တေးသံရှင်အောင်ရင်ရဲ့ ငယ်ဘဝဖြတ်သန်းရာ

တေးသံရှင်အောင်ရင်ရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 22 December 2016
လင်းလင်းခိုင်

ဂီတလမ်းကြောင်းပေါ်ကနေ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေခဲ့ရပေမယ့် အခြေအနေပေးလို့ ပြန်လည်ရောက်ရှိလာချိန်တိုင်းမှာ ဂီတချစ်ပရိသတ်တွေက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုအားပေး ခံရတဲ့ ဂီတအနုပညာရှင်များစွာ ရှိနေပါတယ်။ ဒီလိုအနုပညာရှင်တွေထဲက တစ်ဦးကတော့ တေးသံရှင် အောင်ရင်ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့ပြီးနောက် သားဖြစ်သူ မိုးအောင်ရင်ကို အနုပညာအမွေ လက်ဆင့်ကမ်းပေးခဲ့ပြီးတဲ့ နောက်မှာ ဂီတလောကကို ခေတ္တကျောခိုင်း စွန့်ခွာသွားခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာတော့ အောင်မြင်တဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲနှစ်ပွဲကို ပြန်လည်ကျင်းပပြီး တစ်ကျော့ပြန်အနုပညာ တင်ဆက်မှုတွေနဲ့ ပရိသတ်နှလုံးသားကို ဖမ်းယူနိုင်ဆဲဖြစ်တဲ့ တေးသံရှင် အောင်ရင်ရဲ့ငယ်ဘဝအမှတ်တရလေးတွေကို တင်ဆက်ပေးချင်ပါတယ်။
တေးသံရှင် အောင်ရင်က ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဦးဟန်ရင်နဲ့ ဒေါ်နန်းခင်မြိုင်တို့က မွေးဖွားခဲ့တဲ့ အကြီးဆုံးသားတစ်ဦး ဖြစ်ပါတယ်။ ညီအစ်ကိုသုံးယောက်ရှိပြီး အသက်အားဖြင့်လည်း သိပ်မကွာကြသူတွေ ဖြစ်တာကြောင့် ငယ်စဉ်ဘဝရဲ့အမှတ်တရတွေက ညီအစ်ကိုချင်းအတူ ဆော့ကစား၊ ရန်ဖြစ်ရတာကြောင့် မိခင်ဖြစ်သူ စိတ်ညစ်ရပုံတွေပါလို့ ရယ်မောရင်းဆိုပါတယ်။ အနုပညာမျိုးရိုးမဟုတ်ဘဲ သာမန်မိသားစုကသာ ပေါက်ဖွားလာတာဖြစ်တဲ့ တေးသံရှင်အောင်ရင်က ငယ်စဉ်ကတည်းက ဂီတဝါသနာကြီးခဲ့သူ တစ်ဦးပါ။ ကလေးဘဝအရွယ်ကတည်းက ဂစ်တာတီးသင်ယူလေ့လာခဲ့သလို အဆိုတော်ဖြစ်ချင်စိတ်တွေလည်း ပေါက်ဖွားလာခဲ့တယ်လို့ ဆိုပါတယ်။
“အဆိုတော်အများစုက ငယ်ငယ်ကတည်းကကို သီချင်းဆိုဝါသနာ ပါကြတာပဲလေ။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းကကို သီချင်းဆိုတာအရမ်း ဝါသနာ ပါတယ်။ အထူးသဖြင့်တော့ ကိုစိန်လွင် သီချင်းတွေဆို အရမ်းရူးသွပ်တယ်ပေါ့နော်။ သူတို့ သီချင်းတွေ နားထောင်ပြီး သူတို့လို အဆိုတော် ဖြစ်ချင်တယ်ဆိုတဲ့ စိတ်က ငယ်ငယ်ကတည်းက ခိုင်မာပြီးသားပါ” လို့ တေးသံရှင် အောင်ရင်က ဆိုပါတယ်။
တေးသံရှင် အောင်ရင်ရဲ့ ပထမဆုံးဂီတ ခြေလှမ်းအစက လေးတန်းကျောင်းသား အရွယ်ကတည်းက ဖြစ်ပါတယ်။ The Fingers အဖွဲ့ရဲ့ ဖျော်ဖြေပွဲမှာ အဆိုတော် စိန်လွင်ရဲ့ သီချင်းကို ပြန်လည်သီဆိုဖျော်ဖြေရင်း တင်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက်တွေ ပိုမိုခိုင်မာလာပြီး ကြိုးစားအားထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တမ်း ပထမဆုံးအခွေကို စတင်ထုတ်ဝေနိုင်ခဲ့တာကတော့ ၁၉၈၄ ခုနှစ်မှာ ဖြစ်ပါတယ်။ တေးသံရှင်အောင်ရင်က လက်ဦးဆရာဖြစ်တဲ့ တေးသံရှင်စောဘွဲ့မှူးရဲ့ ကူညီမှုနဲ့ ‘မိုးသိပါစေ’ အယ်လ်ဘမ်ကို ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုနည်းခဲ့တယ် လို့လည်း ဆိုခဲ့ပါတယ်။
“မိုးသိပါစေအခွေက ထွက်ခဲ့ပေမယ့် ပရိသတ်သိပ်မသိကြဘူး။ ကျွန်တော်လည်း စိတ်ဓာတ်တွေကျနေတာပေါ့။ အဲဒီအချိန်မှာပဲ ငှက်ကြီး(ထူးအိမ်သင်) နဲ့ ညီညီသွင်တို့က သီချင်းထပ်လုပ်ဖို့ အတင်းတိုက်တွန်းကြတာနဲ့ ထပ်လုပ်ဖြစ်ခဲ့တာပါ။ ထူးအိမ်သင်နဲ့ ညီညီသွင်တို့ပဲ ရေးပေးခဲ့တာပါ။ ၁၉၈၉ မှာ မင်းမရှိတဲ့နောက် အခွေကိုထွက်ဖြစ်ခဲ့ပါတယ်။ အဲဒီအခွေလေးနဲ့ပဲ အောင်ရင်ဆိုပြီး ဖြစ်စေခဲ့ပါတယ်” လို့ ပရိသတ်စတင်အသိ အမှတ်ပြုခဲ့ပုံကို အမှတ်တရ ပြောပြခဲ့ပါတယ်။
တေးသံရှင်အောင်ရင်က မင်းမရှိတဲ့ နောက်တေးစီးရီးထွက်ရှိလို့ ပရိသတ်အားပေးမှု ရရှိပြီးချိန်မှာ ပထမဆုံးဖျော်ဖြေပွဲအနေနဲ့ Aurora Band နဲ့ လားရှိုးမြို့မှာ ဖျော်ဖြေခဲ့တာပါ။ ဒီပွဲမှာ အရင်ပွဲတွေဖျော်ဖြေမှုနဲ့ မတူကွဲပြားတဲ့ ပရိသတ်အားပေးမှုကြောင့် ဂီတဖြတ်သန်းမှုခရီးမှာ အမှတ်တရ ဖြစ်ခဲ့တယ်လို့လည်း အောင်ရင်ကဆိုခဲ့ပါတယ်။
“မင်းမရှိတဲ့နောက် အခွေက အောင်မြင်ပြီးတဲ့နောက် နောက်တစ်ခွေထပ်ထွက်ဖို့ ပြင်ဆင်တဲ့အခါ ငှက်ကြီး(ထူးအိမ်သင်) က အရမ်းစိတ်ပူပါတယ်။ ချိန်းတဲ့ညဆိုတဲ့ Title သီချင်းလေးကလည်း အရမ်းကောင်းပေမယ့် နောက်ထပ်သီချင်းကောင်း လိုသေးတယ်ဆိုပြီး အမေ့အိမ်သီချင်းလေးကိုဆိုဖို့ ပေးတယ်။ တကယ်တမ်းရီကောဒင်းမှာ ကျွန်တော်ဆိုနေရင်းနဲ့ သူကလည်းဟာမိုနီ ဆိုပေးတဲ့အခါကျတော့ ငှက်ကြီးရဲ့သီချင်းလေးက သူ့ရဲ့ ဂရုဏာသံနဲ့ပိုလိုက်တယ်။ ကျွန်တော်မဆိုတော့ဘူးလို့ပြောတော့ ငှက်ကြီးကစိတ်မကောင်းဘူး။ အဲဒါနဲ့ပဲသိပ်မကြာခင် အမေ့အိမ်သီချင်းနဲ့ပုံစံတူတဲ့ သီချင်း လေးတစ်ပုဒ်ကို ထပ်ရေးပြီးပေး ဆိုခဲ့ပါတယ်။ အဲဒါကတော့ အိပ်မက်ထဲကရထားကြီးပေါ့။ တကယ့်ကို အနုပညာပေါ်အရမ်း ရိုးသားပြီး စေတနာထားတဲ့ သူ့စိတ်ကိုမြင်ခွင့်ရတယ်။ အရမ်းလည်း အမှတ်တရပါပဲ” လို့ ဆရာတစ်ယောက်လို့လည်း ပြောလို့ရသလို သူငယ်ချင်းလည်းဖြစ်တဲ့ ထူးအိမ်သင်နဲ့ ပတ်သက်ပြီး အောင်ရင်က သတိရစိတ်အပြည့်နဲ့ ဆိုပါတယ်။
တေးသံရှင်အောင်ရင်က ဂီတလောက ၃၂ နှစ်တာဖြတ်သန်းမှုခရီးမှာ တစ်ကိုယ်တော်တေးစီးရီး ၁၆ ခွေထွက်ရှိခဲ့ပြီး အတွဲခွေကတော့ များစွာထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဂီတဖြတ်သန်းမှုခရီးမှာ ကိုယ်ပိုင်သံစဉ် တေးသီချင်းများစွာသီဆိုခဲ့သလို ငယ်စဉ်ကတည်းက ရူးသွပ်စွဲလမ်းရတဲ့အနုပညာရှင်တစ်ဦးဖြစ်သူ တေးသံရှင်စိန်လွင်ရဲ့ သီချင်းတွေကိုလည်း ပြန်လည်သီဆို ထွက်ရှိခဲ့ပါတယ်။
တေးသံရှင် အောင်ရင်ရဲ့မိသားစု ဘဝပုံစံကတော့ သမီးတစ်ယောက်၊ သားတစ်ယောက် ပိုင်ဆိုင်ထားပြီး နားလည်မှုအပြည့်ရှိတဲ့ ဇနီးနဲ့အတူ ဘဝခရီးကို ဖြတ်သန်းနေတာပါ။ မိသားစုဘဝရဲ့အနေအထားကိုတော့ တေးသံရှင်အောင်ရင်က “မိသားစု လေးယောက်ရှိတယ်။ ကျွန်တော်နဲ့ဇနီးက အင်္ဂလန်မှာနေရတယ်။ ကျွန်တော့်သမီးက အမေရိကားမှာနေတယ်။ ကျွန်တော့်သားက ဒီမှာနေတယ်။ စုစုစည်းစည်း မရှိဘူးပေါ့လေ။ အခွင့်အရေး ရခဲ့မယ်ဆိုရင်တော့ မိသားစုအတူတူ ပြန်နေချင်ပါတယ်” လို့ ခံစားမှုအပြည့်နဲ့ဖွင့်ဟခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သားဖြစ်သူမိုးအောင်ရင်က ဖမ်းဆီးခံထားရတာကြောင့် တေးသံရှင်အောင်ရင်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေခဲ့တာပါ။ ဒီဇင်ဘာလကုန်ပိုင်းမှာတော့ အင်္ဂလန်နိုင်ငံကို ပြန်လည်ထွက်ခွာ ရတော့မှာပဲ ဖြစ်ပါတယ်။ သားသမီးတွေအပေါ် ဆိုဆုံးမမှုနဲ့ ပတ်သက်လို့တော့ တေးသံရှင်အောင်ရင်က “ကျွန်တော်ကတော့ သား သမီးတွေကို ဆိုဆုံးမရင် တခြားသူတွေနဲ့ ဥပမာမပေးပါဘူး။ ကျွန်တော်မှားခဲ့တာတွေ၊ ဆိုးခဲ့မိုက်ခဲ့တာတွေကိုပဲ ဥပမာပေးပြီး ဆုံးမပါတယ်။ ကျွန်တော့်သား သမီးတွေ မလိမ္မာရင် ကျွန်တော်ဆုံးမတာ ညံ့လို့ပဲခံယူထားပါတယ်” လို့လည်းပြောခဲ့ပါသေးတယ်။
