ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဖမ်းဆီးရရှိမှု ယခင်နှစ်ထက် သုံးဆခန့် ပိုများ

ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဖမ်းဆီးရရှိမှု ယခင်နှစ်ထက် သုံးဆခန့် ပိုများ
Published 23 December 2016
အောင်ကျော်မျိုး (ဟင်္သာတ)

ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၆ ခုနှစ် အတွင်း မူးယစ်ဆေး ဖမ်းဆီးရရှိမှု ယခင်နှစ်ကထက် သုံးဆခန့်အထိ ပိုများခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၅ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး၌ မူးယစ်ဆေးဖမ်းဆီးရရှိမှု ၂၄ မှုသာ ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင်မူ ဒီဇင်ဘာ ၂၃ ရက်အထိ ရရှိသော စာရင်းများအရ ၆၆ မှု အထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“အဓိကကတော့ ရန်ကုန်ပေါ့။ မဲဇလီ- ညောင်တုန်းလမ်းလေ။ အဲဒီလမ်းကြောင်း  ဧရာဝတီတိုင်း ဝင်ပေါက်ကတော့ အဓိကပါပဲ။ အဲဒီဝင်ပေါက်တွေမှာ စောင့်ပြီးစစ်ဆေးတာတွေ လုပ်တယ်။ အဲဒီကနေ ကျွံပြီးဝင်လာတာရှိရင်လည်း  မြို့နယ်တွေက နယ်ထိန်းအဖွဲ့တွေက သတင်းယူပြီး ဖမ်းရတာပေါ့။ မူးယစ်ဆေးဝါး သယ်ဆောင်တာ၊ ဖြန့်ဖြူးတာတွေကို မူးယစ်နဲ့ပူးပေါင်းကာ အသေးစိတ်စီမံချက်ချပြီး ဖမ်းဆီးပါတယ်။ မှုခင်းတွေဖြစ်ပွားတာ များတဲ့အခါကျတော့ မူးယစ်ဆေးဝါးကို အဓိက ထားဖမ်းပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။
၂၀၁၅ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး ၌ WY နှင့် ဆေးခြောက်သာ ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်မူ WY နှင့် ဆေးခြောက်အပြင် ဘိန်းဖြူပါ ဖမ်းဆီးရမိခဲ့သည်ဟု တိုင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
၂၀၁၆ ခုနှစ်အတွင်း လက်ရှိအချိန်အထိ မူးယစ်ဆေးဖမ်းဆီးရရှိမှု ၆၆ မှု၌ ဟင်္သာတခရိုင်တွင် အမှု ၂၀၊ မအူပင်ခရိုင်တွင် ၆ မှု၊ ပုသိမ်ခရိုင်တွင် အမှု ၂၀၊  မြောင်းမြခရိုင်တွင် ခုနစ်မှု၊ လပွတ္တာခရိုင်တွင် လေးမှုနှင့် ဖျာပုံခရိုင်တွင် ကိုးမှုရှိခဲ့ပြီး ဘိန်းဖြူအများဆုံး ၁၈ ဒသမ ၀၄၄၁၂ ဂရမ်၊ အနည်းဆုံး သုည ဒသမ ၀၃၅ ဂရမ်၊ ဆေးခြောက်အများဆုံး ၆၉၆ ဒသမ ၆၆၆ ဂရမ်၊ အနည်းဆုံး သုံည ဒသမ ၅ ဂရမ် နှင့်  WY အများဆုံး ၁၅၉၂၅ ပြား၊ အနည်းဆုံး တစ်ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်ကမူ မူးယစ်ဆေးဖမ်းဆီးရရှိမှု ဟင်္သာတခရိုင်တွင် သုံးမှု၊ မအူပင် ခရိုင်တွင် နှစ်မှု၊ ပုသိမ်ခရိုင်တွင် ကိုးမှု၊ မြောင်းမြခရိုင်တွင် လေးမမှု၊ လပွတ္တာခရိုင်တွင် ငါးမှုနှင့် ဖျာပုံခရိုင်တွင် တစ်မှု စုစုပေါင်း ၂၄ မှုသာရှိခဲ့ပြီး ဆေးခြောက်အများဆုံး ၅၄ ဒသမ ၁၁၀၉၂  ဂရမ်၊ အနည်းဆုံး ၁ ဒသမ ၄၂၈၈ ဂရမ်နှင့် WY အများဆုံး ၁၁၃၃ ပြား၊ အနည်းဆုံး ၂၂ ပြား ဖမ်းဆီးရမိခဲ့ကာ ဘိန်းဖြူ ဖမ်းဆီးရရှိမှု မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent