ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသူ ကိုဖိုးထောင် ရုံးချိန်းတွင် တရားလိုသက်သေအား စစ်ဆေးရာ သက်သေခံ စာရွက်စာတမ်းများ အသေးစိတ်မသိဟု တရားရုံး၌ ထွက်ဆို

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသူ ကိုဖိုးထောင် ရုံးချိန်းတွင် တရားလိုသက်သေအား စစ်ဆေးရာ သက်သေခံ စာရွက်စာတမ်းများ အသေးစိတ်မသိဟု တရားရုံး၌ ထွက်ဆို
Published 22 December 2016
နေရိုင်း၊ ဇေယျာထွန်း

ဦးဝင်းထိန်၏ လက်မှတ်အတုနှင့် ပါတီတံဆိပ်တုံးအတု ပြုလုပ်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသူ ကိုဖိုးထောင်၏ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြ သက်သေအား စစ်ဆေးရာတွင် သက်သေခံ စာရွက်စာတမ်းများအား အသေးစိတ်မသိခဲ့ဟု ဇမ္ဗူ သီရိမြို့နယ် တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။
တရားလိုပြ သက်သေ ဦးမိုးကျော်က အဆိုပါတရားရုံးတွင် ကိုဖိုးထောင်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ၏ မေးမြန်းချက်များအား ပြန်လည်ဖြေဆိုရာတွင် ယင်းဖြစ်စဉ်အတွက် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ရသော်လည်း အမှု၏အသေးစိတ် အဖြစ်အပျက်များအား မသိရှိကြောင်း၊ သိမ်းဆည်းရမိသည့် စာရွက်စာတမ်းအား အသေးစိတ် ဖတ်ရှုခဲ့ခြင်း မရှိသည့်အပြင် အသေးစိတ် မမှတ်မိကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ကိုဖိုးထောင်က “ကျွန်တော်သိတာကတော့ သူရဦးရွှေမန်းက ၆၆ (ဃ) ကိုပြင်ဖို့လုပ်မယ်လို့ သိရပါတယ်။ ကျွန်တော့်လို တရားစွဲခံထားရတဲ့သူတွေ အားလုံးအတွက် အလင်းရောင်တော့ သန်းလာပြီလို့ ထင်ပါတယ်။ ဒီနေ့တရားလိုပြ သက်သေထွက်ဆိုသွားတဲ့ အထဲမှာ ကျွန်တော်သုံးတဲ့ အောင်မြင့်ထွန်းဆိုတဲ့ အကောင့်မပါဘူး။ သူထွက်ဆိုသွားတဲ့အပေါ်မှာ အားရကျေနပ်မှုတော့ ရှိပါတယ်” ဟုပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ကျန်းမာရေးအရပါတီမှ အနားယူခွင့်ပြုပါရန်ဆိုသည့် ဦးဝင်းထိန်၏ လက်မှတ်အတုပါစာနှင့် ပါတီမှ ဦးဝင်းထိန်အား နုတ်ထွက်ခွင့်ပြုသည့် ပါတီတံဆိပ်ပါစာများအား စက်တင်ဘာလက လူမှုကွန်ရက်တွင် တင်ခဲ့သည်ဟုဆိုကာ မုံရွာမြို့နေ ကိုဖိုးထောင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဦးဝင်းထိန်အနေဖြင့် ယင်းကဲ့သို့ အမှုဖွင့်ရခြင်းမှာ ပုဂ္ဂိုလ်ရေးအရ သက်ဆိုင်ခြင်းမရှိဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးတံဆိပ်အား အတုပြုလုပ်ခဲ့သဖြင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ တိုက်တွန်းချက်ဖြင့် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောဆိုထားသည်။
ကိုဖိုးထောင်အား အဆိုပါဆက်သွယ်ရေး ဥပဒေပုဒ်မအပါအဝင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ ၄၆၈ တို့ဖြင့် အမှတ်(၁) မြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။
ကိုဖိုးထောင်အား အထက်ပါပုဒ်မများဖြင့် ဦးဝင်းထိန်၏ကိုယ်စား ဦးသန့်ဇင်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ်(၁) မြို့မရဲစခန်းတွင် အမှုဖွင့်ကာ တရားလိုပြုလုပ် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ကိုဖိုးထောင်၏ အမှုအား ဇန်နဝါရီ ၂ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent