ဆီးရီးယားစစ်ပွဲအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းမည့် အဖွဲ့ဖွဲ့ရန် ကုလသမဂ္ဂ သဘောတူ

ဆီးရီးယားစစ်ပွဲအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းမည့် အဖွဲ့ဖွဲ့ရန် ကုလသမဂ္ဂ သဘောတူ
Published 22 December 2016
Ref:AFP

ခြောက်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော ဆီးရီးယား ပြည်တွင်းစစ်ပွဲအတွင်း ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသူများအား တရားစွဲဆိုနိုင်ရန်အတွက် ပထမခြေလှမ်းအဖြစ် ဆီးရီးယားတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့မှုဆိုင်ရာ အထောက်အထားများ စုဆောင်းမည့် အဖွဲ့တစ်ဖွဲ့ဖွဲ့ရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်ဘာ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်ပြီး သဘောတူခဲ့ကြောင်း သိရသည်။ ယင်းစုံစမ်းစစ်ဆေးမည့်အဖွဲ့ ထူထောင်ရန် ဆုံးဖြတ်ချက်အား အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံပါသော အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၀၅ မဲ၊ ကန့်ကွက်မဲ ၁၅ မဲနှင့် ပျက်ကွက်မဲ ၅၂ မဲတို့ဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ၃၁၀၀၀၀ ကျော် ရှိလာပြီဖြစ်သော ဆီးရီးယား ပြည်တွင်းစစ်ပွဲအတွင်း ကျူးလွန်ခဲ့ကြသည့် ရက်စက်ကြမ်းကြုတ်မှုများအား အသေးစိတ် ရေးသားထားသည့် အစီရင်ခံစာ အများအပြား တင်သွင်းခဲ့သော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် ယခုအဖွဲ့သစ်က ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ အရပ်ဘက် လူမှုရေးအဖွဲ့များက တစ်ချိန်တွင် တရားရုံးများ၌ အသုံးပြုနိုင်မည့် မှတ်တမ်းများ၊ မျက်မြင်သက်သေ စာရင်းများနှင့် ဗီဒီယိုအပိုင်းများအား စုဆောင်းခဲ့ကြသည်။
ယင်းဆုံးဖြတ်ချက်အတွက် ကြိုတင်ပြင်ဆင်မှုတွင် လက်ချင်စတိန်းသည် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီနှင့် ဂျာမနီအပြင် ဒေသတွင်း အင်အားကြီး နိုင်ငံများဖြစ်သော တူရကီ၊ ဆော်ဒီအာရေဗျနှင့် ကာတာတို့လည်း ပါဝင်သည့် နိုင်ငံပေါင်း ၅၈ နိုင်ငံတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ဆီးရီးယားစစ်ပွဲအတွင်း ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သူများအား တရားခွင်ပို့နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ပျက်ကွက်မှုများအား ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း လက်ချင်စတိန်း သံအမတ်ကြီး ခရစ္စတီးနားဝီနာဝီဆာက ကုလအထွေထွေ ညီလာခံ၌ ပြောကြားခဲ့သည်။
ဆီးရီးယားတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးက စစ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု စတင်သင့်ကြောင်း လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုအား ၂၀၁၄ ခုနှစ်တွင် တရုတ်၊ ဆီးရီးယား၏ အဓိကမဟာမိတ် ရုရှားတို့က ပိတ်ဆို့ခဲ့သည်။ ယခုဆုံးဖြတ်ချက်အား ကန့်ကွက်သူများတွင် ရုရှား၊ တရုတ်နှင့် အီရန်တို့လည်း ပါဝင်သည်။ ယင်းဆုံးဖြတ်ချက်အရ ကုလသမဂ္ဂက ရန်ပုံငွေထောက်ပံ့မည့် ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ ထူထောင်ရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် ရက် ၂၀ အတွင်း သတင်းပို့ရမည်ဖြစ်ကြောင်း တာဝန်ပေးအပ်ခဲ့သည်။
ယင်းနောက် ၂၀၁၁ ခုနှစ် မတ်နောက်ပိုင်း စတင်ဖြစ်ပွားခဲ့သော ဆီးရီးယားပြည်တွင်း ပဋိပက္ခအတွင်း အဆိုးရွားဆုံး ရာဇဝတ်မှုများ ကျူးလွန်မှုများအတွက် တာဝန်ရှိသူများအား စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း ပြုလုပ်နိုင်ရန်အတွက် ကူညီမည့် အပြည်ပြည်ဆိုင်ရာ ဘက်လိုက်မှုကင်းသော အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းရမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent