အမေရိကန်၏ နျူကလီးယား စွမ်းရည်များကို မြှင့်တင်ရန် ထရန့်က တောင်းဆို

အမေရိကန်၏ နျူကလီးယား စွမ်းရည်များကို မြှင့်တင်ရန် ထရန့်က တောင်းဆို
Published 23 December 2016

ကမ္ဘာကြီးအနေဖြင့် အသိတရားများ ရရှိလာသည်အထိ အမေရိကန်က ၎င်း၏ နျူကလီးယား စွမ်းရည်ကို အကြီးအကျယ် မြှင့်တင်ရမည်ဖြစ်ကြောင်း သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိထားသော ဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အလားတူ မှတ်ချက်စကားကို ကတိပြုပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ထရန့်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ပင်တဂွန် စစ်ဌာနချုပ်မှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် တစ်ရက်အကြာနှင့် ပူတင်က ရုရှားကို နျူကလီးယားစွမ်းအင် မြှင့်ရမည်ဖြစ်ကြောင်း တောင်းဆိုပြီးနောက် နာရီပိုင်းအကြာတွင် ထရန့်က အသေးစိတ် အချက်အလက်များနှင့် ဆက်နွှယ်ချက်များ မပါဘဲ Twitter တွင် ယခုအဆိုပြုချက်ကို ရေးသားခဲ့ခြင်းဖြစ်သည်။
“ကမ္ဘာကြီးအနေနဲ့ နျူကလီးယား လက်နက်တွေနဲ့ ပတ်သက်ပြီး အသိတရားတွေရလာတဲ့ အချိန်မျိုးအထိ အမေရိကန်ဟာ နျူကလီးယားစွမ်းရည်ကို ချဲ့ထွင်ပြီး အကြီးအကျယ် အားကောင်းအောင် ပြုလုပ်ရပါမယ်” ဟု ထရန့်က Twitter တွင် ရေးသားခဲ့သည်။
စစ်အေးခေတ် ကတိပြုချက်များအတိုင်း နျူကလီးယား စွမ်းရည်များကို မြှင့်တင်ရန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုသည် ၂၀၀၉ ခုနှစ်က နျူကလီးယား လက်နက်များကို ဖယ်ရှားရန် ပရောက်ဂ်မြို့၌ ကျော်ကြားလှသော မိန့်ခွန်းကို ပြောကြားကာ တောင်းဆိုခဲ့သည့် သမ္မတ ဘာရက်အိုဘားမား၏  ရပ်တည်ချက်မှ သိသိသာသာ ခွဲထွက်သွားကြောင်းကို ပြသနေသည်။
၂၀၁၀ ပြည့်နှစ်တွင် အိုဘားမားနှင့် ထိုစဉ်က ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်တို့သည် START အသစ်ဟု ခေါ်သော သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြပြီး ယင်းတွင် နှစ်နိုင်ငံစလုံး၏ နျူကလီးယား လက်နက်များကို သိသိသာသာ လျှော့ချရန် တောင်းဆိုထားသည်။
ရုရှားစစ်တပ်၏ ဆီးရီးယား စစ်ဆင်ရေး၌ ဆောင်ရွက်ချက်များအကြောင်း ကြွားဝါလျက် “မဟာဗျူဟာမြောက် နျူကလီးယား အင်အားနှင့် ပတ်သက်ပြီး စစ်ရေးအလားအလာကို အားကောင်းအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်” ဟူသော ပူတင်ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထရန့်၏ မှတ်ချက်စကား ထပ်မံထွက်ပေါ် လာခြင်းဖြစ်သည်။
ရုရှားအနေဖြင့် လက်ရှိနှင့် ထပ်မံတိုးတက် လာဖွယ်ရှိသော ဒုံးကျည်ကာကွယ်ရေး စနစ်များကို ထိုးဖောက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ရသော ဒုံးကျည်လက်နက် အမျိုးမျိုးအပေါ် အာရုံစိုက်သင့်ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။
ထရန့်၏ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် တစ်ဦးက လာမည့်သမ္မတသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အကြောင်းအရာနှင့် ပတ်သက်၍ အမေရိကန်၏ ရေရှည်ရပ်တည် လာမှုများကို ပြောင်းလဲရန် ကြိုးပမ်းနေခြင်း မဟုတ်ကြောင်း ပြောကြားလျက် ထရန့်၏ Twitter ၌ ရေးသားချက်ကို ပျော့ပျောင်းသွားစေရန် ကြိုးပမ်းခဲ့သည်။
“သူပြောတာကတော့ ကျွန်တော်တို့ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ အဆင်သင့် ရှိရေးကို လိုလားတာပါ။ မူဝါဒအသစ် ချမှတ်နေတာ မဟုတ်ပါဘူး” အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ်အဖြစ် လျာထားခံရသော ကီလီ အန်နီကွန်ဝေးက MSNBC နှင့် အင်တာဗျူး တစ်ခု၌ ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၁ ရက်တွင် ထရန့်သည် ဒုံးကျည်ကာကွယ်ရေး အေဂျင်စီကို ဦးဆောင်နေသော ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းဆရင်း အပါအဝင် ပင်တဂွန်စစ်ဌာနချုပ်၏ ထပ်တန်းခေါင်းဆောင်အုပ်စု တစ်စုနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
Ref : AFP

Most Read

Most Recent