ရပ်ဆိုင်းခံထားရသည့် အထပ်မြင့် အဆောက်အအုံ ၂၀၀ နီးပါးအနက် အကုန်လုံးနီးပါး ပြန်လည်ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ခြောက်လုံးသာ ခွင့်ပြုရန်ကျန်ရှိတော့ဟုဆို

ရပ်ဆိုင်းခံထားရသည့် အထပ်မြင့် အဆောက်အအုံ ၂၀၀ နီးပါးအနက် အကုန်လုံးနီးပါး ပြန်လည်ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ခြောက်လုံးသာ ခွင့်ပြုရန်ကျန်ရှိတော့ဟုဆို
Published 22 December 2016
ကျော်ထင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်စိစစ်မည် ဖြစ်သောကြောင့် ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့သည့် အထပ်မြင့်အဆောက်အအုံ ၂၀၀ နီးပါးအနက် အကုန်လုံးနီးပါး ပြန်လည်ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ခြောက်လုံးသာ ခွင့်ပြုရန် ကျန်ရှိတော့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။
ယခင်အစိုးရလက်ထက်က ဆောက်လုပ်ခွင့်ပြုခဲ့ပြီးသော အထပ်မြင့် အဆောက်အအုံများကို ပြန်လည်စိစစ်မည် ဖြစ်သောကြောင့် ရပ်ဆိုင်းထားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကပြီးခဲ့သည့် မေ ၁၄ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရလက်ထက်က ပါမစ်ကြီးကျခဲ့ပြီးသော၊ မူအားဖြင့် ဆောက်လုပ်ခွင့်ပြုခဲ့ပြီးသော အထပ်မြင့်အဆောက်အအုံ ၂၀၀ နီးပါး ရပ်ဆိုင်းထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအဆောက်အအုံများကို ပြန်လည်စိစစ်ခဲ့ရာ၌ အရေးကြီးအဆောက်အအုံ ၁၂ လုံးအားဖယ်ထုတ်ပြီး ၎င်းတို့ကို ပထမအသုတ်အနေဖြင့် စတင်စစ်ဆေးခဲ့ပြီး အဆိုပါ ၁၂ လုံးကို အထပ်များပြန်လျှော့ရန် ညွှန်ကြားခဲ့သဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အသနားခံစာ တင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီထံသို့ တိုင်ကြားခဲ့ကြောင်း၊ အလားတူ ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ Novotel Hote ၌ယင်းသို့ အထပ်များ ပြန်လျှော့ရန် ညွှန်ကြားခဲ့မှုနှင့် အထပ်မြင့်များ ရပ်ဆိုင်းခဲ့ရမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏နစ်နာမှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုလုံး ပြိုလဲသွားတော့မည့် အနေအထားများကို ရှင်းလင်းခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက အထပ်ပြန်လျှော့ခံရသည့် အထပ်မြင့် အဆောက်အအုံများအား သွားရောက်စစ်ဆေးခဲ့ရာတွင် စည်းကမ်းဖောက်ဖျက်မှု မတွေ့ရသည့်အတွက် အရေးယူရန်မသင့်ကြောင်း အဆိုပါကော်မတီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ သုံးသပ်ချက် ပြန်လည်တင်ပြခဲ့သည်ဟု သိရသည်။
ထို့နောက် အဆိုပါ အဆောက်အအုံများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြန်လည်စိစစ်ပြီး သြဂုတ် ၂၀ ရက်တွင် အထပ်များ ပြန်မလျှော့တော့ဘဲ မူလအတိုင်း ပြန်လည်ခွင့်ပြုခဲ့သဖြင့် အဆိုပါ အဆောက်အအုံ ၁၂ လုံးသည် သုံးလကျော် ရပ်ဆိုင်းခဲ့ရပြီးမှ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက်ကျန်ရှိသည့် အထပ်မြင့် အဆောက်အအုံများအနက်မှ ၄၃ လုံး၏ ရန်ကုန်မြို့တော်စည်ပင်က ပြန်ပြင်ရမည့်အချက်များကို ညွှန်ကြားခဲ့ပြီး ပြန်ပြင်ပြီးပါက ဆောက်လုပ်ခွင့်ပြုမည်ဟု စက်တင်ဘာလကတည်းက ခေါ်ယူပြောကြားခဲ့ပြီး ယင်းအဆောက်အအုံများအား နိုဝင်ဘာ ၈ ရက်တွင် ပြန်လည်ဆောက်လုပ်ခွင့်ပြုခဲ့ရာ ယင်းအဆောက်အအုံများသည်လည်း ခြောက်လနီးပါး ရပ်ဆိုင်းပြီးမှ ပြန်လည်ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသည့် အဆောက်အအုံများအနက်မှ အကုန်နီးပါးကို မကြာသေးမီက ပြန်လည်ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ခြောက်လုံးသာ ကျန်ရှိတော့ကြောင်း သိရသည်။
“အကုန်နီးပါးကို ပြန်ခွင့်ပြုလိုက်ပါပြီ။ ဒါပေမဲ့ ခြောက်လုံးတော့ ကျန်ပါသေးတယ်”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
 “အကုန်လုံးကို တဖြည်းဖြည်းချင်း ပြန်လည်ခွင့်ပြုနေပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ အထပ်မြင့် အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ခွင့် ရရှိခဲ့ကြသော်လည်း ဝယ်ယူသူများ၏ ယုံကြည်မှုများစွာ ကျဆင်းခဲ့ရသည့်အတွက် ဈေးကွက်အနေအထား ပုံမှန်ပြန်လည်ရောက်ရှိရန် များစွာကြိုးပမ်းရမည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

Most Read

Most Recent