သတင်းမီဒီယာသမားများ၏ သတင်းလွတ်လပ်ခွင့်အား ဖိနှိပ်ခြိမ်းခြောက်ခြင်းအပေါ် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း သတင်းသမားများ စုပေါင်း၍ ညောင်လေးပင်မြို့နယ် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်

သတင်းမီဒီယာသမားများ၏ သတင်းလွတ်လပ်ခွင့်အား ဖိနှိပ်ခြိမ်းခြောက်ခြင်းအပေါ် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း သတင်းသမားများ စုပေါင်း၍ ညောင်လေးပင်မြို့နယ် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်
Published 22 December 2016
ဇော်ဝင်းချစ် (တောင်ငူ)၊ကိုမောင်အေး (ပဲခူး)

“သတင်းသမားများ သတင်းရယူရာတွင် ကန့်သတ်ပိတ်ပင်မှုများ မရှိစေရန်နှင့် တရားရေးဝန်ထမ်းများမှ သတင်းသမားများကို ခြိမ်းခြောက်မှုများအား ထိရောက်စွာ အရေးယူပေးရေး”ရည်ရွယ်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှ သတင်းသမားများ စုပေါင်း၍ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တရားရုံးရှေ့တွင် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန် ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဒီဇင်ဘာ ၁၆ ရက်တွင် အသိပေး တင်ပြလျှောက်ထားခဲ့ပြီး တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
“တရားရုံးတွေမှာ ကျွန်တော်တို့ သတင်းယူရင် သူတို့ကသုံးရက်ကြိုပြီး စာတင်ရတယ်။ သုံးရက်ကြိုတင်ပြီးတော့မှ ဒီတရားသူကြီးက ပြန်လည်ဖြေကြားမယ်ဆိုတဲ့ အတိုင်းအတာရှိတယ်။ အဲဒီတော့ ပြည်သူတွေကို Update ချပြရမယ့် သတင်းတွေဆိုရင် ကျွန်တော်တို့က အချိန်နဲ့တစ်ပြေးညီ မချပြနိုင်တာတွေရှိတယ်။ နောက်ပြီးတော့ တရားရုံးတွေ၊ ဌာနဆိုင်ရာတွေ၊ ရဲစခန်းတွေမှာ ဘာတွေရေးထားလဲဆိုလို့ရှိရင် တရားရုံးထဲမှာ သတင်းယူပိုင်ခွင့်မရှိတာတို့ နောက်ပြီး ဌာနဆိုင်ရာတို့ ရဲစခန်းတို့လို နေရာမျိုးတွေမှာဆိုရင် မီဒီယာနဲ့ပတ်သက်တဲ့ ကင်မရာတို့၊ အသံဖမ်းစက်တို့၊ ဖုန်းတို့ကို ဒီလိုရုံးထဲကို ယူဆောင်ခွင့်မရှိတာတို့ အဲဒီလိုတွေ ကန့်သတ်မှုတွေ ရှိနေတယ်။ နောက်ပြီးကျတော့ ကျွန်တော်တို့ ဇလုပ်ကုန်းကျေးရွာမှာ အိမ်ရလိုမှုနဲ့ ဒီတရားရုံးဝန်ထမ်းတွေကနေပြီးတော့ ဒီရွာကို ကွင်းဆင်းတဲ့အခါမှာ ကျေးရွာလူထု ၅၀၊ ၆၀ လောက်နဲ့ ဒီတရားရုံးဝန်ထမ်းတွေနဲ့ အဓိကရုန်းပုံစံ ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့က သတင်းသွားယူတယ်။ အဲဒီမှာ ကျွန်တော်တို့ကို ဒီအထဲကိုမလာနဲ့။ ဒီအထဲမှာရှိနေရင် ကျွန်တော်တို့ မီဒီယာတွေကိုပါ တရားစွဲမယ်။ ပြီးတော့ ကိုယ်ထိလက်ရောက်ပုံစံမျိုးနဲ့ ဒီတရားရုံးဝန်ထမ်းတွေက ကျွန်တော်တို့ကို တွန်းတာတွေ ဘာတွေရှိတယ်ပေါ့နော်။ အဲဒီအချက်တွေကျတော့ ကျွန်တော်တို့ကနေပြီးတော့ ဒီတရားရုံးဝန်ထမ်းတွေက ခြိမ်းခြောက်မှုတွေ တားဆီးမှုတွေ၊ သတင်းလွတ်လပ်စွာ ရယူပိုင်ခွင့်တွေကို ဖိနှိပ်ကန့်သတ်ထားတဲ့ ပုံစံတွေကြောင့် ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးက ရှစ်မြို့နယ်လောက်က သတင်းမီဒီယာတွေ ပါဝင်ဖွဲ့စည်းပြီးတော့ လာရောက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်တယ်” ဟု ဆန္ဒထုတ်ဖော်ရန် ဦးဆောင်လျှောက်ထားသူ ကိုနေလင်းထိုက်က ပြောကြားသည်။
