၁။ ဆုံးဖြတ်ချက်ချခြင်း
ဒီလဆန်းက ကျွန်တော်တို့ အဖွဲ့အစည်းမှာ Annual Review Meeting လေး လုပ်ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်ကမှ ရာထူးတက်သွားတဲ့ ညီငယ်တစ်ယောက်ကို Meeting ပြီးသွားတော့ ကျွန်တော့်ဆရာက ပြောပါတယ်။ ဆရာအရင်လောက် သိပ်အသံ မထွက်တော့ဘူးနော်တဲ့။
အရင်ရာထူးအငယ် ဘဝမှာတော့ ဒီလိုနှစ်ဆုံးပိုင်းမှာလုပ်တဲ့ Review Meeting မှာဆို အားပါးတရ ပြောခဲ့ကြတာပေါ့။ ဘယ်လိုခက်ခဲတယ်၊ ဘယ်လိုပြဿနာတွေကြုံတယ်၊ ဘယ်လို Support တွေလိုတယ်၊ တောင်းဆိုခဲ့ကြဖူးတယ်။
ကိုယ်ပြောလို့ လူကြီးတွေက တော်တော်နဲ့ မလှုပ်ရင်လည်း လူကြီးတွေ သိပ်နှေးတာပဲ၊ ဒါလေး ဆုံးဖြတ်ဖို့ကိုများ စဉ်းစားနေလိုက်ကြတာ စသဖြင့် အပြစ်မြင်ခဲ့ဖူးတယ်။
ကိုယ်တိုင်အကြီးပိုင်း မဟုတ်တောင် အလတ်ပိုင်းလောက် aရာက်လာတော့၊ စီမံခန့်ခွဲရတဲ့ aနရာမျိုး ပိုရောက်လာတော့ ကိုယ်ချင်းစာတတ်လာတယ်။ ရက်စက်တယ်လို့ထင်တဲ့ ဆုံးဖြတ်ချက် တချို့ဟာ အဲဒီလိုမှ မလုပ်ရင် မရပါလားဆိုတာမျိုး မြင်လာတယ်။ ဒီလိုပဲ ဆုံးဖြတ်ချက်တစ်ခုကို တော်ရုံနဲ့ မပေးတာဟာလည်း ရှုထောင့်ပေါင်းစုံက ကြည့်နေရလို့ပါလား ဆိုတာမျိုး တွေးမိလာတယ်။
ဆိုပါတော့၊ တနင်္လာကနေ သောကြာနေ့အထိ ဆေးခန်းဖွင့်တယ်။ လူနာတွေက အကြံပေးတယ်၊ တနင်္ဂနွေကို ပြောင်းဖွင့်ပါလားဆိုတော့ ပြောင်းလိုက်တယ်၊ မြန်မြန်ဆန်ဆန်ပဲ။ သောကြာ၊ စနေ၊ ပိတ်တယ်၊ တနင်္ဂနွေကနေ ကြာသပတေးထိ ဖွင့်မယ်။ ရုတ်တရက် ကြည့်ရင်ဟုတ်သလိုပဲ၊ ဒါပေမဲ့ တစ်ချက် မစဉ်းစားမိလိုက်တာက ကိုယ့်ဝန်ထမ်းတွေထဲမှာ ခရစ်ယာန်ဘာသာဝင် တစ်ယောက်ပါနေတယ်။ သူက တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်း တက်ရမယ်။ ဘယ်လိုလုပ်မလဲ။ ဒီအတွက် တနင်္ဂနွေနေ့တိုင်း သူက ခွင့်ယူရတော့မလို ဖြစ်နေတယ်။ သူလည်း အဆင်မပြေဘူး၊ သူ့ကိုယ်စားပါ အလုပ်လုပ် ပေးရတော့မယ့် ကျန်လူတွေလည်း အဆင်မပြေဘူး၊ အလုပ်လည်း ထိခိုက်လာမယ်။ ဒီထက်ဆိုးသွားရင်တော့ ဒီလူ၊ ဒီအဖွဲ့ဟာ ဘာသာခြား လူနည်းစုကို ဖိနှိပ်တယ်ဆိုတာမျိုး အထိ ဖြစ်သွားနိုင်တယ်။
ဆိုလိုတာက ဆုံးဖြတ်ချက်တစ်ခု ချဖို့ဆိုတာ ထင်သလောက် မလွယ်ဘူး။ သတင်းအချက်အလက်တွေ စုရတယ်၊ ရှုထောင့်ပေါင်းစုံက ကြည့်ရတယ်၊ နောက်ဆက်တွဲ အကျိုးတွေကို ထည့်စဉ်းစားရတယ်။
၂။ သက်ရောက်မှု ကြီးမား
