အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ တိုင်ကြားစာ ၄၀၀၀ ကျော် ရောက်ရှိသည့်အနက် သုံးပုံနှစ်ပုံခန့်သည် တရားရေးနှင့် သက်ဆိုင်သော တိုင်ကြားစာများဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား

အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ တိုင်ကြားစာ ၄၀၀၀ ကျော် ရောက်ရှိသည့်အနက် သုံးပုံနှစ်ပုံခန့်သည် တရားရေးနှင့် သက်ဆိုင်သော တိုင်ကြားစာများဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား
Published 22 December 2016
စိုးမင်းထိုက်

အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ တိုင်ကြားစာစောင်ရေ ၄၀၀၀ ကျော်ရောက်ရှိသည့်အနက် သုံးပုံနှစ်ပုံခန့်သည် တရားရေးနှင့်သက်ဆိုင်သည့် တိုင်ကြားစာများဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌဦးဆန်းမြင့်က The Daily Eleven သတင်းစာကို ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။
တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်က “တိုင်ကြားစာစောင်ရေကတော့ ၄၀၀၀ ကျော်လောက်ရှိပြီ။ အဲဒီမှာ သုံးပုံနှစ်ပုံလောက်က တရားရုံးနဲ့ သက်ဆိုင်တဲ့ တိုင်ကြားစာတွေဖြစ်ပါတယ်။ ကျန်တာကတော့ ဌာနဆိုင်ရာကိစ္စ။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဝန်ထမ်းဆိုင်ရာတိုင်စာက တော်တော်နည်းသွားတယ်။ အထွေထွေ တိုင်ကြားထားတာလည်း ရှိတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ “အခုတစ်ကြိမ်ရောက်လာတဲ့ တိုင်ကြားစာတွေမှာ တော်တော်များများက တရားရုံးနဲ့သက်ဆိုင်သောအကြောင်းခြင်းရာတွေ အပေါ်မှာ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့အပေါ်မှာ အများဆုံးတိုင်ကြားထားတဲ့ တိုင်စာတွေ ရောက်လာပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ သက်ဆိုင်ရာတရားရုံးတွေကို ကြီးကြပ်နိုင်တဲ့ အခွင့်အာဏာရှိတယ်။ ကော်မတီအနေနဲ့ကတော့ တရားစီရင်ရေး မဏ္ဍိုင်ထဲကို လွှတ်တော်အနေနဲ့က ဝင်ရောက် စွက်ဖက်လို့မရဘူး။ မရတဲ့အခါမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဆိုင်ရာဆိုင်ရာတရားရုံးတွေက ဒီလိုတိမ်းစောင်း ချွတ်ချော်နေတယ်ဆိုတဲ့အကြောင်းကို အမှုတွဲနဲ့တကွ ကြီးကြပ်ပေးဖို့ ပြန်ပို့ပေးတယ်” ဟု ၎င်းက ပြောကြားသည်။
တိုင်ကြားစာကော်မတီအနေဖြင့် ပြည်သူများ၏ ဆန္ဒများ၊ လိုလားချက်များကို တိုင်ကြားခံရသည့် ကော်မတီဖြစ်ကြောင်း၊ ပြည်သူများ၏ဆန္ဒ၊ ပြည်သူများ၏နစ်နာမှုများ၊ ပြည် သူများ၏ဥပဒေပါ အခွင့်အရေးများကို ရရှိအောင် တိုင်ကြားစာဆိုင်ရာကော်မတီမှ ရပ်တည် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“တရားရုံးနဲ့ ပတ်သက်တဲ့တိုင်ကြားစာမှာကတော့ ဘက်လိုက်ဆုံးဖြတ်မှုတွေရှိတယ် ဆိုတာမျိုးတွေတိုင်ကြားတယ်။ ခိုင်မာအောင် တိုင်ကြားနိုင်ခြင်းမရှိဘူး။ အထောက်အထားကို ခိုင်မာအောင် မတင်ပြနိုင်တဲ့အခါ သူတို့က ဒါဟာ လာဘ်စားလို့ဆိုပြီး ထင်မြင်ချက်နဲ့ ပြောတဲ့အခါကျတော့ ကော်မတီအနေနဲ့ အထောက်အထားခိုင်မာရင်တော့ Action ယူလို့ရတယ်။ တိကျသေချာမှုမရှိတော့ Action ယူလို့မရဘူး။ စီရင်တဲ့အမိန့်အပေါ်မှာကတော့လည်း ကော်မတီအနေနဲ့ စွက်ဖက်လို့ မရပြန်ဘူး။ ဒါကြောင့် ကြီးကြပ်ပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တရားရေး မဏ္ဍိုင်တည့်မတ်မှန်ကန်ဖို့ တင်ပြထားတာပေါ့။ ဒီလိုပဲလုပ်ရတယ်” ဟု ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်က ပြောကြားသည်။
အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီအနေဖြင့် ပြည်သူများက ပေးပို့တိုင်ကြားထားမှုများအား လွှတ်တော် ရပ်နားထားသည့်ကာလများတွင် ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း၊ ဖြေရှင်းဆောင်ရွက်နိုင်မှုများရှိခဲ့ကြောင်း ဦးဆန်းမြင့်က ပြောကြားသည်။

Most Read

Most Recent