ချောင်းသာသစ်တောကြိုးဝိုင်း အပြင်ဘက်တွင် အပိုင်းပိုင်းဖြတ်၍ အသတ်ခံထားရသော တောဆင်ရိုင်းတစ်ကောင် တွေ့ရှိ

ချောင်းသာသစ်တောကြိုးဝိုင်း အပြင်ဘက်တွင် အပိုင်းပိုင်းဖြတ်၍ အသတ်ခံထားရသော တောဆင်ရိုင်းတစ်ကောင် တွေ့ရှိ
Published 22 December 2016
မင်းသူဝင်းထွဋ်

ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ်ခွဲ ချောင်းသာကျေးရွာအုပ်စု ကညင်ကျေးရွာ၊ အောက်စမ်းကောက်တဲစု၊ သစ်တောကြိုးဝိုင်း အပြင်အဘက် အကွက်အမှတ် (၄၄) တွင် ဒီဇင်ဘာ ၂၁ ရက်က အပိုင်းပိုင်းဖြတ်ခံရပြီး အသတ်ခံထားရသော တောဆင်ရိုင်းအထီး တစ်ကောင်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ကညင်ကွင်းကျေးရွာနေ ဦးမောင်အေးဆိုသူက အောက်စမ်းကောက်တဲစုအနီးရှိ တောင်ယာသို့ အလုပ်လုပ်ရန် သွားရောက်စဉ်လမ်း၌ ဆင်သေတစ်ကောင်ကို တွေ့ရှိရသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့ခဲ့ကြောင်း၊ သတင်းအရ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ချောင်းသာနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သွားရောက်စစ်ဆေးရာတွင် အရပ်အမြင့် ကိုးပေ ခြောက် လက်မ၊ လုံးပတ် ၁၃ ပေ၊ သစ်ခွံထိုးဆင်ဆွယ်ပါ၊ တောင်ဆင်ရိုင်း အထီးတစ်ကောင်အား အောက်ကောက် စမ်းချောင်းဖျားအတွင်း အပိုင်းပိုင်းဖြတ်ကာ ထားရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ တောဆင်ရိုင်းအား အရေခွံခွာထားခြင်း၊ အမြီးဖြတ်အသားများ တုံးထားကြောင်း တွေ့ရှိရပြီး အသတ်ခံရသည့် အချိန်မှာ သုံးရက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း တွေ့ရှိရ၍ ရှာဖွေဖမ်းဆီးရေးအဖွဲ့မှ နေရာတွင်ပင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဆက်လက်၍ ရှာဖွေဖမ်းဆီးရေးအဖွဲ့မှ ကျူးလွန်သူများအား တောနင်းရှာဖွေရာတွင် ဆင်သေအား တွေ့ရှိရသည့် နေရာ၏တောင်ဘက် နှစ်ဖာလုံခန့်အကွာ တောင်ကြောပေါ်တွင် မသင်္ကာဖွယ် လူသုံးဦးအား တွေ့ရှိရ၍ လိုက်လံဖမ်းဆီးရာတွင် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး လှီးဖြတ်ထားသည့် အလျား ၅ ပေ အနံ ၈ လက်မခန့်ရှိ ဆင်သားရေပြား ၄၅ ချပ်၊ ကျောပိုးအိတ်တစ်လုံးနှင့် အခြားသော ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ကျူးလွန်သည်ဟု ယူဆရသူများအား ဆက်လက်တောနင်း ရှာဖွေလျက်ရှိကြောင်း သိရသည်။
"အခု ထွက်ပြေးတိမ်းရှောင်သွားတဲ့ လူသုံးဦးကို ဆက်လက်ရှာဖွေနေပါတယ်။ အမှုဖွင့် အရေးယူဖို့ကတော့ သစ်တောကနေ တရားလိုပြုလုပ် တိုင်ကြားမှာပါ။ ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု ချောင်းသာနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပက်သက်၍ ချောင်းသာနယ်မြေ ရဲစခန်းတွင် သစ်တောဦးစီးဌာနမှ တရားလိုပြုလုပ်ကာ အမှုဖွင့် အရေးနိုင်ရေး ဆက်လက် လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
 

Most Read

Most Recent