ဒီဇင်ဘာ ၂၂ ရက်အား တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် ၈၆ နှစ်မြောက် ဂဠုန်ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံအထိမ်းအမှတ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲမှ တောင်းဆို

ဒီဇင်ဘာ ၂၂ ရက်အား တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် ၈၆ နှစ်မြောက် ဂဠုန်ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံအထိမ်းအမှတ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲမှ တောင်းဆို
 ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော ၈၆ နှစ်မြောက် ဂဠုန်ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံ အထိမ်းအမှတ် တောင်သူ လယ်သမားနှီးနှောဖလှယ်ပွဲကို တွေ့ရစဉ်
ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော ၈၆ နှစ်မြောက် ဂဠုန်ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံ အထိမ်းအမှတ် တောင်သူ လယ်သမားနှီးနှောဖလှယ်ပွဲကို တွေ့ရစဉ်
Published 22 December 2016
ကျော်ဇင်ဝင်း

၈၆ နှစ်မြောက် ဂဠုန်ဆရာစံတောင်သူ လယ်သမား အရေးတော်ပုံအထိမ်းအမှတ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့တော်ဝင် နှင်းဆီ စားသောက်ဆိုင်၌ ဒီဇင်ဘာ ၂၂ ရက်ကပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ၁၉၆၂ ခုနှစ် မတ် ၂ ရက်အား သတ်မှတ်ထားခြင်းကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့အစိုးရအား ဆရာစံနှင့်တကွ တောင်သူလယ်သမားများ စတင်တော်လှန်ခဲ့သည့် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက် ကို ပြောင်းလဲသတ်မှတ်ပေးရန် ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့ ပတောကျေးရွာမှ တောင်သူဦးတင်ဝင်းနိုင်က အဆိုပြုခဲ့ပြီး အခြား တောင်သူလယ်သမားတစ်ဦးက ထောက်ခံခဲ့ကာ အခမ်းအနား တက်ရောက်လာသူများကလည်း အဆိုတင်သွင်းခြင်းကို ထောက်ခံခဲ့သည်။
“အနာဂတ် တောင်သူလယ်သမားငယ်တွေ ကျွန်တော်တို့အပါအဝင် ဒီမြန်မာနိုင်ငံမှာရှိတဲ့ နေ့ထူးနေ့မြတ်တွေ အားလုံးဟာ သူ့ခေါ်ဆိုထားတဲ့ နေ့ထူးနေ့မြတ်တွေ အကုန်လုံး အံဝင်ခွင်ကျဖြစ်နေတယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေ အတွက်ကျတော့ နေ့ထူးနေ့မြတ်က တောင်သူလယ်သမားတွေ မှတ်မှတ်ရရဖြစ်မယ့်နေ့။ အနာဂတ်တောင် သူလယ်သမားတွေအတွက် ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေဖို့ သမိုင်းတစ်ရပ်အဖြစ်တွင်တဲ့ နေ့မဟုတ်တဲ့အတွက်၊ ဒါ့အပြင် ၁၉၆၂ ခု နှစ် မတ် ၂ ရက်ဆိုတာ မြန်မာနိုင်ငံကို စစ်အာ ဏာရှင်တစ်စုက အာဏာသိမ်းတဲ့နေ့တစ်နေ့ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့တောင်သူလယ်သမားတွေအတွက် မဖြစ်သင့်မဖြစ်ထိုက်တဲ့ နေ့တစ်နေ့ဖြစ်တယ်။ ဒါကြောင့်မို့လို့ ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်သာလျှင် ဆရာစံနှင့်တကွ တောင်သူလယ်သမားများက ဖိနှိပ်ချုပ်ချယ်မှုကို မခံမရပ်နိုင်ဖြစ်ပြီး အင်္ဂလိပ်နယ်ချဲ့အစိုးရကို တော်လှန်ခဲ့တဲ့ ဒီဇင်ဘာ ၂၂  ရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပေးဖို့ ကျွန်တော်တို့က အဆိုပြုခြင်းဖြစ်ပါတယ်” ဟု တောင်သူဦးတင်ဝင်းနိုင်က ပြောကြားသည်။
ထို့ပြင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် က သာယာဝတီခရိုင် အင်းကောက်ရွာအောင် မြေတောင်ကုန်းပေါ်တွင်ပြုလုပ်ခဲ့သည့် ဆရာစံ အရေးတော်ပုံ အထိမ်းအမှတ်ပွဲတွင် တောင်သူလယ်သမားနေ့အား ပြောင်းလဲသတ်မှတ်ပေးရန် တောင်သူလက်မှတ် ၅၀၀၀ ကျော်ဖြင့် ယခင်အစိုးရနှင့် လွှတ်တော်တို့ကိုပေးပို့ တောင်းဆိုခဲ့သော်လည်း သက်ဝင်လှုပ်ရှားမှု အားနည်းနေသည့်အတွက် ယခုကျင်းပသည့် ပွဲမှစတင်ကာ ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
တရားမျှတမှုရှိသော မြေယာမူဝါဒ အကောင်အထည်ဖော်မှု မအောင်မြင်ခဲ့သည့် နိုင်ငံများသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအဖြစ် ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်ကြောင်း၊ ကံမကောင်းအကြောင်းမလှစွာ မြန်မာနိုင်ငံသည် မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လွတ်လပ်ရေးရပြီး ကာလတစ်ခုမှာရပ်တန့်သွားကာ ဆုံးရှုံးသွားခဲ့ရသည့် နိုင်ငံထဲ တွင်ပါဝင်နေကြောင်း၊ လွတ်လပ်ရေးရပြီးခါစက တည်ထောင်ခဲ့သည့် တောင်သူလယ်သမား အဖွဲ့အစည်းများ၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ချမှတ်ခဲ့သည့် မြေယာ မူဝါဒ အကောင်အထည်ဖော်မှုများသည် ၁၉၆၂ ခု နှစ် မတ် ၂ ရက်တွင် လုံးဝရပ်ဆိုင်းသွားကြောင်း၊ ထိုကဲ့သို့နေ့တစ်နေ့သည် လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် တောင်သူလယ်သမားနေ့ အဖြစ် တည်ရှိနေခြင်းမှာ လေးလေးနက်နက် မေးခွန်းထုတ်ရမည့် ကိစ္စရပ်တစ်ခုဖြစ်လာကြောင်း ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက တောင်သူလယ်သမားရေးရာ နှီးနှောဖလှယ်ပွဲ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
“အဲဒီအတွက်ကို ဒီကတောင်သူလယ်သမားထုတွေရဲ့ ဆန္ဒတွေ၊ တောင်သူလယ်သမား အကျိုးစီးပွားကို ဆောင်ရွက်နေတဲ့ NGO အဖွဲ့အစည်းတွေ၊ CSO အဖွဲ့အစည်းတွေရဲ့အသံကိုကြားချင်လို့ ဒီပွဲကိုလာတက်တာ။ အဘတို့ ကိုယ်တိုင်လည်း ပြောင်းချင်တယ်။ တောင်သူလယ်သမားနေ့ကြီးကို။ ပြောင်းဖို့လည်း ပြီးခဲ့တဲ့ လွှတ်တော်ထဲမှာ လုပ်နေကြတယ်။ မအောင်မြင်ခဲ့သေးဘူး။ အဲဒီတော့ အောင်မြင်အောင်လုပ်ဖို့က ပြည်သူတွေရဲ့တောင်သူလယ်သမားတွေရဲ့ လှုပ်ရှားမှုတွေ၊ တက်ကြွမှုတွေ အများကြီးလိုတယ်။ အဲဒီရဲ့ရိုက်ခတ်မှုက ဒို့လွှတ်တော်ထဲကို ရောက်လာမှ လွှတ်တော်ထဲကနေပြီးတော့ ဒါကိုဦးတည်ပြီးတော့ လွှတ်တော်က ဆုံးဖြတ်ပေးမှရမယ်။
အဲဒီတော့ပြည်သူတွေရဲ့တက်ကြွမှု လိုနေတယ်။ ပြည်သူတွေရဲ့ တက်ကြွမှု လိုသလို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဒီပေါ်မှာ စိတ်ပါဝင်စားမှု နည်းနည်းလေး နည်းနေသေးတယ်လို့ ထင်တယ်။ အဲဒီနည်းနေသေးတယ်ထင်တော့ အဘတို့ကော်မတီပေါ်မှာ တာဝန်ကျလာတာပေါ့။ အဘတို့ ကော်မတီကလည်း လုပ်နေရတဲ့နေရာမှာ ကိုယ့်ကော်မတီအပိုင်းနဲ့ အပိုင်းနဲ့ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ စည်းမျဉ်းဘောင်နဲ့ လုပ်နေရသေးတဲ့အခါကျတော့ နည်းနည်းအလုပ်ရုံ ဆွေးနွေးလုပ်ဖို့က နည်းနေသေးတယ်။ အဲဒီ အလုပ်ရုံဆွေးနွေးပွဲတွေကို ဖိတ်ခေါ်ပြီးတော့ လုပ်တဲ့ဟာမျိုးတွေ အဆင့်ထိလုပ်ဖို့ရှိပါတယ်။ အဲဒီကနေပြီးတော့ပြောင်းချင်တယ်။ ဒီနေ့ကြီးကို လူတိုင်းပြောင်းချင်တယ်။ ပြောင်းချင်ပေမယ့် လက်ရှိရှိနေတဲ့ အနေအထားကတော့ အခက်အခဲလေးတွေ ရှိနေတာပေါ့”  ဟု ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောကြားသည်။
လယ်ယာကဏ္ဍဆိုင်ရာ စိန်ခေါ်မှုများနှင့် မပြီးပြတ်သေးသည့် မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား ရင်ဆိုင်ဖြေရှင်းရာတွင် သက်ဆိုင်ရာတာဝန်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုများကို အကြိမ်ကြိမ် အဖန်ဖန်ပြုလုပ်၍ ပြုပြင်ပြောင်းလဲသင့်သည့် မူဝါဒများကို ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ချမှတ်သင့်သည့် ဥပဒေများ ချမှတ်ရမည်ဖြစ်ပြီး ပြင်ဆင် သင့်သည့်ဥပဒေများ ပြင်ဆင်ရမည်ဖြစ်ကြောင်း ဒေါက်တာသောင်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့က ဆရာစံတောင်သူ လယ်သမား အရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ဂုဏ်ပြုသင့်တဲ့သူတွေကို ပြန်လည်ဂုဏ်ပြုတာ။ သမိုင်းသင်ခန်းစာတွေ ထုတ်နုတ်တာအပြင် ကျွန်တော်တို့ရှေ့ဆက်သွားရမယ့် တောင်သူလယ်သမားဆိုင်ရာ အခွင့်အရေးလှုပ်ရှားမှုတွေ၊ လယ်ယာကဏ္ဍဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုတွေမှာ ဘယ်လိုနည်းနာတွေ၊ ဘယ်လိုပေါ်လစီတွေ၊ မူဝါဒတွေနဲ့ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို တတ်သိပညာရှင်များကို ဖိတ်ခေါ်ပြီးတော့ နှီးနှောဖလှယ်တာ ဖြစ်ပါတယ်။ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲကတစ်ဆင့် ဒီကနေ့ရင်ဆိုင်နေရတဲ့ တောင်သူလယ်သမားများနဲ့ လယ်ယာကဏ္ဍဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဖို့အတွေးစကို ရရှိသွားနိုင်လိမ့်မယ်။ ဒီအတွေးစတွေပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့နိုင်ငံဟာ တရားမျှတမှုရှိတဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိသွားအောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါက်တာသောင်းထွန်းက ပြောကြားသည်။
ယင်းနှီးနှောဖလှယ်ပွဲတွင် မြေယာမူဝါဒ နှင့် လယ်ယာမြေသိမ်းဆည်းခံရမှုကြောင့် နစ်နာမှုများဖြေရှင်းရေးဆိုင်ရာ စကားဝိုင်းအား ဦးဇော်မင်း (နတ်မောက်)၊ ဦးမောင်မောင်ညွန့်  (ဥပဒေသုတေသီ) တို့က ဦးဆောင်ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စကားဝိုင်းအား ဦးစံသိန်း (စိုက်ပျိုးရေး)၊ ဦးမြင့်သွင် (တရားလွှတ်တော်ရှေ့နေ) တို့က ဦးဆောင်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပြီး စကားဝိုင်းနှစ်ခုလုံးတွင် Moderator အဖြစ် ဒေါက်တာသောင်းထွန်းက ဆောင်ရွက်ကာ တက်ရောက်လာသည့် တောင်သူလယ်သမားများက သိရှိလိုသည်များ ပြန်လှန်မေးမြန်းခြင်းတို့ပြုလုပ်ခဲ့သည်။

Most Read

Most Recent