ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် စာတမ်းဖတ်ပွဲ၌ မြန်မာစာဌာန၏ စိန်ရတုပြခန်းများ ထည့်သွင်းပြသခဲ့ပြီး အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြား

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် စာတမ်းဖတ်ပွဲ၌ မြန်မာစာဌာန၏ စိန်ရတုပြခန်းများ ထည့်သွင်းပြသခဲ့ပြီး အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြား
Published 22 December 2016
အေးပပ

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် စာတမ်းဖတ်ပွဲအား ရန်ကုန်တက္ကသိုလ်၌ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲနှင့်အတူ မြန်မာစာဌာန၏ စိန်ရတုပြခန်းများလည်း ထည့်သွင်းပြသခဲ့ကြောင်း သိရသည်။               
အဆိုပါ စာတမ်းဖတ်ပွဲကို မြန်မာစာချစ်စိတ် ရှင်သန် တိုးပွားလာစေရန်၊ မြန်မာစာအထူးပြု ကျောင်းသူ ကျောင်းသားများ မြန်မာစာကျောင်းသား ဖြစ်လာခြင်းကို ဂုဏ်ယူပြီး တန်ဖိုးထားလာစေရန်၊ မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြု ဖြစ်လာစေရန်၊ မြန်မာစာ သင်ကြားရေးနှင့် မြန်မာစာသုတေသန လုပ်ငန်းများ တိုးတက်ထက်မြက်လာစေရန်၊ မြန်မာစာ ကမ္ဘာ့အလယ် ဝင့်ထည်လာစေရန်၊ မြန်မာစာ ကမ္ဘာတည်သရွေ့ တည်တံ့စေရန် စသည့်ဦးတည်ချက် ခြောက်ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။                           
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ အဖွင့်မိန့်ခွန်း၌ “မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်း မှတ်တိုင်တွေမှာ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနကို တည်ထောင်နိုင်ခဲ့ခြင်းမှာ သမိုင်းမှတ်တိုင်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ၁၉၂၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကို တည်ထောင်စဉ်အခါက မြန်မာစာ ဌာနရယ်လို့ သီးခြားမရှိသေးပါဘူး။ တက္ကသိုလ် မြန်မာစာသင်ကြားရေးဟာ အရှေ့တိုင်းပညာရပ်များ လေ့လာရေးဌာနအောက်မှာသာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ University College ရဲ့ ပထမဆုံးမြန်မာလူမျိုး ကျောင်းအုပ်ကြီးဖြစ်တဲ့ ဆရာကြီးဦးဖေမောင်တင်နဲ့ ဆရာဦးအေးမောင်၊ ဆရာဦးဝင်းမွန်၊ သိပ္ပံမောင်ဝစတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြိုးပမ်းချက်ကြောင့် ၁၉၄၁ ခုနှစ်မှာ မြန်မာစာဌာန အတိအကျ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ တိုင်းတစ်ပါး လက်အောက်ခံဘဝမှာ မြန်မာစာဌာနကို ထူထောင်နိုင်ခဲ့ခြင်းဟာ မြန်မာတစ်မျိုးသားလုံးရဲ့ မြန်မာစာပေ၊ မြန်မာဘာသာစကားအပေါ် ချစ်မြတ်နိုးမှုကို သက်သေထူနိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု အဆိုပါအဖွင့် အမှာစကား၌ မြန်မာစာဌာန ပေါ်ပေါက်လာခဲ့ပုံအကြောင်း ထည့်သွင်းပြောကြားခဲ့သည်။                
“မကြာမီရက်ပိုင်းအတွင်းက ရန်ကုန်တက္ကသိုလ်ရဲ့ (၉၆) နှစ်ပြည့် အခမ်းအနားပွဲခင်းကို အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီးနောက် အခုတစ်ခါ မြန်မာစာဌာန (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနားကို ကျင်းပနိုင်တဲ့အတွက် များစွာကျေနပ်အားရ ဖြစ်မိပါတယ်။ မြန်မာစာဌာနက ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာပြီး ၂၁ နှစ်အကြာမှာ သီးခြားဌာနတစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့တာဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အထင်ကရ ဌာနကြီးတစ်ခု ဖြစ်ပါတယ်။ ၁၉၄၁ခုနှစ်စတင် တည်ထောင်စဉ်ကတည်းက ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံးမြန်မာလူမျိုး ကျောင်းအုပ်ကြီးဖြစ်တဲ့ ဆရာကြီး ဦးဖေမောင်တင်တို့လို မြန်မာစာပေလောကမှာ ထင်ရှားခဲ့တဲ့ ဆရာကြီးဦးဝင်းမွန်၊ ဆရာကြီးမင်းသုဝဏ်တို့လို ပုဂ္ဂိုလ်ကြီးတွေကို ပြုစုပျိုးထောင်ပေးခဲ့တာကြောင့် မြန်မာစာဌာနက မြန်မာ့ပညာရေး အတွက်ရော မြန်မာစာပေ လောကအတွက်ပါ အရေးပါတဲ့ဌာနတစ်ခု ဖြစ်လာခဲ့ပါတယ်။ မျိုးစေ့မှန်လို့ အပင်သန်ခဲ့တဲ့ မြန်မာစာဌာနဟာ (၇၅) နှစ်မြောက်ကာလကို လွန်မြောက်လို့ စိန်ရတု အခါသမယကို ရောက်ရှိလာခဲ့ပါပြီ။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက (၇၅) နှစ်တာကာလအတွင်း မြန်မာစာတာဝန်၊ ပညာရေးတာဝန်၊ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်ကစပြီး ဘွဲ့ကြိုပထမနှစ် သင်တန်းတွေကို ပြန်လည်ဖွင့်လှစ်လာနိုင်ခဲ့တဲ့အတွက် မြန်မာစာမျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေဟာ မြန်မာစာဌာနမှာ ပညာဆည်းပူး သင်ယူလာနိုင်ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ နိုင်ငံတကာတက္ကသိုလ်တွေရဲ့ အသိအမှတ်ပြုခဲ့ရတဲ့ ဌာနတစ်ခုဖြစ်ပြီး နှစ်စဉ်နိုင်ငံတကာ တက္ကသိုလ်တွေက ကျောင်းသားကျောင်းသူတွေဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ မြန်မာစာ၊ မြန်မာမှုဆိုင်ရာတွေကို လာရောက်လေ့လာ သင်ယူလျက်ရှိကြပါတယ်”ဟု ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောကြားသည်။
မြန်မာစာသင်ကြားရေးနှင့် မြန်မာစာ သုတေသနဖွံ့ဖြိုးရေးအတွက် ငွေပဒေသာပင်များကိုလည်း စိုက်ထူလှူဒါန်းခဲ့ပြီး ယင်းသို့ ငွေပဒေသာပင်များ စိုက်ထူနိုင်ခြင်းမှာ မြန်မာပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမှာဖြစ်ပြီး ငွေပဒေသာပင်မှ အားပေးထောက်ပံ့မှုများမှာ ဘာသာရပ်နှင့် သုတေသန ဖွံဖြိုးတိုးတက်မှုတို့အတွက် သာမက ကျောင်းသားကျောင်းသူများ၏ ပညာရည်မြင့်မားရေးအတွက်ပါ အင်အားဖြစ်စေမှာ ဖြစ်ကြောင်း သိရသည်။                        

Most Read

Most Recent