ခန္တီးမြို့နယ်ရှိ ပတ်တာပွန်ပယင်းမှော်တွင် ပယင်းတူးဖော်နေသော ကုမ္ပဏီ၏ လုပ်ကွက်ဧရိယာများနှင့် သက်တမ်းကို ပြန်လည်စစ်ဆေးမည်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ခန္တီးမြို့နယ်ရှိ ပတ်တာပွန်ပယင်းမှော်တွင် ပယင်းတူးဖော်နေသော ကုမ္ပဏီ၏ လုပ်ကွက်ဧရိယာများနှင့် သက်တမ်းကို ပြန်လည်စစ်ဆေးမည်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ခန္တီးမြို့နယ်တွင် ပယင်းတူးဖော်နေစဉ်
ခန္တီးမြို့နယ်တွင် ပယင်းတူးဖော်နေစဉ်
Published 23 December 2016
အောင်သူထွန်း၊ မဖေငြိမ်း

ခန္တီးမြို့နယ် လင်းဖားကျေးရွာအုပ်စုအတွင်းရှိ နမ့်ဖီးလင်းချောင်းဖျား ပတ်တာ ပွန်ပယင်းမှော်တွင် ပယင်းတူးဖော်နေသော Sea Sun Star ကုမ္ပဏီမှ ယင်းမှော်အတွင်း နေထိုင်သူများအား အခွန်အခမျိုးစုံ ကောက်ခံနေသည်ဟု ပယင်းတူးဖော်နေသူများက တိုင်ကြားခဲ့ပြီးနောက် ထိုကုမ္ပဏီ၏ လုပ်ကွက်ဧရိယာများနှင့် သက်တမ်းအား ပြန်လည်စစ်ဆေးသွားမည်ဟု ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း၏  ပြောကြားချက်အရ သိရသည်။
“အဲဒီပယင်းမှော်မှာ လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီကနေပြီး အခွန်အခမျိုးစုံ ကောက်နေပါတယ်ဆိုပြီး အဲဒီမှော်မှာနေထိုင်ကြတဲ့  ပယင်းတူးတဲ့ လူတွေက လာတိုင်တာပေါ့။ လမ်းခွန်တွေ၊ ဝက်ခုံတွေ၊ ကြက်ခုံတွေ ပြီးတော့ တခြားအခွန်တွေပေါ့။ အဲဒီလို အခွန်မျိုးစုံ ကောက်နေတာကို လာတိုင်တဲ့အပြင် ကုမ္ပဏီက လုပ်ကွက်ဧရိယာ သတ်မှတ်ချက်ထက်ကျော်ပြီး လုပ်နေပါတယ်ဆိုပြီး လာတိုင်ကြတာ။ အဲဒီလိုလာတိုင်တော့ အတိုင်ခံရတဲ့ ကုမ္ပဏီကိုရော၊ မှော်သားတွေစုပြီး ဖွဲ့ထားတဲ့ မှော်ကော်မတီဝင်တွေကိုပါ သက်ဆိုင်ရာတွေ ရှေ့မှာခေါ်ပြီး ဖြေရှင်းပေးတာပေါ့။ အခွန်ကောက်တယ်ဆိုတဲ့ ကိစ္စတွေကိုတော့ သက်ဆိုင်ရာတွေနဲ့ ဖြေရှင်းပြီးတဲ့နောက် ကုမ္ပဏီ ရဲ့လုပ်ကွက် ဧရိယာကိုလည်း ပြန်လည်စစ်ဆေးသွားမှာပါ” ဟု ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။