မလွယ်ဘူးဆိုလို့ ဆုံးဖြတ်ချက်တွေကို အေးဆေး အချိန်ယူနေလို့ရော ရလားဆိုတော့ မရဘူး။ အချိန်မီ၊ အချိန်မှန်ဖြစ်ဖို့လည်း လိုတယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံလို နှစ် ၂၀ စာလောက် သူများနောက်ကျန်ခဲ့တဲ့ တိုင်းပြည်မျိုးဆို ပိုလို့တောင် အချိန်ဆွဲလို့ မရသေးတယ်။ သိပ်နှေးလွန်းရင်လည်း မကောင်းသလို၊ မြန်ပေမယ့် မမှန်ရင်လည်း မကောင်းပါဘူး။
အဆုံးအဖြတ်ဆိုတာ ပေးတဲ့သူရဲ့ Level ပေါ် မူတည်ပြီး သက်ရောက်မှု ကွာပါတယ်။ အဆင့်မြင့်ရင် မြင့်သလို၊ ယူထားရတဲ့ တာဝန်ကြီးရင်ကြီးသလို သူ့ဆုံးဖြတ်ချက်ရဲ့ သက်ရောက်မှုက တအားကြီးတယ်။ လွဲမှားတဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုကို အများကြီး ထိခိုက်သွားစေနိုင်တာမျိုးတွေအထိ ဖြစ်နိုင်တယ်။
ကားလမ်းတွေမှာပဲ ကြည့်ပါ။ တော်ကြာနေ မီးပွိုင့်တပ်လိုက်ပြန်ပြီ၊ တပ်လိုက်ကာမှ ကားတွေပိုပိတ်ကုန်လို့ ပြန်ဖြုတ်လိုက်ပြန်ပြီ။ ခဏနေ လမ်းပေါ်မှာ ဘလော့တုံးတွေ ခံလိုက်ပြန်ပြီ၊ တော်ကြာနေ ပြန်ဖယ်လိုက်ပြန်ပြီ။ ဒါသေးသေးလေးတွေပဲ ရှိသေးတယ်။ ဒီထက် သက်ရောက်မှုကြီးပြီး စည်းကမ်းထုတ်ပြီးကာမှ ပြန်ပြင်လိုက်ရတဲ့၊ ပြောရရင် ဘာမှဖြစ်မလာတဲ့ ဆုံးဖြတ်ချက်တွေ မြောက်မြားစွာ ကျန်ပါသေးတယ်။ ဒီအတွက် ဘာဖြစ်လာလဲ။ မလိုအပ်ဘဲ လျှောက်လုပ်တော့ တိုင်းပြည် ပိုက်ဆံတွေ လေလွင့်တယ်။
ကိုယ့်စည်းကမ်းက မယောင်တဲ့နေရာ ဆီသွားလူးသလိုဖြစ်တော့ တိုင်းပြည်စီးပွားရေးကို ထိတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုကိုလည်း အတိုင်းအတာ တစ်ခုအထိ ဆုံးရှုံးရတယ်။ အကျင့်ပျက်လာဘ်စားမှုကပဲ တိုင်းပြည်ကို နစ်နာစေတာ မဟုတ်ဘူး၊ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကလည်း နစ်နာစေတယ် ဆိုတာကို သတိထားကြစေချင်တယ်။
ဒီအတွက် ဘာလုပ်ရမလဲဆိုရင် ပညာရှင်တွေရဲ့အသံ နားထောင်ဖို့လိုတယ်။ မီဒီယာတွေရဲ့ ထောက်ပြမှုကို လေးစားပေးဖို့ လိုတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဆီက အမြင်တွေယူဖို့ လိုလာတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ ခိုင်မာအားကောင်းချင်ရင် မီဒီယာ လွတ်လပ်ခွင့်ရှိဖို့၊ Civil Society Organization လို့ခေါ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုတယ်လို့ ပြောနေကြတာပဲ ဖြစ်ပါတယ်။
သူတို့တွေဆီကတစ်ဆင့် တကယ် အကျိုးခံစားရမယ့် ပြည်သူတွေရဲ့ အသံကို ကြားရလိမ့်မယ်။ ဒီအခါမှာ ကိုယ့်ဆုံးဖြတ်ချက်တွေဟာ ပြည်သူအတွက် တကယ်အကျိုးရှိလာလိမ့်မယ်။ ပြောရရင် ဒါသည်ပင်လျှင် ဒီမိုကရေစီရဲ့ အနှစ်သာရပဲ။ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ချင်ရင် ဒီမိုကရေစီ အလေ့အကျင့်တွေကို လေးစားကြရလိမ့်မယ်။
၃။ အကောင်းမြင်လွန်းတဲ့အခါ
လက်ရှိအစိုးရဟာ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပထမဦးဆုံးသော အရပ်သား အစိုးရလို့ ပြောရင်ရနိုင်တယ်။ အဲဒီအခါ လက်ရှိအစိုးရနဲ့ ပတ်သက်ရင် ပြည်သူတွေရဲ့ အကောင်းမြင်ပေးမှု၊ နားလည်ပေးနိုင်မှုတွေဟာ အံ့သြစရာကောင်းလောက်အောင် မြင့်နေတယ်။ ခုံးကျော်တံတားတွေအောက်မှာ ပြင်သစ်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ Public Area လေးတွေ ဖော်ဆောင်ပေးနေတာ ဝမ်းသာစရာပါ။
အရင်တုန်းက Sim Card တွေ ၁၅၀၀ လောက်နဲ့ ရလာတာကို စစ်မှန်တဲ့ ပြောင်းလဲမှုကြီးအဖြစ် ပုံဖော်ခဲ့ကြတာ၊ ချီးကျူးခဲ့ကြတာကို သတိရမိတယ်။ အကောင်းမြင်ကြတာ ကောင်းပါတယ်။ ဒါပေမဲ့ အကောင်းမြင်လွန်းတဲ့အခါ အမှန်မမြင်တော့မှာလေးတော့ စိတ်ပူမိပါတယ်။ မိဘနဲ့ သားသမီးလိုပေါ့။ ချစ်လွန်းလို့ ဘာလုပ်လုပ် ခွင့်လွှတ်ထားခြင်းဟာ ချစ်ရာမရောက်ဘူး၊ နှစ်ရာရောက်တယ်။ ဒါကြောင့် သားသမီးကို ချစ်တဲ့မိဘမှန်ရင် သားသမီး လိုအပ်တာကို ပြောပြပေးဖို့ တာဝန်ရှိကို ရှိတယ်။
၄။ အချင်းချင်းတွေ အပြစ်တင်
အစိုးရကို အကောင်းမြင်လွန်းခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာကတော့ ပြည်သူအချင်းချင်း အပြစ်တင်မှုတွေ သိပ်များလာတာပဲ။ ကွမ်းတံတွေးထွေးတာတို့၊ အမှိုက်ပစ်တာတို့ဆို အရင်အစိုးရခေတ်က ဒါတွေကိုပြပြီး ပြည်သူတွေကို အပြစ်တင်တော့ ကျွန်တော်တို့တွေ ရေးခဲ့၊ ပြောခဲ့ကြဖူးတယ်။ ဘယ်မှာလဲ အမှိုက်ပုံး၊ ဘယ်မှာလဲ ထိရောက်တဲ့ အပြစ်ပေးမှု။
ဘာနဲ့ ဥပမာ ပေးရမလဲဆိုတော့ နယ်စွန်နယ်ဖျားမှာ ပိုက်ဆံလည်းမရ၊ ရာထူးလည်း မတက်၊ ဘွဲ့လွန်လည်း မဖြေရပေမယ့် ပရဟိတစိတ် အပြည့်နဲ့ ဆေးကုနေတဲ့ သူရဲကောင်း ဆရာဝန်တစ်ယောက် အကြောင်းပြောပြပြီး မင်းတို့ဆရာဝန်တွေအားလုံး သူ့ကို အတုယူကြလို့ ပြောနေတာနဲ့တူတယ်။ ဟုတ်တာပေါ့၊ အတုယူထိုက်တာပေါ့၊ ဒါပေမဲ့ သူလိုစိတ်ဓာတ်မျိုး ဘယ်နှယောက်ထားနိုင်မလဲ။
ကိုယ်က စာရေးဆရာတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် လူငယ်ဆရာဝန်တွေ အတုယူနိုင်အောင် ပြောပြ၊ ရေးပြလို့ရပေမယ့် ကိုယ်က တာဝန်ကြီးကြီး ယူထားမယ်ဆိုရင် ဒီလောက်နဲ့ မလုံလောက်တော့ဘူး။ ဆရာဝန်တွေအတွက် အလုပ်လုပ်ပျော်သော အခြေအနေတစ်ရပ် ဖန်တီးပေးဖို့ လိုလာမယ်။ ဒါမှသာ သူတို့ဆီက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်လို့ရလာမယ်၊ ပြည်သူတွေ အကျိုးရှိမယ်။
ခုလည်း ဒီလိုပဲ၊ ပြည်သူတွေကို အမှိုက်မပစ်စေချင်တော့ဘူး၊ စည်းကမ်းမဲ့ ကွမ်းတံတွေး မထွေးစေချင်တော့ဘူးဆိုရင် အမှိုက်ပုံးတွေ လုံလုံလောက်လောက် ထားပေးဖို့၊ ကွမ်းယာဆိုင်တွေ ကန့်သတ်ဖို့၊ စည်းကမ်းဖောက်သူကို ထိထိရောက်ရောက် အရေးယူဖို့ဆိုတာမျိုးတွေ လိုလာမယ်။
၅။ ဆုံးဖြတ်ချက်တွေက ရလဒ်တွေ ဖြစ်လာတယ်
တကယ်တော့ လူ့ဘဝဆိုတာ ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတာပါ။ နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်တွေ ချနေရပါတယ်။ အိမ်ကနေ အလုပ်ကို ဘယ်လမ်းကသွားမှာလဲ၊ ဒီနေ့ ညစာဘာစားမှာလဲ၊ ဒါတွေအားလုံးကို ဆုံးဖြတ်ပေးနေရပါတယ်။ အဝတ်အစား မှားဝယ်မိတာနဲ့ အိမ်ထောင်ဖက် မှားရွေးမိတာ သက်ရောက်မှုချင်း မတူပါဘူး။ ဒီလိုပဲ လေးတန်းကျောင်းသားဘဝမှာ ကျူရှင်အရွေးမှားတာနဲ့ ၁၀ တန်းအောင်လို့ တက္ကသိုလ် အရွေးမှားတာ မတူပါဘူး။
ဘဝမှာ အရေးကြီးတဲ့၊ သက်ရောက်မှုကြီးတဲ့၊ အပြောင်းအလဲ ကြီးကြီးဖြစ်သွားနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးချရတဲ့ အချိန်ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ ဒီအခါ အချက်အလက်များများ ရှိထားဖို့လိုတယ်၊ ကိုယ်ဘာကို တန်ဖိုးထားတာလဲ သိဖို့လိုတယ်၊ ရှုထောင့် ပေါင်းစုံက ကြည့်ပြီးနောက် ဆက်တွဲပြဿနာ တွေကို ကြိုပြင်ဆင်ထားနိုင်ဖို့ လိုတယ်။
တိုင်းပြည်ကို စီမံခန့်ခွဲနေတဲ့ အစိုးရအတွက်ကျတော့ အဲဒီလို ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို နေ့စဉ်နေ့တိုင်း ချနေကြရပါတယ်။ အကောင်းဘက်ကို ဆွဲတင်သွားနိုင်သလို၊ ပိုဆိုးသွားစေတာမျိုးလည်း ဖြစ်နိုင်တာမို့ အမှားမခံသလောက်ပဲလို့ ပြောလို့ရပါတယ်။
ဒီအတွက် ဆုံးဖြတ်ချက်တစ်ခု ချတော့မယ်ဆိုရင် လုံလောက်တဲ့ သတင်းအချက်အလက်တွေ ရှိထားဖို့ လိုတယ်။ ပညာရှင်တွေရဲ့ အမြင်၊ မီဒီယာတွေ၊ ပြည်သူတွေရဲ့အသံ၊ ဒါတွေကို တလေးတစား ထည့်စဉ်းစားဖို့ လိုတယ်။










