မန္တလေးတာရိုး ကျူးကျော်များအတွက် ဆောက်လုပ်ပေးထားသည့် အငှားတိုက်ခန်း အိမ်ရာတွင် စည်းမျဉ်းချိုးဖောက် နေထိုင်သူများအား ဖယ်ရှားမည်ဟု MCDC ထုတ်ပြန်

မန္တလေးတာရိုး ကျူးကျော်များအတွက် ဆောက်လုပ်ပေးထားသည့် အငှားတိုက်ခန်း အိမ်ရာတွင် စည်းမျဉ်းချိုးဖောက် နေထိုင်သူများအား ဖယ်ရှားမည်ဟု MCDC ထုတ်ပြန်
Published 23 December 2016
မင်းမင်းစိုး

မန္တလေးမြို့ အနောက်ဘက် ကမ်းနားလမ်းတစ်လျှောက် ကျူးကျော်များအတွက် ဆောက်လုပ်ပေးထားသည့် အငှားတိုက်ခန်း အိမ်ရာတွင် နေထိုင်သည့် အိမ်ထောင်စုများအနက် စည်းမျဉ်းချိုးဖောက် နေထိုင်သူ ၇၀ ခန့် တွေ့ရှိရပြီး ယခုဘဏ္ဍာနှစ်ကုန်တွင် စည်းကမ်းနှင့် မညီညွတ်သူများအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။
စည်ပင်မှ ဆောက်လုပ်ပေးထားသော အငှားတိုက်ခန်းများတွင် သက်မှတ်စည်းကမ်းနှင့် မညီသူများ နေထိုင်ကြောင်း သတင်းရရှိသည့်အတွက် မြို့နယ်ထွေအုပ်၊ စည်ပင်၊ လဝက စသည့် ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။
“ဒီတိုက်ခန်းတွေကို ငှားတာက ဘတ်ဂျက်နှစ်နဲ့ ငှားထားတာပါ။ စည်းကမ်းနဲ့မညီဘဲ နေထိုင်တဲ့သူတွေ ၇၀ ခန့်ရှိတယ်။ သူတို့ကို အခွင့်အရေး တစ်ခုပေးထားတယ်။ အခုစည်းကမ်းနဲ့ ညီအောင်ပြန်လုပ်၊ ဒီဘဏ္ဍာနှစ် ကုန် (၂၀၁၇ မတ်လ ၃၁) မှာမှ စည်းကမ်းနဲ့ မညီဘူးဆိုရင် ပြန်သိမ်းမယ်။ မြို့တော်ဝန်ကြီးကလည်း စာချုပ်ပါ စည်းကမ်းအတိုင်း မညီညွတ်ဘူးဆိုရင် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ စာချုပ်ပါအတိုင်းလုပ်ဖို့ ညွှန်ကြားထားပါတယ်” ဟု ဦးသက်နိုင်ထွန်းက ဆိုသည်။
မန်းစည်ပင် အငှားတိုက်ခန်းများတွင် နေထိုင်သူများအနက် အချို့မှာ အိုးပိုင်အိမ်ပိုင် ရှိလျက်နှင့် မဲဖောက်စဉ်က ဝင်ရောက်စာရင်းပေးကာ မဲနှိုက်ခြင်းဖြစ်ပြီး ပြန်အငှားချနေထိုင်သူ အများအပြား ရှိသောကြောင့် အဆိုပါ ကိစ္စရပ်များကိုပါ ပြန်လည်စိစစ် ပေးစေလိုကြောင်း တာရိုးဘေး ကျုးကျော်နေထိုင်သူများက ပြောကြားသည်။
“လျှောက်လွှာတွေ တင်တုန်းက ကျွန်တော်တို့ ကျုးကျော်တွေမှာ မှတ်ပုံတင်ရှိပေမယ့် အိမ်ထောင်စုစာရင်း မရှိတော့ မတင်ပြလိုက်ရဘဲ ကျန်ခဲ့တယ်။ မင်းတဲအီကင်းထဲမှာ နေတဲ့သူတွေကျ အိမ်ထောင်စုစာရင်းရှိတော့ သူတို့ကပါ ကျူးကျော်နာမည်ခံပြီး လျှောက်လွှာတင်၊ မဲနှိုက်ကြတာတွေ ရှိပါတယ်။ အဲဒါတွေကိုပါ သေသေချာချာ စိစစ်ပေးစေလိုပါတယ်” ဟု မကျည်းပင်ဆိပ်တွင် နေထိုင်သူ ဒေါ်ခင်မာက ပြောကြားသည်။
မန္တလေးမြို့ အနောက်ဘက် ကမ်းနားလမ်းရှိ အငှားတိုက်ခန်းများအား မန္တလေးတိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး တန်ဖိုးနည်း အငှားတိုက်ခန်း အရေအတွက် ၁၅၈၄ အား တစ်လလျှင် တိုက်ခန်းငှားခ အနေဖြင့် ကျပ်သုံးသောင်း ကောက်ခံထားခြင်းဖြစ်ပြီး အိုးပိုင်အိမ်ပိုင် ရှိလျက်နှင့် တိုက်ခန်းငှားရမ်း နေထိုင်သူများအား စိစစ်တွေ့ရှိပါက ပြန်လည်သိမ်းယူ သွားမည်ဖြစ်ကြောင်း၊ မဲပေါက်သူကိုယ်တိုင် နေထိုင်ရမည် ဖြစ်ကြောင်း အငှားအိမ်ရာ ငှားရမ်းသူများ လိုက်နာရမည့် စည်းကမ်းချက်တွင် ဖော်ပြထားသည်။ အဆိုပါ တိုက်ခန်းများကို ၂၀၁၆ ခုနှစ် မတ် ၇ ရက်ကစတင်ကာ မဲဖောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။     

Most Read

Most Recent