ခန္တီးမြို့နယ်ရှိ ပတ်တာပွန်ပယင်းမှော်တွင် လုပ်ကိုင်နေသော Sea Sun Star  ကုမ္ပဏီမှ ၎င်း၏လုပ်ကွက်ဧရိယာအတွင်း တူးဖော်နေကြသော ပယင်းတူးဖော်သူများထံမှ ပယင်း တူးဖော်ခ ကောက်ခံသည့်အပြင် လမ်းအသုံးပြုခ၊ မှော်အတွင်းရှိ ကြက်ခုံ၊ ဝက်ခုံ စသော သားသတ်ခုံများအပြင် ရေလမ်းကြောင်း အသုံးပြုခ စသဖြင့် အခွန်အခမျိုးစုံ ကောက်ခံနေသည်ဟု မှော်သားများက သက်ဆိုင်ရာသို့  တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ကုမ္ပဏီက တခြားအခွန်တွေ ကောက်တယ်ဆိုတဲ့ကိစ္စမှာ ကုမ္ပဏီကလည်း သူတို့ ကောက်တာ မဟုတ်ပါဘူးဆိုပြီး လာဖြေရှင်းသွားတော့ ကောက်တဲ့အဖွဲ့အစည်းက ကြား မှာ ပျောက်နေတာပေါ့။ ဒါကြောင့် ကြက်ခုံ၊ ဝက်ခုံ စတဲ့ တခြားအခွန်တွေမှာ ကြားက ဝင်ကောက်တာမျိုး မဖြစ်ရလေအောင် သက်ဆိုင်ရာဌာန ဥပမာ စည်ပင်ကနေပြီး ကောက် ခံဖို့စီစဉ်နေပါတယ်။ ဒါမှလည်း နိုင်ငံတော်အနေနဲ့ တရားဝင်အခွန်ငွေပိုရပြီး ပြည်သူတွေလည်း ကျေနပ်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုတိုင်တန်းမှုအား ကုမ္ပဏီမှ တာဝန်ရှိသူက လာရောက်ဖြေရှင်းရာတွင် လမ်းအသုံးပြုခ ကောက်ခံရခြင်းမှာ ၎င်းတို့ကုမ္ပဏီမှ အကုန်အကျခံ၍ ဖောက်လုပ်ခဲ့ခြင်း ဖြစ်သောကြောင့် လမ်းအသုံးပြုခကောက်ခံရခြင်း  ဖြစ်ကြောင်း ကြက်ခုံ၊ ဝက်ခုံ စသည့် အခြားအခွန်အခများ ကောက်ခံခြင်းမှာ ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း လာရောက်ဖြေရှင်းခဲ့သည်ဟု သိရသည်။
“ကုမ္ပဏီက အဲဒီလိုအခွန်တွေ ကောက်နေတာ ကြာပါပြီ။ သူတို့လုပ်ကွက်မှာ ပယင်းတူးလို့ တူးခကောက်တာတွေကို လက်ခံပေမယ့် တခြားမဆိုင်တဲ့ အခွန်တွေ ကောက်တာမျိုးကိုတော့ လက်မခံနိုင်ပါဘူး။ လမ်းအသုံးပြုခ၊ ရေကြောင်းအသုံးပြုခ၊ ကြက်ခုံ ဝက်ခုံ စပြီး အခွန်မျိုးစုံ တနေ့တခြားပို ကောက်လာလို့ ကျွန်တော်တို့က သက်ဆိုင်ရာကို လာတိုင်ရတာပါ” ဟု မှော်ကော်မတီဥက္ကဋ္ဌ ဦးတာဟန်က ပြောကြားသည်။
ခန္တီးမြို့နယ် လင်းဖားကျေးရွာအုပ်စု နန်ဖီးလင်းချောင်းဖျား ပတ်တာပွန်ပယင်းမှော်တွင် တရားဝင် ပယင်းတူးဖော်ခွင့်ရသော  ကုမ္မဏီမှာ Sea Sun Star ကုမ္ပဏီတစ်ခုတည်းသာရှိပြီး ယင်းကုမ္ပဏီမှ လုပ်ကွက်တစ်ကွက်လျှင် တစ်ဧကရှိသော လုပ်ကွက်ပေါင်း ၁၃ ကွက် ( ၁၃ ဧက ) ကို တူးဖော်လုပ်ကိုင်နေပြီး ၂၀၁၈ ခုနှစ်အထိ တူးဖော်ခွင့်သက်တမ်း ရရှိထားကြောင်း ခန္တီးမြို့နယ် ကျောက်မျက်ရုံးမှ သိရသည်။

Most Read

Most Recent