ပြင်သစ်တွင် ဆိုလာပြားများဖြင့် ခင်းထားသော ကမ္ဘာ့ပထမဆုံး ကားလမ်းကို ဖွင့်လှစ်

ပြင်သစ်တွင် ဆိုလာပြားများဖြင့် ခင်းထားသော ကမ္ဘာ့ပထမဆုံး ကားလမ်းကို ဖွင့်လှစ်
Published 23 December 2016

ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံး ဆိုလာအဝေးပြေးလမ်းမကို ဒီဇင်ဘာ ၂၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထိုလမ်းသည် ဆိုလာပြားများဖြင့် ခင်းထားခြင်းဖြစ်ပြီး ယင်းတို့သည် နော်မန်ဒီဒေသရှိ တိုရိုဗရာမြို့မှ လမ်းမီးများထွန်းရန် လိုအပ်သည့် စွမ်းအင်ကို ပံ့ပိုးပေးနိုင်ကြောင်း သိရသည်။ 
တစ်ကီလိုမီတာ (မိုင်ဝက်) ရှည်လျားသည့် Wattway လမ်း၏ စတုရန်းမီတာ ၂၈၀၀ (စတုရန်ပေ ၃၀၀၀၀) ကို ထင်းရှူးဆီ သုတ်ထားသည့် ဆိုလာပြားများဖြင့် ဖုံးအုပ်ထားသည်။ ထိုလမ်းခင်း ဆိုလာပြားများကို ဒေသတွင်းရှိ စွမ်းအင်ကွန်ရက်နှင့် ချိတ်ဆက်ထားသည်။
“ဆိုလာစွမ်းအင်ကို အခုလို နည်းလမ်းအသစ်နဲ့ အသုံးပြုတာဟာ လက်ရှိအသုံးပြုနေတဲ့ ကြီးမားကျယ်ပြန့်တဲ့ လမ်းတွေကနေ အကျိုးအမြတ် ထုတ်ယူနိုင်တဲ့ သဘောပါပဲ။ လျှပ်စစ်စွမ်းအင်ထုတ်ဖို့ မြေနေရာအသစ်လည်း မလိုတော့ပါဘူး” ဟု ဂေဟဗေဒ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်ဝန်ကြီး ဆီဂိုလိန်းရွိုင်ရယ်က ပြောကြားခဲ့သည်။
ဝန်ကြီးရွိုင်ရယ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆိုလာအဝေးပြေးလမ်းများခင်းရန် လေးနှစ်စီမံကိန်းကို ကြေညာခဲ့သည်။ ကနဦးအနေဖြင့် နိုင်ငံအနောက်ပိုင်းရှိ ဘရစ်တနေနှင့် တောင်ပိုင်းမာဆေးမြို့တို့တွင် လုပ်ငန်းများ စတင်မည်ဟု သိရသည်။
တိုရိုဗရာမြို့ရှိ ထိုဆိုလာလမ်းပေါ်တွင် နေ့စဉ်ပျမ်းမျှအားဖြင့် ကားပေါင်း ၂၀၀၀ ခန့် သွားလာကြကြောင်း သိရသည်။ ဆိုလာပြားများ၏ ခံနိုင်ရည်ကို ပြင်သစ်ပြည်သူ့ အင်ဂျင်နီယာလုပ်ငန်း Colas က စမ်းသပ် ပေးထားခြင်းဖြစ်သည်။
ကားလမ်းများကို ယာဉ်များ၏ အသုံးပြုချိန်သည် ရာခိုင်နှုန်း ၂၀ သာရှိသဖြင့် ကျန်အချိန်များတွင် ကားလမ်း၏ မျက်နှာပြင်များသည် နေရောင်ကို စုပ်ယူနိုင်မည် ဖြစ်သည်။ ယခုဆိုလာလမ်း စိတ်ကူးကို ဂျာမနီ၊ နယ်သာလန်၊ အမေရိကန် ပြည်ထောင်စု တို့တွင်လည်း အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြကြောင်း သိရသည်။
ပြင်သစ်နိုင်ငံထဲမှ ကီလိုမီတာသန်းနှင့် ချီရှည်လျားသော လမ်းများ၏ လေးပုံတစ်ပုံကို ဆိုလာပြားများ ခင်းလျှင်ပင် ပြင်သစ်နိုင်ငံသည် စွမ်းအင်ကဏ္ဍတွင် အမှီအခိုကင်းသော နိုင်ငံဖြစ်လာမည်ဟု Colas က ထုတ်ပြန်ခဲ့သည်။ ဆိုလာပြားများသည် အချိန်နှင့် ရာသီဥတုတို့၏ တိုက်စားမှုနှင့် ကြီးမားသော ထရပ်ကားများ၏ ဝန်တို့ကို ခံနိုင်ရည်ရှိမရှိကို ယခုအစီအစဉ်အပေါ် အယုံအကြည် မရှိသူများက စောင့်ကြည့်ကြမည်ဖြစ်သည်။ 
အမ်စတာဒမ် မြောက်ပိုင်းရှိ မီတာ ၇၀ ရှည်သော စက်ဘီးလမ်း တစ်ခုကို ခင်းထားသည့် ဆိုလာပြားများမှာမူ ပြီးခဲ့သည့် ဆောင်းရာသီက ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ပြန်ပြင်ခဲ့ပြီးပြီဖြစ်ကြောင်း သိရသည်။ ယခုစနစ်၏ အားနည်းချက်တစ်ခုမှာ ပိုမိုအကျိုးသက်ရောက်မှု ရှိနိုင်သည့် တိုက်ရိုက်နေရောင်ခြည် ရရှိမှုကို မွန်းတည့်ချိန်မှသာ ရရှိခြင်းဖြစ်သည်။    
Ref : AFP

Most Read

Most Recent