ခြေလှမ်းသစ်များစွာနဲ့ မြန်မာ့ဂီတလောက

ခြေလှမ်းသစ်များစွာနဲ့ မြန်မာ့ဂီတလောက
Published 21 December 2016
လင်းလင်းခိုင်

ဂီတဆိုတာ လူသားတို့ရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အပန်းဖြေနည်း အနုပညာလို့ ဆိုကြရမှာပါ။ ဘဝရဲ့နေ့ရက်တွေထဲ ပင်ပန်းနွှမ်းနယ်လာတဲ့အခါ စိတ်ထွက်ပေါက် တစ်ခုအဖြစ် ရွေးချယ်နားဆင် တတ်ကြသလို စိတ်ဓာတ်ကျသူတွေအတွက် စိတ်ခွန်အား တက်ကြွလာစေဖို့၊ စိတ်ပင်ပန်းနေသူတွေအတွက် မျှော်လင့်စရာ အခြေအနေတွေအဖြစ် ပြောင်းလဲရောက်ရှိလာဖို့၊ ဝမ်းနည်းကြေကွဲသူတွေအတွက် နှစ်သိမ့်အားပေးစရာဖြစ်ဖို့ စတဲ့ရည်ရွယ်ချက်မျိုးစုံနဲ့ ဂီတသံစဉ်တွေက လူသားတိုင်းနဲ့ နီးကပ်ပတ်သတ်နေကြရတာပါ။ အပန်းဖြေနည်း အနုပညာများစွာထဲက ဒီလိုလူသားတိုင်းရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ ဂီတနယ်ပယ်က ကျယ်ပြန့်လှပါတယ်။ ဖန်တီးသူတွေကလည်း ဂီတအမျိုးအစားစုံကို ဖန်တီးသက်ဝင်နိုင်စေသလို ခံစားနားဆင်သူတွေကလည်း ပြောင်းလဲရွေ့လျားလာတဲ့ နည်းပညာခေတ်ထဲမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ရယူခံစား နားဆင်လာကြပါတယ်။
ဒီလိုကျယ်ပြန့်လာတဲ့ နယ်ပယ်ထဲမှာ လျင်မြန်တဲ့အရွေ့တစ်ခုနဲ့ ဖြတ်သန်းလာတဲ့ ဂီတလောကရဲ့ ၂၀၁၆ အရွေ့တချို့အကြောင်းကို ပြန်လည်ခံစား သုံးသပ်ချင်ပါတယ်။ ဂီတနယ်ပယ်ရဲ့ အကြောင်းအရာစုံထဲမှာ ပထမဆုံး မှတ်မှတ်ထင်ထင် သတိပြုရမယ့် အရွေ့တစ်ခုကတော့ ဂီတဆိုတာ အိမ်ကစီဒီစက်ထဲမှာ ဒါမှမဟုတ် တီဗီမှာ နားဆင်ဖြစ်တဲ့ အခြေအနေတစ်ခုကနေ မိမိတို့လက်ထဲမှာ အချိန်မရွေးရှိနေတဲ့ လက်ကိုင်ဖုန်းတွေဆီ ရောက်ရှိလာခဲ့တာပါပဲ။ အင်တာနက် အသုံးပြုမှုကျယ်ပြန့်လာတာနဲ့အမျှ တေးစီးရီးခွေတစ်ခွေ စတင်ထွက်ရှိပြီး စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်းကို အွန်လိုင်းကို အခမဲ့ရောက်ရှိလာသလို ဖြန့်ချိမျှဝေသူတွေရဲ့ လက်ဆင့်ကမ်းမျှဝေမှုကြောင့် အချိန်တိုအတွင်းမှာ Download လုပ်လို့ရယူရင်း နားဆင်လာခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်ရဲ့ မြန်မာ့ဂီတနယ်ပယ်မှာ အွန်လိုင်းကတစ်ဆင့် တေးသီချင်းတွေ ရောင်းချဖို့ ကြိုးပမ်းလာကြသလို အရင်ကထက် လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်တဲ့အတွက်လည်း တရားဝင် ဝယ်ယူနားထောင်မှုနှုန်းလည်း အတန်ငယ် မြင့်တက်လာခဲ့ပါတယ်။ တေးသံရှင်တွေ အနေနဲ့လည်း တစ်ကိုယ်တော်တေးစီးရီး မထွက်ခင်မှာ Single Song (တေးသီချင်း တစ်ပုဒ်တည်းထွက်ဖို့ ကြိုးပမ်းတာ)၊ တေးသီချင်း အနည်းငယ်သာပါဝင်တဲ့ Mini Album ထွက်ဖို့ ကြိုးပမ်းတာတွေ များပြားလာခဲ့ပါတယ်။ အွန်လိုင်းအသုံးပြုပြီး တေးသီချင်းတွေ ရောင်းချလာခြင်းအားဖြင့် အခွေတစ်ခွေဝယ်ယူဖို့ အချိန်ကုန်သက်သာနိုင်တဲ့အပြင် သီချင်းကို အမြည်းနားထောင်ကြည့်ပြီး နှစ်သက်မှ ဝယ်ယူနိုင်တာကြောင့်လည်း ပရိသတ်စိတ်ဝင်စားမှုနှုန်းက ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် ဈေးနှုန်းအရလည်း အများတတ်နိုင်တဲ့ ဈေးနှုန်းတစ်ခုကို သတ်မှတ် ရောင်းချလာတာ ဖြစ်တာကြောင့် အွန်လိုင်းအသုံးပြု ရောင်းချခြင်းဆိုတဲ့ ဂီတလောကရဲ့ နယ်ပယ်သစ်တစ်ခုက ၂၀၁၆ ခုနှစ်အတွင်းမှာ ခြေလှမ်းများ များလှမ်းနိုင်ခဲ့တဲ့ အခြေအနေလို့ အကြမ်းဖျင်းအားဖြင့် သုံးသပ်ရမှာပါ။ ဒီလိုအွန်လိုင်း အသုံးပြုရောင်းချမှုတွေကို မူပိုင်ခွင့်အရ ကာကွယ်နိုင်ဖို့အတွက် ဂီတလောကသားတွေ ကြိုးပမ်းနေတာဖြစ်တဲ့အတွက် မကြာခင်နှစ်တွေမှာတော့ အခုထက်ပိုမို ထိရောက်ကျယ်ပြန့်တဲ့ အခြေအနေတစ်ခုကို ရောက်လာမယ်လို့လည်း ဂီတလောကသားတွေက မျှော်လင့်စောင့်စားနေကြပါတယ်။
၂၀၁၆ ခုနှစ်ထဲက ဂီတလောကရဲ့ နောက်ထပ် အရွေ့တစ်ခုဆိုရင်တော့ ရှိုးပွဲအများအပြား ကျင်းပနိုင်ခဲ့ခြင်းပါ။ ၂၀၁၆ နှစ်ဆန်းကစလို့ မကြာခင်ရက်ပိုင်းအတွင်း နှစ်ကုန်ဆုံးတော့မယ် ဆိုပေမယ့် ဖြတ်သန်းခဲ့တဲ့ ရက်သတ္တပတ်တိုင်း နီးပါးမှာ ဖျော်ဖြေပွဲတွေ အများအပြား ပြုလုပ်ဖြတ်သန်းခဲ့ကြပါတယ်။ အထူးသဖြင့်တော့ အခုနှစ်မှာထူးခြားတဲ့ အပြောင်းအလဲ တစ်ခုအဖြစ် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေတင်မကဘဲ နယ်မြို့ကြီးတွေမှာပါ ဖျော်ဖြေပွဲတွေ ကျင်းပလာကြတာပါ။ Music Tour ခေါင်းစဉ်နဲ့ နာမည်ကျော် တီးဝိုင်းအဖွဲ့တွေရဲ့ မြို့အများအပြားကို လှည့်လည် ဖျော်ဖြေမှု ခရီးစဉ်တွေ၊ တေးသံရှင် တစ်ဦးချင်းစီရဲ့ မြို့အများအပြား လှည့်လည်ဖျော်ဖြေမှုတွေ၊ တေးသံရှင် အစုအဖွဲ့အလိုက် မြို့ကြီးတွေကို လှည့်လည်ဖျော်ဖြေဖို့ စီစဉ်ထားတာတွေ အများဆုံးပြုလုပ်ခဲ့တဲ့ နှစ်တစ်နှစ်လို့လည်း ဆိုရပါမယ်။ မြို့ကြီးတွေအလိုက် ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတွေတိုင်းမှာလည်း ပရိသတ်အပြည့်အလျှံ အားပေးခဲ့ကြတာကြောင့် ၂၀၁၆ ခုနှစ်ရဲ့ ဂီတနယ်ပယ်မှာ ဖျော်ဖြေပွဲတွေ အောင်မြင်တဲ့ နှစ်တစ်နှစ်လို့လည်း ဆိုနိုင်ပါတယ်။ အခမဲ့ ဂီတဖျော်ဖြေပွဲတွေမှာ ပရိသတ် အပြည့်အလျှံအားပေးသလို လက်မှတ်ဈေးနှုန်း အမြင့်စားတွေနဲ့ ဖျော်ဖြေပွဲတွေမှာလည်း လက်မှတ်အားလုံး ရောင်းကုန်တဲ့အထိ အားပေးမှု များပြားခဲ့တဲ့ နှစ်တစ်နှစ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဖျော်ဖြေပွဲတွေကို ရုပ်သံလိုင်းတွေ ထုတ်လွှင့်ပြသခဲ့ရာမှာလည်း ပရိသတ် အားပေးကြည့်ရှုမှုနှုန်း မြင့်တက်ခဲ့တဲ့နှစ်လို့ ဆိုနိုင်ပါတယ်။
၂၀၁၆ ခုနှစ် ဂီတနယ်ပယ်ထဲက နောက်ထပ် အပြောင်းအလဲတစ်ခုကတော့ လူငယ်ဂီတ မျိုးဆက်သစ်တွေအတွက် အိပ်မက်သစ်တွေ မွေးဖွားစေခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ သီချင်းဆိုပြိုင်ပွဲတွေရဲ့ တရားဝင်လိုင်စင် ရယူပြီး ကျင်းပတဲ့ သီချင်းဆိုပြိုင်ပွဲတွေ ထွက်ပေါ်လာသလို ပြည်တွင်းမှာ ပုံမှန်ကျင်းပနေတဲ့ သီချင်းဆိုပြိုင်ပွဲများစွာလည်း ရှိနေပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုရဲ့ ပြိုင်ပွဲအဖြစ် ကျင်းပတာတွေ၊ ရည်ရွယ်ချက် Theme တစ်ခုသတ်မှတ်ပြီး သီချင်းဆိုပြိုင်ပွဲအဖြစ် ပြုလုပ်တာတွေလည်း အခုနှစ်အတွင်းမှာ များပြားခဲ့ပါတယ်။ ဒီလိုအရေအတွက်များများ၊ အရှိန်အဟုန်ပြင်းပြင်း သီချင်းဆိုပြိုင်ပွဲတွေ ထွက်ပေါ်လာခြင်းအားဖြင့် လူငယ်မျိုးဆက်သစ် အဆိုဝါသနာရှင်များစွာအတွက် လမ်းကြောင်းသစ်တွေ ဖြစ်ပေါ်လာစေပါတယ်။ ပြိုင်ပွဲရဲ့ ထုံးစံအတိုင်းပဲ အားသာချက် အားနည်းချက် ရှိတာနဲ့အညီ ပြိုင်ပွဲတချို့ကလည်း အားနည်းချက်တွေ ရှိနေပေမယ့် ဂီတဝါသနာရှင် မျိုးဆက်သစ်တွေ အတွက်တော့ ကောက်ရိုးတစ်မျှင်၊ လှေကားထစ်တစ်ခု ဖြစ်နေဆဲပါ။ အထူးသဖြင့်တော့ အခုနှစ်အတွင်းမှာ ပထမဆုံး ကျင်းပနိုင်ခဲ့တဲ့ The X-Factor Myanmar ပြိုင်ပွဲက ပွဲစဉ်တစ်လျှောက်လုံး စိတ်ဝင်စား စောင့်ကြည့်သူ များပြားခဲ့သလို ပွဲပြီးသွားချိန်အထိလည်း စကားသံတွေ ဝေစီနေခဲ့ပြီး ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ‘ကြွေ’ သီချင်းက လူငယ်တွေ နှုတ်ဖျားကို ရောက်သွားတဲ့အထိ စိတ်ဝင်စားမှု အရှိန်အဟုန် မြင့်တက်ခဲ့ပါတယ်။ ဒီလိုကျယ်ပြန့်မှု များပြားခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲတွေရဲ့ အရှိန်အဟုန်က ၂၀၁၇ မှာလည်း