တေးသံရှင်အောင်ရင်က ဂီတလောကကနေ နှစ်အတန်ကြာ ကွယ်ပျောက်နေခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ် ၂၀၁၄ ခုနှစ်မှာ ‘အိမ်အလွမ်း’ ဆိုတဲ့ တေးသီချင်းတစ်ပုဒ်ကို သီဆိုပြီး အွန်လိုင်းကတစ်ဆင့် ရောင်းချခဲ့ပါတယ်။ အခြေအနေတွေကြောင့် မဖြစ်သာလို့ မိသားစုနဲ့ ခွဲခွာနေထိုင်နေရသူတွေအတွက်တော့ ကြားရတာနဲ့ကို မျက်ရည်ဝဲစေတဲ့ ဒီသီချင်းလေးက တေးရေးရွှေဂျော်ဂျော် ဦးဆောင်ကျင်းပတဲ့ ဂီတဆုပေးပွဲမှာ ဆုရရှိခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကြားထဲမှာလည်း တေးသံရှင်အောင်ရင်နဲ့ တစ်ဖန်ပြန်လည် ရင်းနှီးကျွမ်းဝင်စေခဲ့ပါတယ်။ ၂၀၁၆ နှစ်ဆန်းမှာတော့ တေးသံရှင်အောင်ရင်က မြန်မာနိုင်ငံကို ခေတ္တအလည်အပတ် ပြန်လာခဲ့ပြီး Live 90 ဖျော်ဖြေပွဲအနေနဲ့ တေးသီချင်း ၁၆ ပုဒ်သီဆို ဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲကလည်း အောင်ရင်ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေအတွက်တော့ အလွမ်းပြေစရာ ဖျော်ဖြေပွဲတစ်ပွဲ ဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် တေးသံရှင် အောင်ရင်က မူလက ၂၀၁၇ မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အခြေအနေအရ ရကရွှေ့ပြီး Aung Yin 32 ဂီတဖျော်ဖြေပွဲအဖြစ် ကျင်းပခဲ့ရာမှာ ပရိသတ်အပြည့်အလျှံ အားပေးခဲ့ကြပါတယ်။ ဒီဖျော်ဖြေပွဲအတွင်းမှာ ‘အိမ်အလွမ်း’ သီချင်းနဲ့အတူ တေးသံရှင် အောင်ရင်ရဲ့ မိသားစုပုံရိပ်တွေကို ဖွင့်ပြခဲ့တာကြောင့် ပရိသတ်တွေကို ခံစားမှုများစွာ ပေးစွမ်းနိုင်ခဲ့ပါတယ်။
တေးသံရှင်အောင်ရင်က လက်ရှိအချိန်မှာတော့ မီနီတေးစီးရီး တစ်ခွေထွက်ရှိနိုင်ဖို့ ပြင်ဆင်ထားပြီး ထူးအိမ်သင်အတွက် တေးရေး မောင်မောင်ဇော်လတ် ရေးသားပေးထားပေမယ့် ထူးအိမ်သင်က သူ့ကိုပေးဆိုထားတဲ့ ‘မိုင်တိုင် ၄၀’ တေးသီချင်းသစ်လည်း ပါဝင်မယ်လို့သိရပါတယ်။                    
အထက်မှာ ဖတ်ရှုခဲ့ကြရတာကတော့ တေးသံရှင်အောင်ရင်ရဲ့ ငယ်ဘဝဖြတ်သန်းမှု အမှတ်တရတွေနဲ့အတူ ဂီတခရီးလမ်းလျှောက် လှမ်းခဲ့မှုပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ဂီတခရီးလမ်းမှာ ၃၂ နှစ်တိုင်ဖြတ်သန်းခဲ့ပြီး ပေမယ့် သူ့ကိုအားပေး ချစ်ခင်ဆဲဖြစ်တဲ့ ပရိသတ်တွေအတွက် ဂီတရင်ခုန်သံတွေ လတ်ဆတ်နေဆဲဖြစ်တဲ့ တေးသံရှင် အောင်ရင်ဖွင့်ဟခဲ့တဲ့ စကားသံတွေကို ဖတ်ရှုရင်း အတိတ်ကာလရဲ့အချိန်တချို့ဆီ ခဏတာ ပြန်လည်ရောက်ရှိသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။             

Most Read

Most Recent