ခရစ္စမတ်နေ့ အကြမ်းဖက်ရန် ကြံစည်မှုကို သြစတြေးလျ၌ ဖော်ထုတ်နိုင်ခဲ့

ခရစ္စမတ်နေ့ အကြမ်းဖက်ရန် ကြံစည်မှုကို သြစတြေးလျ၌ ဖော်ထုတ်နိုင်ခဲ့
Published 23 December 2016

မဲလ်ဘုန်းမြို့လယ်ကောင်ကို ပစ်မှတ်ထားလျက် ဖောက်ခွဲရေး ပစ္စည်းများ အသုံးပြုကာ ခရစ္စမတ်နေ့ အကြမ်းဖက်ရန် IS တို့၏ ပုံစံမျိုးဖြင့် ကြံစည်ထားမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး မဲလ်ဘုန်းမြို့တစ်လွှား၌ စီးနင်းမှုများ အတွင်း ဖမ်းဆီးမှုများစွာ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ဂရေဟမ်အက်ရှ်တွန်က ဖမ်းဆီးထိန်းသိမ်း ထားသူများသည် ဓားများနှင့် သေနတ်တစ်လက်တို့ကို အသုံးပြုကာ ဖလင်ဒါလမ်း ရထားဘူတာရုံ၊ ဖက်ဒရေးရှင်းရင်ပြင်နှင့် စိန့်ပေါဘုရားကျောင်းတို့ အပါအဝင် လူစည်ကားသော နေရာများကို တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့ တစ်ညလုံး အကြမ်းဖက်ရန် ကြံစည်မှုလို့ ယူဆရတဲ့ အမှုနဲ့ပတ်သက်ပြီး ဆက်နွှယ်နေတဲ့ ဖွဲ့စည်းပုံကို စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ရပါတယ်” ဟု အက်ရှ်တွန်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ စွဲချက်တင်မယ့် တိုက်ခိုက်မှုက စီစဉ်ထားပြီးသားဖြစ်ပြီး ဖောက်ခွဲမှုတစ်ရပ် ပြုလုပ်လိမ့်မယ်၊ ဖောက်ခွဲရေး ပစ္စည်းတွေ အသုံးပြုမယ် ဆိုတာမျိုးတွေ ပါဝင်တယ်လို့ ယုံကြည်ရပါတယ်။ ဒီအချက် အလက်တွေကို အထောက်အပံ့ ဖြစ်စေမယ့် သက်သေအထောက်အထားတွေ ကျွန်တော်တို့ စုဆောင်းထားပြီးပါပြီ” ဟု အက်ရှ်တွန်က ပြောကြားခဲ့သည်။
တိုက်ခိုက်ရန် ကြံစည်ထားသည်ဟု စွပ်စွဲထားသည့် ပစ်မှတ်များ အားလုံးသည် မြို့လယ်ကောင်၌ရှိပြီး မြို့ခံများအပြင် ကမ္ဘာလှည့် ခရီးသည်များနှင့်ပါ စည်ကားလေ့ရှိသည့် မဲလ်ဘုန်းမြို့၏ ကျော်ကြားသော လမ်းဆုံ၏ ထောင့်သုံးထောင့်စလုံး ပါဝင်သည်။
ယင်းနေရာသည် ဘောက်ဆင်ဒေး ခြေစမ်းပွဲအဖြစ် သြစတြေးလျနှင့် ပါကစ္စတန်နိုင်ငံအသင်းတို့ ယှဉ်ပြိုင်ကစားပြီး လူပေါင်း ၁၀၀,၀၀၀ အထိ လာရောက် ကြည့်ရှုမည်ဟု ခန့်မှန်းထားသော မဲလ်ဘုန်း ခရစ်ကက်ကွင်းမှနေ၍ အနည်းငယ်သာ ကွာဝေးသည်။ ယင်းနေရာသည် ဇန်နဝါရီလတွင် စတင်မည့် သြစတြေးလျ ဂရင်းဆလမ်း တင်းနစ်ပြိုင်ပွဲ ပြုလုပ်မည့် နေရာနှင့်လည်း အလွန်နီးကပ်သည်။
လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၀၀ ပါဝင်သည့် ဒီဇင်ဘာ ၂၃ ရက် နံနက် စီးနင်းတိုက်ခိုက်မှုများအတွင်း ဖမ်းဆီးရမိခဲ့သည့် လူခုနစ်ဦးအနက် ငါးဦးကို အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်နှစ်ဦးကို တရားစွဲဆိုခြင်း မရှိဘဲ ပြန်လွှတ်ပေးခဲ့သည်။ သို့သော် လွှတ်ပေးလိုက်သူများကိုလည်း သီတင်းပတ် အတန်ကြာ စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးထားသူ လေးဦးသည် လက်ဘနွန်နောက်ခံရှိသော သြစတြေးလျ၌ မွေးဖွားသူများဖြစ်ပြီး ပဉ္စမမြောက် တစ်ဦးမှာ အီဂျစ်၌ မွေးဖွားသော သြစတြေးလျ နိုင်ငံသားဖြစ်ကြောင်း သိရသည်။ ၎င်းတို့အားလုံးသည်  အသက် ၂၀ ကျော် အရွယ်များ ဖြစ်သည်ဟု ဆိုသည်။
“သူတို့ဟာ ကိုယ့်ဘာသာ အစွန်းရောက်ဝါဒ ခံယူခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ IS အဖွဲ့နဲ့ IS အဖွဲ့ ဝါဒဖြန့်ချိရေးတွေကနေ စိတ်ကူးရခြင်း ဖြစ်ပါတယ်” ဟု အက်ရှ်တွန်က ပြောကြားခဲ့သည်။
“ဒီကိစ္စက ကျွန်တော်တို့ရဲ့ ကွပ်ကွဲမှုအောက်ကို ရောက်လာတဲ့အခါမှာ ဒါဟာသိသာထင်ရှားတဲ့ တိုက်ခိုက်မှုတစ်ရပ် ဖြစ်လာမယ့် အရာဆိုတာ သေချာပါတယ်။ သံသယဖြစ်ဖွယ် မရှိပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။             
Ref : AFP

Most Read

Most Recent