မန္တလေးတက္ကသိုလ် ရာပြည့်အကြို သိပ္ပံပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ

မန္တလေးတက္ကသိုလ် ရာပြည့်အကြို သိပ္ပံပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ
Published 23 December 2016
လဲ့လဲ့အောင်၊ ဟေမာန်ဦး

မန္တလေးတက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ်အဖြစ် သိပ္ပံပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် ဈေးရောင်းပွဲတော်တို့အား ဒီဇင်ဘာ ၂၃ ရက်က မန္တလေး တက္ကသိုလ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မန္တလေးတက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၁၉ ရက်တွင် သုတေသန စာတမ်းဖတ်ပွဲ၊ ဒီဇင်ဘာ ၂၂ ရက်တွင် အာစရိယပူဇော်ပွဲများ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ဓာတ်ပုံပြပွဲ၊ ဈေးရောင်းပွဲနှင့် သိပ္ပံပြပွဲများ ကျင်းပခြင်းဖြစ်ကာ ရာပြည့်အကြို ဓာတ်ပုံပြပွဲကို မန္တလေးတက္ကသိုလ်   ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြီး မန္တလေးတက္ကသိုလ် နတ်သျှင်နောင်လမ်းတွင် ဈေးရောင်းပွဲတော်နှင့် မိုးလုံလေလုံ အားကစားရုံ အတွင်း၌ ပထမဆုံးအကြိမ် သိပ္ပံပြပွဲအား ကျင်းပခဲ့ကြောင်း သိရှိရသည်။
သိပ္ပံပြပွဲကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ နှစ်ရက်တိုင် ကျင်းပသွားမည်ဖြစ်ကာ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ တက္ကသိုလ်ကျောင်းသားများ၏ တီထွင်ဖန်တီးမှုများအား ခင်းကျင်းပြသခြင်းနှင့် တက္ကသိုလ်အချင်းချင်း နည်းပညာ ဖလှယ်မှုရရန်နှင့် ရင်းနှီးမှုရရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။
သိပ္ပံပြပွဲတွင် မန္တလေးတက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်များမှ ဘာသာရပ်အလိုက် ပြခန်းအသီးသီးနှင့် မန္တလေးအနီးဝန်းကျင်ရှိ မန္တလေးနည်းပညာ တက္ကသိုလ်၊ စစ်ကိုင်းနည်းပညာတက္ကသိုလ်၊ ကျောက်ဆည် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်မန္တလေး အစရှိသည့် အနီးဝန်းကျင်ရှိ နည်းပညာ တက္ကသိုလ်များမှ သိပ္ပံပြခန်းများ စုစုပေါင်း ပြခန်း ၄၀ ခင်းကျင်း ပြသထားကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်ကို ဇူလိုင် ၄ ရက် ၁၉၂၅ ခုနှစ်တွင် ဥပစာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၄၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် Mandalay University College အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ်တွင် မန္တလေး တက္ကသိုလ်အဖြစ် သီးခြားရပ်တည်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် မြို့နယ်အလိုက် စာမေးပွဲစစ်ခြင်းကို စတင်ခဲ့ကာ ၁၉၆၄ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အဖြစ် အသွင်ပြောင်းခဲ့ပြီး ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ကာလမှစတင်၍ ယနေ့အချိန်အထိ မန္တလေးတက္ကသိုလ် အမည်ဖြင့် တည်ရှိခဲ့ကြောင်း၊၂၀၁၃ ခုနှစ်တွင် Asian University Network (AUN) Member Universtiy ဖြစ်လာခဲ့ကြောင်း သိရှိရသည်။
 

Most Read

Most Recent