ဒီအချိန်ရောက်လျှင် နှစ်စဉ်နှစ်တိုင်း ကျွန်တော် အိမ်ခဏ ပြန်လေ့ရှိသည်။ ကျွန်တော့်အတွက် “အိမ်” ဆိုသည်မှာ ကျွန်တော့်၏ အမိမြန်မာပြည်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အမိမြန်မာပြည်မှ ထွက်ခွာခဲ့သည်မှာ ၁၈ နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံသား အဖြစ်ကို ကျွန်တော် မစွန့်လွှတ်ခဲ့။ ထို့ကြောင့် ကျွန်တော် ယခုလက်ရှိ နေထိုင်လုပ်ကိုင်နေသော နေရာသည် ကျွန်တော်၏ အိမ်ဟု ခေါ်ဆိုနိုင်မည်မထင်။ ထို့ကြောင့်ပင်လျှင် ခဏပင်ဖြစ်စေ ကျွန်တော့်အိမ်ကို ပြန်ကိုပြန်ရဦးမည် ဖြစ်ပါသည်။
ဒီပတ်စပို့ အနီကလေးကိုကိုင်ပြီး ကမ္ဘာပတ်ရသည်မှာ မလွယ်ကူမှန်း ကြုံဖူးသူတိုင်း သိမည်ထင်ပါသည်။ အချို့လည်း ဒီဒဏ်ကို မခံနိုင်၍ အခြားနိုင်ငံသားအဖြစ် ပြောင်းကြသည်။ ရှိစေ...။ ကျွန်တော်ကတော့ ဒါတွေကို ခါးသီးသည်ဟု မသတ်မှတ်ချင်။ လူတကာ ကြုံခွင့်မရနိုင်သော ဘဝ၏ အနိမ့်အမြင့် အဆိုးအကောင်း အကျိုးအကြောင်းတွေကို သင်ယူတွေ့ကြုံခွင့်ရခြင်း တစ်မျိုးဟုသာ သဘောထားမိသည်။ အမှန်တော့ ကျွန်တော်တို့ဘဝတွင် ကြုံတွေ့ကြရသော အခက်အခဲ အတားအဆီးများသည် ကျွန်တော်တို့ဘဝကို ပိုပြီးထက်မြက် လင်းလက်လာအောင် လုပ်ပေးသည့် ဓားသွေးကျောက်များဖြစ်သည်ဟု ဆိုချင်သည်။
နှစ်စဉ်တိုင်းလိုလို ယခုလို နှစ်ကုန်ခါနီး ဒီဇင်ဘာရောက်လ့ို ခရစ္စမတ်၊ New Year ရုံးပိတ်ရက်တွေနှင့်ပေါင်းပြီး ခွင့်ယူကာ ကိုယ့်နိုင်ငံ ခဏပြန်ရသည့် အတွေ့အကြုံသည် ကျွန်တော့်အတွက်သာမဟုတ်၊ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတိုင်းအတွက် ရင်ခုန်စရာကောင်းသော၊ ပျော်စရာကောင်းသော အခါသမယ တစ်ခုဟုဆိုလျှင် မှားမည်မထင်။ တစ်နှစ်ပတ်လုံး ကိုယ့်နိုင်ငံ မဟုတ်သည့်နေရာတွင် အခက်အခဲမျိုးစုံကို ကျော်ဖြတ်ရင်း ဒီအချိန်ကို စိတ်ကူးနှင့်မှန်းကာ အားတင်းခဲ့ရတာလည်း ဖြစ်သည်။
ဒီအချိန်ရောက်လျှင် မြန်မာပြည်တွင်ရှိသော ကိုယ့်မိဘ မောင်ဖွားတွေအတွက် လက်ဆောင်တွေဝယ်လို့ မပြီးနိုင်။ ဘယ်လောက်ဝယ်ဝယ် ဟိုရောက်လို့ပေးရ ဝေရလျှင်လည်း ဘယ်တော့မှလောက်တယ်ဆိုတာမရှိ။ ကိုယ်တွေကလည်း မြန်မာပြည်ရှိ ကိုယ့်မိဘတွေ စားဖို့သုံးဖို့ ကောင်းနိုးရာရာလေးတွေ (တစ်ခါတလေ ကိုယ်တောင်ဈေးကြီးလို့ မစားဖူး မသုံးဖူးသေးတာတွေ) ဝယ်ဖြစ်သလို သူတို့ကလည်း သူတို့ဘာသာဆိုလျှင် တစ်နှစ်နေမှတစ်ခါ စားဖြစ်ချင်မှ စားဖြစ်မည်ဖြစ်သော်လည်း ခဏပြန်လာသည့် ကိုယ့်သားကိုယ့်သမီးတွေ ကြိုက်တတ်သည့် ပုစွန်ထုပ်ဟင်း စသော အစားအသောက်ကောင်းတွေကို ချက်ကျွေးကြသည်။ ဆင်းရဲတာတွေ၊ ချမ်းသာတာတွေ၊ လခနည်းတာတွေ၊ လခများတာတွေ ဒီအချိန်မှာ ခဏထား၊ မိဘနှင့် သားသမီးကြားက မေတ္တာကတော့ ဆင်းရဲချမ်းသာရွေးမည်မထင်။ ဆွေမျိုးတွေ အကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ။ လမ်းထဲက ဟိုလူတွေ ဒီလူတွေကော ရှိသေးလား၊ ဘာတွေလုပ်နေကြသလဲ စသဖြင့် စကားဖောင်ဖွဲ့ရင်း ပြောမကုန်။
ဒီအချိန်ရောက်လျှင် နောက်တစ်ခုကတော့ ကိုယ့်နိုင်ငံရှိ သူငယ်ချင်းဟောင်းတွေနဲ့ တွေ့ခွင့်ရကြခြင်းပဲ ဖြစ်သည်။ ဒီအချိန်မှာ တက္ကသိုလ် အများစု ဆရာကန်တော့ပွဲတွေ လုပ်လေ့ရှိသလို မိတ်ဆုံစားပွဲတွေကိုလည်း လုပ်လေ့ရှိကြသည်။ တက္ကသိုလ်တုန်းက သူငယ်ချင်းများ သာမက အတန်းကျောင်းတုန်းက သူငယ်ချင်းတွေနှင့်လည်း ပြန်တွေ့ခွင့်၊ ဆုံခွင့်ရကြသည်။ အထူးသဖြင့် အတန်းကျောင်းတုန်းက သူငယ်ချင်းအချို့ဆို ကောင်းကောင်း မမှတ်မိချင်တော့။ ၄၀ ကျော် ၅၀ ကြား ရုပ်သွင်ကနေ ငယ်ရုပ်ကို မနည်းပြန်ဖမ်းရသည်။ သူတို့လည်း ကိုယ့်ကို ဒီလိုပဲနေမည်ပင်။ အရင်ကလို အပြစ်ကင်းသည့် မုန့်ဝေစားခဲ့ကြသည့် ကလေးများဘ၀ မဟုတ်တော့။ Personality ဆိုသည့် စကားလုံး၏ မူလရင်းမြစ် စကားလုံးဖြစ်သည့် Persona (Latin word for “mask”) ဟုခေါ်သည့် မျက်နှာဖုံးများ ကိုယ်စီနှင့် ဖြစ်နေကြပြီ ဖြစ်သည်။
ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီးတွေ၊ အရာရှိကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ သူဌေးကြီးတွေ၊ လက်လုပ်လက်စားတွေ၊ အလုပ်လက်ရှိတွေ၊ အလုပ်လက်မဲ့တွေ၊ အိမ်ထောင်သည်တွေ၊ အိမ်ထောင်ကွဲတွေ၊ လူပျိုကြီး အပျိုကြီးတွေ စသည့် မျက်နှာဖုံးပေါင်းများစွာ ကိုယ်စီနှင့်။
ဒီမျက်နှာဖုံးတွေရဲ့နောက်မှာ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြရသည့် ဘဝတစ်ခုစီနှင့် အသားကျနေသည့် မျက်နှာထားတွေနှင့် မတူကွဲပြားသော တန်ဖိုးထားမှုဆိုတာတွေ၊ ယုံကြည်မှုဆိုတာတွေ၊ ဓလေ့ထုံးစံတွေ ဆိုတာတွေကလည်း ကိုယ်စီရှိကြလိမ့်မည်။ ငယ်သူငယ်ချင်းတွေ ဆုံတွေ့ကြသည့်အခါ ထိုမျက်နှာဖုံးတွေကို ခွာချထားဖို့တော့ လိုလိမ့်မည် ထင်သည်။
အချို့က ဌာနဆိုင်ရာတွင် အကြီးအကဲ လုပ်လာသောသူ ဖြစ်သဖြင့် သူ့လေသံတွေက အထက်စီးဆန်နေချင် ဆန်နေတတ်မည်။ ကျောင်းဆရာလုပ်သူက ကျောင်းဆရာလေသံ ဖြစ်နေနိုင်သည်။ စီးပွားရေးသမား၏ ငွေစကားတွေကို နိုင်ငံရေးသမားက နားခါးချင် ခါးမိလိမ့်မည်။ စစ်ဗိုလ်စစ်သားလုပ်သူ၏ အမြင်က တစ်မျိုးဖြစ်ချင်ဖြစ်လိမ့်မည်။ ထို Persona မျက်နှာဖုံးတွေအောက်က လူသားတစ်ဦး၏ တန်ဖိုးအစစ်ဖြစ်သော Unconditional Self ဟုခေါ်သည့် ပကတိ အနေအထားတစ်ခုကို မြင်အောင်ကြည့်တတ်ဖို့တော့ လိုပါလိမ့်မည်။
Unconditional Self ကိုမြင်အောင် ကြည့်ခိုင်းခြင်းမှာ ကျွန်တော်တို့ ကိုယ်စီကိုယ်စီ အားလုံးအနည်းနှင့်အများ ဖြတ်သန်းလာခဲ့ကြရသော ဘဝပေး အခြေအနေများအရ Conditioned အလုပ်ခံထားကြရသောကြောင့် ဖြစ်သည်။ ငါက ပညာတတ်၊ ငါက သူဌေး၊ ငါကအရာရှိ စသည့် မျက်နှာဖုံးတွေကို အစစ်အမှန် ထင်နေတတ်ကြသည်။ အမှန်တော့ Persona ကို ငါဟုထင်မှတ်နေကြခြင်း ဖြစ်သည်။ “ငါကပညာပိုတတ်သောကြောင့် ငါပြောတာက မှန်သည်။” “ငါက မင်းလောက် မချမ်းသာပေမယ့် ကျန်းမာရေး ပိုကောင်းတယ်ကွ၊ ကျန်းမာရေးက ပိုအရေးကြီးသည်” စသဖြင့် ကိုယ့်အတ္တကို ကာကွယ်ဖို့ ကြိုးစားတတ်ကြသေးသည်။
တစ်ခါတစ်ရံလည်း ဘဝတွင် မပြီးသေးသော ဇာတ်လမ်းများ ရှိတတ်သည်။ မကျေနပ်မှုများ၊ အားငယ်ကြေကွဲနေမှုများ၊ ကိုယ့်လိပ်ပြာ ကိုယ်မလုံမှုများ စသဖြင့် အတိတ်၏ အရိပ်များကြောင့် လက်ရှိ ပစ္စုပ္ပန်တွင် မပျော်နိုင်သူများလည်း ရှိတတ်သည်။ ထို့ကြောင့် ခဏတစ်ဖြုတ် တွေ့တုန်းဆုံတုန်း ကိုယ့်စကားတစ်ခွန်းက အားနည်းချက်ရှိသူကို မရည်ရွယ်ဘဲ ဝါးကူလို့ထိုးသလို မဖြစ်မိဖို့လည်း သတိထားဖို့လိုသည်။ အဘယ်ကြောင့်ဆိုသော် ပြုံးနေသော မျက်နှာဖုံး၏ နောက်ကွယ်မှာ ကြေကွဲနေသော နှလုံးသားတစ်စုံ ရှိချင်ရှိနေတတ်သည်။ အောင်မြင်နေသော အလုပ်အကိုင် တစ်ခု၏ နောက်ကွယ်တွင် ကျဆုံးနေသော အိမ်ထောင်ရေးတစ်ခု ရှိချင်ရှိနေတတ်သည်။ နွမ်းပါးသော ဘဝတစ်ခု၏နောက်ကွယ် အေးချမ်းသော ကမ္ဘာတစ်ခု ရှိချင်ရှိနေတတ်ပြန်ပါသည်။
အမှန်တော့ ဘယ်တော့ဘာဖြစ်မည်ကို မသိနိုင်ဘဲ မရေရာလှသော လောကကြီးတွင် ငယ်စဉ်က ကိုယ်နှင့်ခင်မင်ရင်းနှီးခွင့်ရခဲ့ပြီး နောက်ပိုင်း မတွေ့ဖြစ်တော့သည့် သူငယ်ချင်းများကို လူလတ်ပိုင်းတွင် ပြန်တွေ့ရသည့် အခွင့်အရေးသည် ဝမ်းသာစရာကောင်းလှသော အခြေအနေ တစ်ရပ်ပင် ဖြစ်သည်။ မူလတန်း ကျောင်းသားဘဝက ရုပ်သွင်နှင့် အခုမြင်နေရသော ရုပ်သွင်ကိုယှဉ်ကြည့်ကာ ဘဝ၏ ပြောင်းလဲမှုများကို သံဝေဂယူနိုင်သည်။ အထက်က ဖော်ပြခဲ့သော Persona (သို့) မျက်နှာဖုံးများကြောင့် ပြောင်းလဲတတ်ခြင်းများကိုလည်း ဘဝ၏ ဖြစ်တတ်သော သဘောတစ်ခုအဖြစ် သင်ယူမှတ်သားနိုင်သည်။ သူငယ်ချင်းများထဲမှ အားကျအတုယူစရာ ရှိလျှင်လည်း အတုယူနိုင်သည်။ ရှေ့ဆက်ရမည့် ဘဝခရီးအတွက် အဆက်အသွယ်ကောင်းများကိုလည်း ရနိုင်သည်။ ကူညီစရာရှိလျှင်လည်း ကိုယ်ကကူညီနိုင်သည့် အခွင့်အရေးကို ရနိုင်ပါသေးသည်။
အိမ်နှင့်ဝေးနေသောသူများက အိမ်ကို ပို၍မက်မောတတ်ကြသည်။ လွမ်းဆွတ်တတ်ကြသည်။ တန်ဖိုးထားတတ်ကြသည်။ အိမ်ပြန်ရသည့် ခဏသည် ကျွန်တော်တို့ဘဝများ အတွက်တော့ တန်ဖိုးရှိလှသည်။ အမှန်တော့ ဘဝတွင် “အိမ်ပြန်သည့် ခဏ” အချိန်တွင် သာမဟုတ် အချိန်တိုင်းကို ပျော်စရာကောင်းရုံမျှမက အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးစေတတ်ဖို့လည်း လိုမည်ထင်ပါသည်။










