ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က EMG ၏ CEO နှင့် အယ်ဒီတာချုပ်တို့အား ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားခြင်းကို အာမခံလျှောက်ထားမှု ပယ်ချခံရ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က EMG ၏ CEO နှင့် အယ်ဒီတာချုပ်တို့အား ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားခြင်းကို အာမခံလျှောက်ထားမှု ပယ်ချခံရ
Published 22 December 2016

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်တို့အား ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားမှုကို စွပ်စွဲခံရသူဘက်မှ အာမခံလျှောက်ထားမှုအား ဒီဇင်ဘာ ၂၂ ရက် တရားရုံးတွင် ပယ်ချခဲ့ကြောင်း သိရသည်။
“ဆရာတို့ လျှောက်ထားတဲ့ အာမခံကိုပယ်တယ်။ ပယ်တဲ့အကြောင်းရင်းကတော့ ထောင်ဆရာဝန်ကမလာဘူး။ မလာဘဲနဲ့ သူ့ရဲ့တိုက်ရိုက် ပြန်ကြားချက်ကို ဆရာတို့မတွေ့ရဘူး။ သူ့ကိုယ်စား ထောင်ပိုင်ကြီးက ပြန်ကြားတာကို တွေ့ရတယ်။ ပြန်ကြားချက်အပေါ်မှာ မူတည်ပြီးတော့ တရားသူကြီးက ပယ်ကြောင်း အမိန့်ချတယ်။ ဆရာတို့အမိန့်ကို နားထောင်လိုက်တဲ့အခါမှာ ဆရာတို့ တင်ပြထားတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတာ တွေ့ရတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ပြင်ဆင်ပြီး မူလရုံးမှာပဲ အချက်အလက်အသစ်နဲ့ တင်ရမလား၊ ပြင်ဆင်မှု တက်ရမလားဆိုတာ ဆရာတို့ မဆုံးဖြတ်ရသေးဘူး။ ဥပဒေအရဆိုရင်တော့ ပြင်ဆင်မှုလည်း တက်လို့ရတယ်။ အာမခံအကြိမ်ကြိမ် လျှောက်လို့ရတယ်။ တစ်ကြိမ်တည်းမှ မဟုတ်ဘူး။ အာမခံဆိုတာ မူလရုံးမှာ အကြိမ်ကြိမ် လျှောက်လို့ရတယ်။ အဲဒီသဘောတော့ရှိတယ်။ အဲဒါကို ဆရာတို့ စဉ်းစားနေတယ်။ ဒီနေ့ဆရာတို့ အာမခံရလိမ့်မယ်လို့ မျှော်လင့်တယ်။ မရတဲ့အတွက်ကြောင့် ဆရာတို့အမှုသည်ကလည်း စိတ်မကောင်းဘူး။ စိတ်ထိခိုက်တယ်။ ဆရာတို့လည်း စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့လည်း မြင်တဲ့အတိုင်းပဲ။ မျက်မြင်အရ ဒေါက်တာသန်းထွဋ်အောင် ဝှီးချဲနဲ့လာရတယ်။ သူလည်းရောဂါ တကယ်ကုသနေရတယ်။ နိုင်ငံတကာမှာ ကုသနေရတယ်။ လောလောဆယ်လည်း ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ မန္တလေးတိုင်း တရားကြီး လွှတ်တော်ကနေပြီးတော့ ရုံးကင်းလွတ်ခွင့်တွေ ဒီဆေးစာတွေနဲ့ ပေးထားတယ်။ ဆရာတို့က အများကြီး မျှော်လင့်ခဲ့တာပေါ့။ ၆၆ (ဃ) ဆိုတာသိတဲ့အတိုင်းပဲ။ ဒီအတိုင်းပဲ ဆေးလက်မှတ်တွေမပါဘဲနဲ့ လူကြီးလူကောင်း ဖြစ်တယ်ဆိုတဲ့ လူကြီးလူကောင်း တစ်ယောက်အနေနဲ့ ပေးနေတာတွေ။ သာဓကတွေပေးနေတယ် အများကြီးရှိတယ်။ ဒေါက်တာသန်းထွဋ်အောင်က ဆေးလက်မှတ်မရှိပေမယ့် လူကြီးလူကောင်း တစ်ယောက်အနေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ အရရသင့်ရထိုက်တဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်ပေါ့နော်။ မရသေးတဲ့အတွက် ကာယကံရှင်လည်း စိတ်မကောင်းဘူး။ လာမယ့်ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၃၀ ရက်မှာ တရားလိုစစ်ဖို့တော့ အစီအစဉ်ရှိပါတယ်”ဟု တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။
စွပ်စွဲခံရသူ တစ်ဦးဖြစ်သည့် Eleven Media Group ၏ CEO မှာဒီဇင်ဘာ ၉ ရက်တွင် အင်းစိန် အကျဉ်းထောင်အတွင်း ချော်လဲကျခဲ့ခြင်းကြောင့် ခါးရိုးနာသည့် ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာကို ထောင်ဆေးရုံ၌ ဓာတ်မှန်ရိုက် စစ်ဆေးကုသစဉ် ကတ်ပြုတ်ကျခဲ့ခြင်းကြောင့် ခါးနာကျင်သည့်ဒဏ်ရာ ပိုမိုဆိုးရွားစွာ ခံစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတွက် တာမွေတရားရုံးသို့ ရုံးထုတ်ရာ၌ အင်းစိန်အကျဉ်းထောင်မှ ရဲလူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ရပြီး ထမ်းစင်ဖြင့် တရားခွင်သို့ သယ်ဆောင် စစ်ဆေးခဲ့ရခြင်းလည်း ဖြစ်သည်။ နိုင်ငံပေါင်း ၂၁ နိုင်ငံဖြင့် ဖွဲ့စည်းထားသော Asia News Network (ANN) တွင်ဖော်ပြခဲ့သည့် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ရေးသားခဲ့သော ‘ရွေးကောက်ပွဲ တစ်နှစ်ကြာသော်’ အယ်ဒီတာ့ အာဘော်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာမွေမြို့နယ်ရဲစခန်း၌ Eleven Media Group ၏ CEO နှင့် Eleven Media Group အားဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် နိုဝင်ဘာ ၉ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent