မော်လမြိုင်မြို့နေလူထု သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများကို နိုင်ငံတကာချေးငွေဖြင့် လုပ်ဆောင်မှု ရာခိုင်နှုန်း ၅၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် တစ်မြို့လုံး ရေပေးဝေနိုင်မည်

မော်လမြိုင်မြို့နေလူထု သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများကို နိုင်ငံတကာချေးငွေဖြင့် လုပ်ဆောင်မှု ရာခိုင်နှုန်း ၅၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် တစ်မြို့လုံး ရေပေးဝေနိုင်မည်
Published 23 December 2016
မောင်မောင်ရွှေမြိုင်

မော်လမြိုင်မြို့နယ်လူထု သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများကို အေဒီဘီ ချေးငွေဖြင့် လုပ်ဆောင်နေရာ ပထမပိုင်းအနေဖြင့် ရာခိုင်နှုန်း ၅၃ ဒသမ ၉ အထိ ပြီး၍၂၀၁၈ ခုနှစ်တွင် ဒုတိယပိုင်းကို ဆက်လုပ်ပြီး  ၂၀၂၂ ခုနှစ်တွင် တစ်မြို့နယ်လုံးကို အချိန်ပြည့် သောက်သုံးရေ ဖြန့်ဝေမည်ဖြစ်ကြောင်း၊ ဦးခင်မောင်လတ် (မြို့နယ် ရေ အင်ဂျင်နီယာ)က အရပ်ဘက် အဖွဲ့အစည်းနှင့် တွေ့ဆုံတင်ပြရာတွင် ထည့်သွင်းပြောကြားသည်။
“လုပ်ဆောင်ဆဲတွေက နတ်တောင်ဆည် ရေသန်စင်စက်ရုံကနေ အာတီစီ ရေစုကန်၊ အဲဒီကနေ မောင်ငံကန် (၃) ကန်ကို ပိုက်သွယ်၊ ရေတွန်းစက်၊ ရေဖြန့်ပိုက်စတဲ့ လုပ်ငန်းတွေကို ၂၀၁၆ ခုနှစ် ဇွန်လက စလုပ်နေပါတယ်။ ၅၃ ဒသမ ၉ ရာခိုင်နှုန်း ပြီးနေပါပြီ။ ကင်မွန်းခြုံရေလှောင်ကန်နဲ့ ပတ်သက်တဲ့ ပြုပြင်မှုတွေကိုတော့ ၂၀၁၈ ခုနှစ်မှာ စဖို့ရှိပါတယ်။ လုပ်ငန်းနှစ်ပိုင်းလုံးကို ၂၀၂၂  ခုနှစ်မှာပြီးဖို့ လျာထား လုပ်ဆောင်နေပါတယ်” ဟု ဦးခင်မောင်လတ်က ပြောကြားသည်။
ယင်းလုပ်ငန်းများ ပြီးဆုံးပါက ဈေးကြိုရပ်၊ မြိုင်သာယာရပ်၊ ငန်းတေးရပ်၊ ခြောက်မိုင်ရပ်၊ သီရိမြိုင်ရပ်၊ သီရိမင်္ဂလာရပ်၊ မုပွန်ရပ်၊  ကျောက်တန်းရပ်၊ ကွင်းရပ်၊ မောင်ငံရပ်၊ မြေနီ ကုန်းရပ်၊ ဇေယျာမြိုင်ရပ်၊ ရွှေမြိုင်သီရိ၊ လှိုင်၊  ကျိုက်ဖနဲ၊ မန္တလေး၊ အောက်ကျင်၊ ရွှေတောင်၊ စစ်ကဲကုန်း၊ ပန်းဘဲတန်း၊ ဘိုကုန်းရပ်နှင့် စမ်းကြီးရပ် စသည်တို့ကို တစ်နေ့လျှင် ရေ ဂါလန် ၁ ဒသမ ၉ သန်းမှ သန့်စင်ပြီး သောက်သုံးရေ ဂါလန် ၃ ဒသမ ၁၂ သန်းအထိ တိုးဖြန့်ကာ အချိန်ပြည့်ဖြန့်ဝေနိုင်မည်ဟု သိရသည်။
မော်လမြိုင်မြို့နယ်သို့ ဖြန့်ဝေနေသော ၁၉၀၄ခုနှစ်က စသည့် ကင်မွန်းခြုံဆည်၊ ၁၉၈၆ ခုနှစ်က စသည့် အတ္ထရံမြစ်ရေတင် (၁/၂)၊ ၁၉၉၆ ခုနှစ်ကစသည့် ရွှေနတ်တောင်ဆည်တို့မှ ရေရရှိမှုစုစုပေါင်း တစ်ရက်လျှင် ဂါလန် သိန်း ၃၀ ဖြန့်ဝေနိုင်သော်လည်း၊ သက်တမ်းကြာမြင့်သည့် ပိုက်တွယ်တန်းမှုမှ  ရေစိမ့်ယိုထွက်ဆုံးရှုံးမှုကြောင့် နေ့စဉ် ရေ လိုအပ်ချက် ဂါလန် ၅၄ ဒသမ ၄၃ သိန်း၏ ၅၅ ဒသမ ၁ ရာခိုင်နှုန်းသာ လွှမ်းခြုံမှုရှိကြောင်း မြို့နယ်စည်ပင် မှတ်တမ်းအရ သိရ သည်။
မော်လမြိုင်မြို့၏ တည်နေရာအခြေနေ ကောင်းများကြောင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရရှိရေး၊ အမှိုက်စွန့်ပစ်ခြင်းလုပ်ငန်များကို၊ Regional Development Project for Poverty Reducation Phase I(MY P-I)၊ (MY P-II)t & JICA(ODA Loan)၊ Asia Development Bank(ADB)၊ Thai Water Operation Co.,Ltd တို့နှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်တွင် တစ်မြို့လုံး ၂၄ နာရီ ရေကောင်း ရေသန့် ဖြန့်ဝေရန် ရည်ရွယ် ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent