ရန်ကုန်စတော့ အိတ်ချိန်းတွင် FMI ရှယ်ယာတစ်စု ကျပ် ၁၅၀၀၀ အထိ အနိမ့်ဆုံး ဈေးနှုန်း ဖြစ်ပေါ်လာနေသည့်အပြင် ယခုလအတွင်း စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီသုံးခုမှ အရောင်းအဝယ် ဖြစ်ပေါ်မှုမှာလည်း လက်ရှိကာလအထိ ကျပ် ၁ ဒသမ ၃ ဘီလျံခန့်သာရှိကာ အရောင်းအဝယ်ဖြစ်မှု စံချိန်တင် နည်းပါးနေကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ နေ့စဉ်ထုတ်ပြန်သည့် အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု အခြေအနေများအရ ဒီဇင်ဘာ ၂၃ ရက်တွင် သိရသည်။
ယခင်က FMI ရှယ်ယာ၏ အနိမ့်ဆုံး ကျဆင်းခဲ့သည့် ရှယ်ယာတစ်စု ဈေးနှုန်းမှာ နိုဝင်ဘာ ၂၅ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ရှယ်ယာတစ်စု ကျပ် ၁၅၅၀၀ ဖြစ်ပြီး လက်ရှိတွင်မူ ကျပ် ၁၅၀၀၀ သို့ ထပ်မံရောက်ရှိခဲ့ကာ အဆိုပါ တန်ဖိုးမှာ ရှယ်ယာတစ်စု၏ မူရင်းတန်ဖိုး ကျပ် ၁၀၀၀ သာရှိသည့် FMI ကုမ္ပဏီ ရန်ကုန်စတော့ အိတ်ချိန်းတွင် မဝင်ရောက်မီက ဈေးနှုန်းသို့ ပြန်လည်ရောက်ရှိ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ရှယ်ယာ၏ အမြင့်ဆုံးဈေးနှုန်းမှာ မတ် ၂၉ ရက်နှင့် မတ် ၃၀ ရက်များတွင် ဖြစ်ပေါ်ခဲ့သည့် ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ရှယ်ယာအရောင်းအဝယ်ဖြစ်မှု ကျဆင်းနေသည့်နည်းတူ သီလဝါရှယ်ယာသည်လည်း အရောင်းအဝယ်နှင့် ဈေးနှုန်းကျဆင်းနေပြီး ရှယ်ယာတစ်စုအဖြစ်မှ ရှယ်ယာ ၁၀ စုအဖြစ်သို့ ခွဲစိတ်ပြီးနောက်တစ်စု ကျပ် ၅၃၀၀ အထိ မြင့်တက်ခဲ့သည့် သီလဝါရှယ်ယာသည် လက်ရှိ ဒီဇင်ဘာ ၂၃ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၄၅၀၀ အထိ ဈေးနှုန်းကျဆင်းလာနေသည်။
ထိုသို့ ရှယ်ယာများ ဈေးနှုန်းကျဆင်းနေသည့်အပြင် ရန်ကုန်စတော့အိတ်ချိန်းတွင် လူစိတ်ဝင်စားမှု အနည်းဆုံးဖြစ်သည့် မြန်မာနိုင်ငံသားများ ဘဏ်ရှယ်ယာသည် ရှယ်ယာတစ်စု ကျပ် ၉၅၀၀ ဝန်းကျင်ဖြင့် ဈေးနှုန်းငြိမ်သက် နေသော်လည်း တစ်နေ့တာ အရောင်းအဝယ်ဖြစ်မှု လုံးဝမရှိဘဲ ရောင်းအား သုညဖြင့် ရပ်တည်နေသည့် ရက်များမှာ ဒီဇင်ဘာလအတွင်း ခုနစ်ကြိမ်အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု သုညအထိ ကျဆင်းခဲ့သည့် နေ့များမှာ ဒီဇင်ဘာ ၆ ရက်၊ ၈ ရက်၊ ၁၂ ရက်၊ ၁၄ ရက်၊ ၁၆ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်များတွင် ဖြစ်ပြီး ယခင်က တစ်နေ့တာအတွင်း အရောင်းအဝယ် သုညအခြေအနေသို့ ရောက်ရှိခဲ့သည့်နေ့မှာ နိုဝင်ဘာ ၂၁ ရက် တစ်ကြိမ်သာ ရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာတွင် ရန်ကုန်စတော့ အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ပြန်လည် မြင့်တက်လာခဲ့ပြီး ကျပ်လေးဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အရောင်းအဝယ် မြင့်တက်မှုမှာ တစ်လသာကြာခဲ့ပြီး နိုဝင်ဘာတွင်မူ အရောင်းအဝယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံခန့်ဖြင့် စတော့အိတ်ချိန်းဖွင့်လှစ်သည့် ကိုးလအတွင်း နိုဝင်ဘာသည် အရောင်းအဝယ်ကျဆင်းမှု အဆိုးဆုံး ဖြစ်ခဲ့ရကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ လအလိုက် ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်မှု အခြေအနေများအရ သိရသည်။
ထိုသို့ အရောင်းအဝယ်ဖြစ်မှု ကျဆင်းနေသည့်အပြင် ရှယ်ယာရောင်းချရက် လေးရက်သာ ကျန်ရှိတော့သည့် ယခုလတွင်လည်း ဒီဇင်ဘာ ၂၃ ရက်အထိ ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီသုံးခုမှ ကျပ် ၁ ဒသမ ၃ ဘီလျံခန့်သာ အရောင်းအဝယ် ဖြစ်ထားသဖြင့် စံချိန်တင် အရောင်းအဝယ် ကျဆင်းမှု ဖြစ်ပေါ်ထားသည်။
FMI ရှယ်ယာတစ်စု ကျပ် ၁၅၀၀၀ ဖြင့် အနိမ့်ဆုံးဈေးသို့ ကျဆင်းလာပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် ကုမ္ပဏီသုံးခု၏ ရှယ်ယာအရောင်းအဝယ်ဖြစ်မှု ယခုလအတွင်း စံချိန်တင်နည်းပါး