ထီးနန်းစွန့်မည်ဟု ကြေညာထားသော ဂျပန်ဧကရာဇ်၏ အသက် ၈၃ နှစ်ပြည့် အခမ်းအနား၌ လူအုပ်ကြီးက ဂါရဝပြု

ထီးနန်းစွန့်မည်ဟု ကြေညာထားသော ဂျပန်ဧကရာဇ်၏ အသက် ၈၃ နှစ်ပြည့် အခမ်းအနား၌ လူအုပ်ကြီးက ဂါရဝပြု
Published 23 December 2016

ထီးနန်းစွန့်ရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဂျပန်ဧကရာဇ် အကီဟီတိုသည် လူမြင်ကွင်းသို့ ၎င်း၏နောက်ဆုံးထွက်ပေါ်မှုဟု ယူဆနိုင်သည့် အသက် ၈၃ နှစ်ပြည့် မွေးနေ့အခမ်းအနားတွင် လူအုပ်ကြီးက ဂါရဝပြုခဲ့ကြကြောင်း သိရသည်။ ၎င်းသည် အသက်အရွယ် ကြီးရင့်လာပြီး ကျန်းမာရေး အားနည်းလာမှုကြောင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်တော့မည် မဟုတ်ကြောင်း အကီဟီတိုက ပြီးခဲ့သော သြဂုတ်တွင် ကြေညာခဲ့ပြီးနောက်ပိုင်း ၎င်း၏မွေးနေ့ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် အကီဟီတိုက ထီးနန်းစတင် ဆက်ခံခဲ့ပြီးနောက်ပိုင်း နန်းတော်တွင် ကျင်းပခဲ့သော ၎င်း၏မွေးနေ့ပွဲသို့ လူပေါင်း ၃၃၀၀၀ ခန့် တက်ရောက်ဂါရဝပြုခဲ့ပြီး ဆယ်စုနှစ် သုံးခုနီးပါး ထီးနန်းစိုးစံမှုအတွင်း ၎င်းအား ဂါရဝပြုသည့် အကြီးမားဆုံး လူအုပ်ဖြစ်ကြောင်း နန်းတော်က ထုတ်ပြန်ခဲ့သည်။ မိဖုရားမီချီကိုနှင့် တော်ဝင်မိသားစုဝင်အချို့ ခြံရံလျက် စကားအား နူးညံ့စွာပြော တတ်သော အကီဟီတိုသည် မှန်ကာထားသော နန်းတော်လသာဆောင်မှနေ၍ ဂါရဝပြုသူများအား နှုတ်ဆက်စကား ပြန်လည် ပြောကြားခဲ့သည်။ ထီးနန်းစွန့်မည့် ၎င်း၏ဆန္ဒအား စဉ်းစားပေးခဲ့သည့် ဂျပန်နိုင်ငံအား အကီဟီတိုက ယင်းမွေးနေ့မတိုင်မီ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
တာဝန်များမှ အနားယူရန် ဧကရာဇ်၏ ဆန္ဒရှိမှုကြောင့် ထီးနန်းစွန့်ခွာမှုအတွက် လတ်တလောတွင် မရှိသေးသော ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား လေ့လာရန် အကြံပေးအဖွဲ့ တစ်ဖွဲ့ကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စက်တင်ဘာတွင် ထူထောင်ခဲ့သည်။ ၎င်း၏သားအကြီးဆုံး အိမ်ရှေ့မင်းသား နာရူဟီတိုက အစားဝင်နိုင်သည့် အကီဟီတို၏ ထီးနန်းစွန့်ရန် မည်သည့်လုပ်ရပ်ကိုမဆို လူထုထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားကြောင်း မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းများအရ သိရသည်။
လက်ရှိ ထီးနန်းစိုးစံသူက ၎င်း၏တာဝန် ဝတ္တရားများအား လျှော့ချနိုင်ရန်ခွင့်ပြုသည့် အထူးဥပဒေကြမ်း တစ်ခုအား အဆိုပြုသွားမည်ဖြစ်ကြောင်း ယင်းအကြံပေးအဖွဲ့၏ အဓိက အဖွဲ့ဝင်တစ်ဦးအား ကိုးကား၍ အဆာဟိရုပ်သံက ထုတ်လွှင့်ခဲ့သည်။ အဖွဲ့ဝင်ခြောက်ဦးပါသော ယင်းအဖွဲ့သည် ယင်းကိစ္စနှင့်ပတ်သက်၍ အကျဉ်းချုပ်အား လာမည့်ဇန်နဝါရီတွင် ပြုစုမည်ဟု မျှော်လင့်ရသည်။
အကီဟီတိုသည် လတ်တလောတွင် ကျန်းမာရေး ကောင်းမွန်နေကြောင်း အလေးပေး ပြောကြားခဲ့သော်လည်း ဆီးကျိတ်ကင်ဆာနှင့် နှလုံးရောဂါ ခံစားနေရကြောင်း ၎င်း၏မိန့်ခွန်းတွင် သွယ်ဝိုက်ပြောကြားခဲ့သည်။
ရာစုနှစ် နှစ်ခုအတွင်း ဂျပန်အင်ပါယာအတွက် ပထမဆုံးအကြိမ် ထီးနန်းစွန့်ခွာမှု ဖြစ်လာနိုင်မှုအဖြစ် လာမည့် နှစ်အနည်းငယ်အတွင်း ထီးနန်းစွန့်ခွာလိုကြောင်း အကီဟီတိုက ၎င်း၏လက်ထောက်များအား ပြောကြားခဲ့သည်ဟု ယခုနှစ် အစောပိုင်းတွင် သတင်းထွက်ပေါ် လာခဲ့ပြီးနောက် ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။              
Ref : AFP

Most Read

Most Recent