ဆန္ဒထုတ်ဖော်ပွဲအား ညောင်လေးပင်မြို့နယ် ဘုရားကြီးလမ်းမှ နံနက် ၁၀ နာရီခန့်မှစ၍ ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ရုံးလမ်း၊ တရားရုံးလမ်းတို့မှတစ်ဆင့် ညောင်လေးပင်မြို့နယ် တရားရုံးရှေ့သို့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ညောင်လေးပင်မြို့နယ် တရားရုံးရှေ့တွင် “သတင်းမီဒီယာများ လွတ်လပ်ခွင့်ရရှိရေး - ဒို့အရေး - ဒို့အရေး”၊ “တရားရုံးအပါအဝင် ဌာနဆိုင်ရာရုံးများမှ သတင်းရယူရာတွင် ဖိနှိပ်ကန့်သတ်မှုများ ဖယ်ရှားပေးရေး - ဒို့အရေး - ဒို့အရေး”၊ “သတင်းအချက်အလက်များ ရယူရာတွင် သတင်းများကို လွတ်လပ်စွာ အချိန်နှင့်တစ်ပြေးညီ ရရှိရေး - ဒို့အရေး - ဒို့အရေး”၊ “သတင်းမီဒီယာများကို ခြိမ်းခြောက်ခြင်းနှင့် သတင်းရယူခွင့်ကို ပိတ်ပင်တားဆီးသော တရားရေး ဝန်ထမ်းများအား ထိရောက်စွာ အရေးယူပေးရေး - ဒို့အရေး - ဒို့အရေး” ဟူသော ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ကျွန်တော်တို့ကို ခိုင်လုံတဲ့ အချက်အလက်ပေါ့နော်။ တစ်ဖက်ကစွပ်စွဲသလို မဖြစ်အောင် အသံစုံအောင် လိုက်တဲ့နေရာမှာ အဲဒီဌာနဆိုင်ရာတွေရဲ့ အသံတွေက မလိုလားအပ်ဘဲ ပျောက်နေတယ်။ ပျောက်တဲ့အချိန်မှာ သူတို့စွပ်စွဲတဲ့ သတင်းမှားတယ်ဆိုတဲ့ ကိစ္စတွေ တက်လာတယ်။ ပြီးတော့ တစ်ဖက်သတ်ရေးတယ်ဆိုတဲ့ ကိစ္စတွေတက်လာတယ်။ အဲဒီအတွက် ကျွန်တော်တို့မှာကလည်း ဥပဒေကြောင်းအရဆိုရင် တစ်နေ့မဟုတ်တစ်နေ့ တရားအစွဲခံလာရနိုင်တယ်။ ဒါကို မီးမောင်းထိုးပြချင်လို့ မီဒီယာသမားတစ်စု ဆန္ဒထုတ်ဖော်တဲ့ပွဲပါ”ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ကျောက်တံခါးမြို့နယ် အခြေစိုက်သတင်းထောက် ကိုမင်းမနိုင် (စစ်တောင်း) က ပြောကြားသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊ ရွှေကျင်၊ ဖြူးမြို့နယ်များမှ ဒေသခံသတင်းသမား ၂၀ ခန့်နှင့် ဝန်းရံအားပေးသူများ အပါအဝင် ၄၀ ခန့် စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ညောင်လေးပင်မြို့ ဘုရားကြီးဘုရားတွင် မုံရွာအခြေစိုက် Eleven သတင်းထောက် ကိုစိုးမိုးထွန်းအတွက် ဆုတောင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့ ပဲခူးတိုင်းအရှေ့ခြမ်း မီဒီယာတွေအကုန်လုံး စုံတုန်းလေးပေါ့နော်။ Eleven ကသတင်းထောက်ပေါ့။ မီဒီယာရဲဘော်ရဲဘက် ကိုစိုးမိုးထွန်းအတွက်ပေါ့နော်။ အဲဒီတွက် ညောင်လေးပင်မြို့၊ မြို့မသစ်ရပ်ကွက်ထဲမှာရှိတဲ့ ဘုရားကြီးပေါ့နော်။ အဲဒီလိုဘုရားကြီးမှာ ကျွန်တော်တို့သတင်းသမား အယောက် ၂၀ လောက်ကနေပြီးတော့ ကိုစိုးမိုးထွန်းအတွက် ဆုတောင်းအမျှဝေတာတို့၊ ဆုတောင်းပေးတာတို့၊ နောက်ပြီးတော့ သူ့ကိုအခုလို လုပ်သွားခဲ့တဲ့လူတွေကို အမြန်ဆုံးဖမ်းမိဖို့ပေါ့နော်။ ဆုတောင်းပွဲလေး ကျင်းပခဲ့ပါတယ်”ဟု ကိုနေလင်းထိုက်က ပြောကြားသည်။                 

Most Read

Most Recent