ကေအိုင်အေ ဂီဒွန်စခန်းကို တပ်မတော်က သိမ်းပိုက်ပြီးနောက် အင်ခရမ်းတောင်ကြောတွင် ပြင်းထန်သော ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား

ကေအိုင်အေ ဂီဒွန်စခန်းကို တပ်မတော်က သိမ်းပိုက်ပြီးနောက် အင်ခရမ်းတောင်ကြောတွင် ပြင်းထန်သော ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား
Published 22 December 2016
ထွန်းလင်းအောင်

ကချင်ပြည်နယ်ရှိ ကေအိုင်အေ ဂီဒွန်စခန်းကို တပ်မတော်က သိမ်းပိုက်ပြီးနောက် အင်ခရမ်းတောင်ကြောတွင် ပြင်းထန်သောပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
 တပ်မတော်က ကေအိုင်အေလှုပ်ရှား တပ်ရင်းတစ်ခုဖြစ်သည့် ဂီဒွန်စခန်းကို ဒီဇင်ဘာ ၁၆ ရက်က သိမ်းပိုက်ပြီးနောက် ယင်းစခန်းနှင့် တစ်ဆက်တည်း အင်ခရမ်းတောင်ကြောရှိ လိုင်ဖောင်းပို့စ်နှင့် အင်ခရမ်းပို့စ်တို့တွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် တပ်မတော်က လေယာဉ်သုံး တိုက်ခိုက်မှုများရှိနေကြောင်း ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့မှ ဗိုလ်မှူးကြီးနော်လီက ပြောကြားသည်။
ဗိုလ်မှူးကြီးနော်လီက “နိုဝင်ဘာ ၁၉၊ ၂၀ ရက်တွေမှာ တပ်မတော်က လေယာဉ်တွေနဲ့ ပြင်းပြင်းထန်ထန် လာပစ်တယ်။ တပ်မတော်က ဂီဒွန်တောင်ကုန်းကနေ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ လိုင်ဖောင်းပို့စ်နဲ့ အင်ခရမ်းပို့တွေက ကေအိုင်အေက စိုးမိုးထားဆဲပါ။ ဒီနေ့လည်း တိုက်လေယာဉ်တွေ ဝဲတယ်ပြောတယ်။ ပစ်တာတော့မရှိဘူးတဲ့။ ဒီနေ့နေ့လယ်ပိုင်းအထိတော့ လိုင်ဖောင်းပို့စ်ရော၊ အင်ခရမ်းပို့စ်ရော ဆုတ်တယ်လို့ မကြားမိပါဘူး။ တခြားနေရာတော့ ပစ်ခတ်တာမကြားမိဘူး” ဟုပြောကြားသည်။
ဒီဇင်ဘာ ၂၀ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းများက အုပ်ချုပ်မှုလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိနေစဉ် ယနေ့ နံနက် ၁၁ နာရီကျော်တွင် ဝိုင်းမော်မြို့နယ် အောင်ဂျာကျေးရွာ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာသို့ ကေအိုင်အေအဖွဲ့က ဆွဲမိုင်းသုံးလုံး ဖောက်ခွဲပြီး RPG တစ်လုံး ပစ်ခတ်ကာ တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းဖြစ်စဉ်တွင် တပ်မတော်စစ်ကြောင်း အရာရှိတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့သည်။
ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က “လက်နက်ကြီး ပစ်ခတ်တာတွေက နေ့တိုင်းဖြစ်နေတာပါ။ လွန်ခဲ့တဲ့ နှစ်ရက်ဆက်တိုက်ကတော့ လေယာဉ်တွေ ပြင်းပြင်းထန်ထန် ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ ကေအိုင်အေ တပ်မဟာ (၁) နယ်မြေ၊ အင်ဂျန်းယန်မြို့က ကျေးရွာတွေ ပစ်ခတ်မှုတွေဖြစ်ပြီး နေအိမ်ရွာလောင်မှုတွေဖြစ်လို့ ဝိုင်းမော်၊ မိုင်းနားက စစ်ရှောင်စခန်းကို လူငါးဆယ် ရောက်လာတယ်။ ဒီနေ့လည်း မြို့လယ်ကောင်ကနေ သံချပ်ကာ တင်ကားသုံးစီးနဲ့ စစ်ယာဉ်တန်းတွေ ဖြတ်သွားတာတွေ့တယ်။ လက်နက်ကြီးတွေလည်း နေ့တိုင်းပစ်ခတ်မှုတွေ ဖြစ်နေဆဲပါ”ဟုပြောကြားသည်။
မြောက်ပိုင်းတိုင်း စစ်ဌာချုပ်သို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။
ဂီဒွန်စခန်းကို တပ်မတော်က သိမ်းပိုက်ပြီးနောက် တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှုများ ဆက်ဖြစ်နေပြီး မည်သည့်ဆွေးနွှေးမှုမျှ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောကြားသည်။
တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲကာလမှ အစိုးရသစ် တင်မြှောက်ပြီးသည်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိပေ။
ရွေးကောက်ပွဲအပြီး ၂၀၁၆ ခုနှစ်အတွင်း ပထမဆုံးနန်ဆန်ယန်ဒေသတွင် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိခဲ့သည်။ မေလပိုင်းတွင် ဖားကန့်ဒေသနှင့် မန်စီဒေသတို့တွင် စစ်ရေးတင်းမာမှု စတင်ဖြစ်ပေါ်ခဲ့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သစ်မှောင်ခိုကိစ္စ၊ လူဖမ်းဆီးမှုနှင့် ဆက်ကြေးငွေတောင်းခံမှုနှင့် မိုင်းခွဲမှုများကြောင့် နယ်မြေရှင်းလင်းရေးကို တပ်မတော်မှ ဆောင်ရွက်စဉ် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့နှင့် ထိတွေ့ရခြင်းဖြစ်ပြီး ကေအိုင်အိုဘက်မှ ၎င်းတို့၏ နယ်မြေအတွင်း တပ်မတော်မှ နယ်ကျော်ဝင်ရောက်ခြင်းကြောင့်သာ ပစ်ခတ်မှုများဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ဇူလိုင် ၂၈ ရက်တွင် ဖားကန့်၊ တနိုင်းမြို့ပေါ်ရှိ ရှဒူဇွပ်ရွှေမော် ဝန်းကျင်တွင် ပြင်ထန်သော တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လူထောင်ချီထွက်ပြေးခဲ့ရသည်။ ထို့နောက် ဖားကန့်လမ်းပိုင်းတွင် တိုက်ပွဲများ၊ ပစ်ခတ်မှုများ ကြိုကြားဖြစ်ပေါ်ခဲ့ပြီး အင်ခရမ်း တောင်ကြောရှိ ဆမားကျေးရွာဟောင်း ဝန်းကျင်၌လည်းကောင်း၊ နန်ဆန်ယန်ကျေးရွာ ဝန်းကျင်တွင်လည်းကောင်း ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။                                   

Most Read

Most Recent