်ကြီးရှိ မြသုခ၊ လားရှိုးမြို့ရှိ သီတာအေး၊ သိန်းထိုက်၊ အောင်သီရိ၊ ပြင်ဦးလွင်မြို့ရှိ Movie Planet၊ ချယ်ရီလွင်၊ မော်လမြိုင်ရှိ JCGV၊ ပခုက္ကူရှိ သီဟ၊ ပုသိမ်ရှိ ရွှေပြည်တော်၊ ဘားအံရှိ တက်နေဝန်း၊ မြဝတီမြို့ရှိ သွန်းရွှေစင်၊ ရေနံချောင်းမြို့ရှိ ရတနာနှင့် ဗန်းမော်မြို့ရှိ စတား၊ တောင်ငူမြို့ရှိ New 3D Cinema၊ ပဲခူးမြို့ရှိ Icon အစရှိသည့် ရုပ်ရှင်ရုံများတွင် တစ်ပြိုင်နက် ရုံတင်ပြသထားသည်ဟု သိရသည်။
“ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ” ရုပ်ရှင်ဇာတ်ကားသည် ၁၉၄၀ ပြည့်နှစ်ဝန်းကျင် ကိုလိုနီခေတ်ကာလကို အခြေခံထားသည့် ဇာတ်လမ်းဖြစ်သည်။ ယင်းအချိန် ကာလအတွင်း တရားရုံး၌ မကျီးသီးကို သတ်မှုဖြင့် ဆိတ်ဖွားကို တရားစွဲဆိုထားသော်လည်း မကျီးသီးမှာ မသေသဖြင့် ဆိတ်ဖွားအမှုမှ ကွင်းလုံးကျွတ်လွတ်ခဲ့ပြီး တောင်သူသင်္ချိုင်းတွင် တပည့်မောင်ပြူးနှင့်အတူ သုဘရာဇာ အလုပ်ကို ဆက်လုပ်နေခဲ့သည်။ တစ်ရက်တွင် ဝမ်းရောဂါ ဖြစ်ပွားနေပြီး ဝမ်းရောဂါနှင့် သေဆုံးခဲ့သည့် အလောင်းများစွာကို ဆိတ်ဖွားနှင့် မောင်ပြူးတို့ မြှုပ်နှံပေးနေခဲ့ရချိန်တွင် မောင်သံဟိတ်ဆိုသူ၏ အလောင်းတစ်လောင်းအား ဇနီးဖြစ်သူ ခင်ခင်စိန်နှင့် သားဖြစ်သူ မောင်သာနိုး အပါအဝင် လူတစ်ဦးက ငွေပေးကာ မြှုပ်နှံပေးရန် လာအပ်ခဲ့သည်။
ညအချိန်တွင် မောင်သံဟိတ်မှာ သေဆုံးခြင်း မဟုတ်သဖြင့် မြောနေရာမှ သတိရလာခဲ့ပြီး ကြောက်လန့်ကာ ထွက်ပြေးစဉ် ကျင်းတစ်ခုအတွင်းသို့ ကျသွားခဲ့ပြီး ရတနာသေတ္တာလေး တစ်ခုကို ရရှိခဲ့သည်။ ထိုရတနာသေတ္တာကို မောင်သံဟိတ်က ဂူပေါက်တစ်ခု အတွင်း၌ ဝှက်ထားလိုက်ပြီး ဝမ်းရောဂါ ဖြစ်ပွားထားသည့် အရှိန်ကြောင့် ပြန်လည်မေ့မြောသွားခဲ့သည်။ မောင်သံဟိတ် သတိပြန်ရလာချိန်တွင် ဆိတ်ဖွားနှင့် တပည့်ဖြစ်သူ မောင်ပြူးတို့က အကျိုးအကြောင်း မေးမြန်းတော့သည်။
မောင်သံဟိတ်သည် ပဲခူးမြို့ရှိ ဆန်စက်၊ ဆီစက်များစွာ ပိုင်ဆိုင်ထားသည့် သူဌေးကြီး ဦးစိန်ချိုနှင့် ဒေါ်လှယဉ်တို့၏ တစ်ဦးတည်းသားဖြစ်ပြီး မိဘများ ဆုံးပါးသွားချိန်တွင် ဆန်စက်၊ ဆီစက်များနှင့်အတူ “ရောင်ခြည်” ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်ရင်း ဇနီးဖြစ်သူ ခင်ခင်စိန်၊ သားမောင်သာနိုး၊ အိမ်စေ မောင်ဝိုင်း၊ အထိန်းတော်ကြီး ဒေါ်စိန်တို့နှင့်အတူ စိန်ဘောဂအိမ်ကြီးတွင် ပျော်ရွှင်စွာ နေခဲ့ကြသည်။ သို့သော် မောင်သံဟိတ်က ငယ်သူချင်းဖြစ်သည့် ဘဝပျက်နေသူ သူဌေးသားသန်းအေးကို မန်နေဂျာအဖြစ် အလုပ်ပေးကာ စိန်ဘောဂအိမ်ကြီးသို့ ခေါ်လာချိန်တွင်မူ မောင်သံဟိတ်တို့ မိသားစုအတွင်း၌ ထင်မှတ်မထားသည်များ ဖြစ်ပေါ်လာသည်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။
မင်းသိင်္ခ၏ ဝတ္ထုကို လှဝင်း (အေဝမ်း) က ဇာတ်ညွှန်းရေးဖွဲ့ထားပြီး ဒါရိုက်တာခင်စောမျိုး (အဖေ့ပညာ) က ကျော်သူ၊ လူမင်း၊ အေးမြတ်သူ၊ ဗေလုဝ၊ ထွန်းလွင်အောင်၊ ဘေဘီမောင်၊ ရဲမွန်၊ အောင်တိုးတို့ အပါအဝင် အနုပညာရှင်များစွာ ပါဝင်ထားသည်။ 

Most Read

Most Recent