ထရန့်က တရုတ်ကို ဝေဖန်သူနှင့် အစိုးရမူဝါဒကို ဝေဖန်သူတို့အား စီးပွားရေးဆိုင်ရာ ရာထူးများ လျာထား

ထရန့်က တရုတ်ကို ဝေဖန်သူနှင့် အစိုးရမူဝါဒကို ဝေဖန်သူတို့အား စီးပွားရေးဆိုင်ရာ ရာထူးများ လျာထား
Published 23 December 2016
Ref:AFP

အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိထားသော ဒေါ်နယ်ထရန့်က အစိုးရသည် အလွန်အမင်း ထိန်းချုပ်ထားသည်ဟု ဝေဖန်ခဲ့သူ ဘီလျံနာသူဌေး ကားလ်အိုင်ခန်းအား အလွန်အကျွံ ထိန်းချုပ်မှုများကို ပြုပြင်ပြောင်းလဲရန် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် လျာထားလိုက်ကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။
ထရန့်က တရုတ်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုသည့် ပီတာနာဗားရိုးကိုလည်း အိမ်ဖြူတော် အမျိုးသားကုန်သွယ်ရေး ကောင်စီအကြီးအကဲအဖြစ် လျာထားလိုက်ကြောင်း သိရသည်။ အဆိုပါကောင်စီသည် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ မူဝါဒများအား ကြီးကြပ်မည့် ဌာနအသစ်ဖြစ်ပြီး ထရန့်အနေဖြင့် အမေရိကန်စီးပွားရေး မူဝါဒကို အလုံးစုံ ပြုပြင်ပြောင်းလဲရန် စီစဉ်နေကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။
အသက် ၈၀ အရွယ်ရှိ အိုင်ခန်းသည် ရန်လိုသော တက်ကြွလှုပ်ရှားသူနှင့် ရင်းနှီးမြှုပ်နံှသူ တစ်ဦးအဖြစ် ထင်ရှားပြီး အစိုးရဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်မည် မဟုတ်သကဲ့သို့ လခတစ်စုံတစ်ရာလည်း ရယူမည် မဟုတ်ကြောင်း သိရသည်။ ထို့ကြောင့် သူ၏ ရင်းနှီးမြှုပ်နှံမှုများကို ဖျက်သိမ်းရန် လိုအပ်သည့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများနှင့် ငြိစွန်းမည်မဟုတ်ဟု ဆိုသည်။
အိုင်ခန်းက သမ္မတအိုဘားမားသည် ထိန်းချုပ်မှုအသစ်များဖြင့် အမေရိကန်လုပ်ငန်းရှင်များကို ဒေါ်လာ တစ်ထရီလျံကျော် ထိခိုက်စေခဲ့ပြီး နာရီပေါင်း ဘီလျံ ၇၅၀ ကြာအောင် စာရွက်စာတမ်းများဖြင့် အချိန်ကုန်စေခဲ့သည်ဟု ပြောကြားခဲ့ဖူးသည်။
အိုင်ခန်းက “အလွန်အကျွံ ထိန်းချုပ်မှုတွေကနေ လွတ်မြောက်အောင် ချိုးဖျက်ပြီး ကျွန်တော်တို့ရဲ့ စွန့်ဦးလုပ်ကိုင်သူတွေကို အကောင်းဆုံး လုပ်ကိုင်နိုင်အောင် ခွင့်ပြုဖို့အချိန်ကျပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပြီး လူ့အသိုင်းအဝိုင်းတွေကို ထောက်ပံ့ရပါမယ်” ဟုပြောကြားခဲ့သည်။
အိုင်ခန်းသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စများကို ငြင်းဆိုသူတစ်ဦးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီအကြီးအကဲ ခန့်ထားခဲ့မှု အပါအဝင် အစိုးရအဖွဲ့၌ ပါဝင်မည့်သူများအား ရွေးချယ်ရာ၌ ထရန့်ကို အကူအညီ ပေးနေသူဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ပြီးဖြစ်သည်။
“ကားလ်ဟာ အစကတည်းက ကျွန်တော်နဲ့အတူ ရှိနေသူဖြစ်ပြီး သူဟာ ကမ္ဘာ့အကြီးမြတ်ဆုံး လုပ်ငန်းရှင်တစ်ဦးအဖြစ် ရှိနေသူပါ။ ဒါကို ကျွန်တော်တကယ်ကို ချီးကျူးပါတယ်”ဟု ထရန့်က ထုတ်ပြန်ချက် တစ်ရပ်၌ ပြောကြားထားသည်။
“သူဟာ ပြောင်မြောက်တဲ့ စေ့စပ်ညှိနှိုင်းရေးမှူး တစ်ဦးသာမကဘူး။ အထူးသဖြင့် ဘဏ္ဍာရေးနဲ့ စီးပွားရေးအတွက် လုပ်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး အနာဂတ်ကို ကြိုတင်တွက်ချက် ခန့်မှန်းနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်”ဟုလည်း ထရန့်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်နေရတဲ့ အလွန်အကျွံ ထိန်းချုပ်မှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အကူအညီက တန်ဖိုးဖြတ်နိုင်မှာ မဟုတ်ပါဘူး”ဟုလည်း ထရန့်က ကားလ်အိုင်ခန်း နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
ထရန့်က နာဗားရိုးအား ခန့်အပ်မှုသည် ဝေဖန်ပြစ်တင် ရှုတ်ချမှုများနှင့်အတူ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာပြီးနောက် တရုတ်နှင့် ဆက်ဆံရေးကို ပြန်လည်ပုံသွင်းမည့် ဘက်သို့ ရွေ့လျားနေကြောင်း အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

Most Read

Most Recent