သံတောင်ကြီးဒေသတွင် ရော်ဘာတစ်ပေါင်လျှင် လက်ရှိတွင် ကျပ် ၁၀၀၀ ကျော်ရှိနေပြီး လေးနှစ်အတွင်း အမြင့်ဆုံးဈေးဖြင့် အရောင်းအဝယ်ဖြစ်

သံတောင်ကြီးဒေသတွင် ရော်ဘာတစ်ပေါင်လျှင် လက်ရှိတွင် ကျပ် ၁၀၀၀ ကျော်ရှိနေပြီး လေးနှစ်အတွင်း အမြင့်ဆုံးဈေးဖြင့် အရောင်းအဝယ်ဖြစ်
Published 23 December 2016
ဇော်ဝင်းချစ် (တောင်ငူ)

ကရင်ပြည်နယ် သံတောင်ကြီးဒေသတွင် ရာဘာများ ထွက်ရှိနေရာ လတ်တလောတွင် ရာဘာတစ်ပေါင်လျှင် ကျပ် ၁၀၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး လေးနှစ်အတွင်း အမြင့်ဆုံးဈေးဖြင့် ဈေးကောင်းရနေကြောင်း ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
“မနှစ်က ဒီအချိန် ၁၂ လပိုင်းမှာ တစ်ပေါင်ကို ကျပ် ၆၀၀ ပဲရှိတယ်။ ၆၀၀ ကနေပြီး တော့ ၅၇၀ အထိကျတယ်။ ဒီနှစ်တော့ လောလောဆယ် ကျပ် ၁၀၁၀ နဲ့ ဝယ်နေတယ်။ ဒါတောင် ဈေးနည်းနည်း ပြန်အေးသွားလို့ ရော်ဘာက ဒီနှစ်ထဲမှာမှ ဈေးပြန်တက်လာတာလေ။၂၀၁၂ ခုနှစ်တုန်းက ကျပ် ၁၁၀၀ အထိရှိတယ်။ အဲဒီကနေ စပြီးကျသွားတာပေါ့၊၂၀၁၂ ခုနှစ် ခြောက်လပိုင်းမှာ ကျပ် ၁၀၀၀ ဈေးလောက် ဖြစ်သွားတာ။၂၀၁၃ လောက်ကျတော့ ကျပ် ၉၀၀ တို့ ကျပ် ၈၀၀ တို့အထိ ကျသွားတာပေါ့။ ၂၀၁၄ မှာ အနိမ့်ဆုံး ကျပ် ၅၂၀ အထိ ကျသွားတာပေါ့” ဟု သံတောင်ကြီးမြို့နယ် ရော်ဘာအဝယ်ဒိုင်မှ ကိုသက်ထွေးက ပြောကြားသည်။
သံတောင်ကြီးဒေသထွက် ရော်ဘာများအား ဝယ်ယူရာ အရည်အသွေး အတန်းအစား ခွဲခြားမှုမရှိဘဲ သတ်မှတ်ပေါင်ဈေးနှုန်း တစ်မျိုးဖြင့်သာ ဝယ်ယူသဖြင့် ရော်ဘာအရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်သူများကလည်း စနစ်တကျ လုပ်ကိုင်ရန် အားနည်းလာသည့်အပြင် ပြီးခဲ့သည့် သုံးနှစ်ဆက်တိုက် ဈေးနှုန်းများ ဆက်တိုက်ကျဆင်း ခဲ့ခြင်းကြောင့် ရော်ဘာခြံများအား ဆက်လက်ရပ်တည်လုပ်ကိုင်ရန် စိတ်ပျက်လျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ဘက်မှာတော့ သောင်းပြောင်းပဲဝယ်တာပဲ။ လာဝယ်တဲ့သူတွေက အမျိုးအစား မခွဲပေးဘူးလေ။ အဲဒီလိုမခွဲပေးတော့ ကိုယ်လည်း မလုပ်တတ်ဘူး။ ရာဘာဈေးကျ တုန်းကတော့ ကျတာပဲသိတယ်။ သူတို့ အစို၊ အခြောက်လောက်ပဲခွဲတယ်။ အဲဒီတော့ ကိုယ်ကလည်း အစို၊ အခြောက်လောက်ပဲ အဓိကထား လုပ်ရတာပေါ့။ သူတို့ အစို ဝယ်တယ်ဆိုရင် အစိုရောင်းတယ်။ ခြောက်မှ ဝယ်တယ်ဆိုရင် ခြောက်အောင်လုပ်ပြီးတော့မှ ပြန်ရောင်း အဲဒါပဲရှိတယ်။ အရည်အသွေး ကောင်းကောင်းလုပ်လည်း ဒီဈေးပဲ။ မကောင်းလည်း ဒီဈေးပဲဆိုတော့ ကောင်းအောင်လုပ်နိုင်တဲ့ သူတွေက လုပ်ရတာ သိပ်စိတ်မပါတော့ဘူးလေ။ ပြီးခဲ့တဲ့ သုံးလေးနှစ် လောက်ကလည်း ရော်ဘာဈေး ကျတော့ပိုဆိုးတယ်။ ရော်ဘာ ခြံတွေကို လှည့်ကိုမကြည့်ချင်တော့ဘူး ဖြစ်နေတာ” ဟု သံတောင်ကြီးဒေသ ၁၃ မိုင်ရွာမှ ရာဘာစိုက်တောင်သူ ဒေါ်မို့က ပြောကြားသည်။
ယခုနှစ် ရော်ဘာဈေး ကောင်းနေခြင်းမှာ ရော်ဘာကုန်ကြမ်း ဝယ်လိုအားကြောင့် ဈေးကောင်းခြင်းမဟုတ်ဘဲ ရော်ဘာပေါ်ခါစတွင် ရော်ဘာတစ်ပေါင်လျှင် ကျပ် ၇၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့ပြီး ယခုရက်ပိုင်း ဒေါ်လာဈေး မြင့်တက်ချိန်နှင့် ရေနံဈေးကောင်းချိန်တွင် တစ်ပေါင်လျှင် ကျပ် ၁၀၀၀ ကျော်အထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ လတ်တလော ဒေါ်လာဈေး မြင့်တက်နေခြင်း၊ ရေနံဈေး မြင့်တက်နေခြင်းများနှင့် သက်ဆိုင်မှု ရှိနေကြောင်း၊ သံတောင်ကြီးဒေသထွက် ရော်ဘာများအား မန္တလေးမှ မူဆယ်မှတဆင့် တရုတ်နိုင်ငံများသို့ တင်ပို့ကြကြောင်း၊ မြန်မာနိုင်ငံမှ ရော်ဘာများအား ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံများသို့ တင်ပို့ရကြောင်း၊ သံတောင်ကြီးဒေသရှိ ရော်ဘာစိုက်ဝယ်ရောင်း လုပ်သူများထံမှ သိရသည်။
ရော်ဘာပင်မှာ စတင်စိုက်ပျိုးချိန်မှ အပင်သက် ခုနစ်နှစ်သားအရွယ်တွင် အစေးခြစ်ကာ ရော်ဘာထုတ်လုပ်နိုင်သော နှစ်ရှည်ပင်မျိုးဖြစ်ပြီး တစ်ရာသီလျှင် မိုးရာသီတွင်သာ အစေးခြစ်ရပ်နားရပြီး ပွင့်လင်းရာသီ တစ်လျှောက် အစေးခြစ်နိုင်ကြောင်း၊ ရော်ဘာတစ်ဧက၏ တစ်ရာသီ ရော်ဘာအထွက်နှုန်းမှာ ပေါင် ၁၄၀၀ ဝန်းကျင်ရှိကြောင်း၊ ရော်ဘာပင်မှ ရော်ဘာအစေးခြစ် လုပ်ငန်းအား နှစ်ပေါင်း ၃၀ ဝန်းကျင်အထိ လုပ်နိုင်ကြောင်း၊ ရော်ဘာပင်အား မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အများစုတွင် စိုက်ပျိုးကြပြီး၊ ကရင်ပြည်နယ် သံတောင်ကြီး ဒေသတစ်ဝိုက်တွင် ဧက ၁၂၀၀၀ ဝန်းကျင်ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
 

Most Read

Most Recent