ဆက်လက်ကျယ်ပြန့်နိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်ရဲ့ ဂီတနယ်ပယ်ကို ပြန်လည်သုံးသပ်မယ်ဆိုရင် ချန်လှပ်ထားခဲ့လို့မရ နိုင်တာကတော့ Electronic Music ပါပဲ။ EDM လို့ တွင်တွင်ကျယ်ကျယ် ကြားသိလာရတာက ၂၀၁၅ ခုနှစ်လောက်မှာ ဖြစ်ပေမယ့် ၂၀၁၆ ခုနှစ်ထဲမှာတော့ အရှိန်အမြင့်ဆုံး အခြေအနေတစ်ခုကို ရောက်လာတယ်လို့ ဆိုရမှာပါ။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးစတဲ့ မြို့ကြီးတွေမှာ EDM Festival တွေ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာပြီး အထူးသဖြင့်တော့ ရန်ကုန်မြို့မှာ နိုင်ငံတကာအဆင့်မီ EDM ပွဲတွေ စတင်ကျင်းပလာခဲ့ပါတယ်။ ကမ္ဘာ့အဆင့် (၁) ဒီဂျေတွေ အပါအဝင် နိုင်ငံတကာ စင်မြင့်ထက်က ဒီဂျေတွေ၊ ပြည်တွင်းက ထိပ်တန်းဒီဂျေတွေ ဖျော်ဖြေမှုကို လူငယ်အများအပြားက ပါဝင်ဆင်နွဲှခွင့်၊ နားဆင် ကခုန်ခွင့် ရလာပါတယ်။ အရှေ့တောင်အာရှ နိုင်ငံအချို့မှာသာ အရင်ကပြုလုပ်နိုင်ခဲ့တဲ့ EDM ပွဲတွေက လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ ကျင်းပနိုင်လာတာ ဖြစ်တဲ့အတွက် ၂၀၁၆ ခုနှစ်အတွက်တော့ ထူးခြားတဲ့ ဂီတနယ်ပယ်သစ်တစ်ခု ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် လူငယ်မျိုးဆက်သစ် ဒီဂျေပညာရှင်တွေ အတွက်လည်း အခွင့်အလမ်းသစ်တွေ ဖြစ်လာစေတယ်လို့ ဆိုရမှာပါ။
၂၀၁၆ ခုနှစ်ထဲမှာ ဂီတလောကရဲ့ ထင်ရှားတဲ့ ခြေလှမ်းသစ်တစ်ခုက နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ဂီတဖန်တီးမှုသစ်တွေ ပြုလုပ်ဖို့ ကြိုးပမ်းလာကြခြင်းပါ။ တေးသံရှင် ကျားပေါက် (ဟန်ထူးလွင်) ရဲ့ တေးစီးရီးသစ်ကို ဆွီဒင်နိုင်ငံမှာ တစ်ခွေလုံး သွားရောက် အသံသွင်းယူထားပြီး ၂၀၁၇ ခုနှစ်ထဲမှာ ဖြန့်ချိနိုင်ဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် FG Entertainment ရဲ့စီစဉ်မှုနဲ့ ဆွီဒင်နိုင်ငံက ဂီတထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး တေးသီချင်းတွေ ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားတာတွေလည်း ရှိပါတယ်။ ပြည်တွင်းမှာလည်း Music Video တွေကို ထိုင်းဒါရိုက်တာတွေက ရိုက်ကူးပုံဖော်မှုတွေ ပြုလုပ်လာတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒါကတော့ ဂီတလောကရဲ့ ခြေလှမ်းသစ်လို့ ဆိုနိုင်သလို နောက်ထပ် ခြေလှမ်းသစ်ပေါင်းများစွာ ဆက်လက် လျှောက်လှမ်းနိုင်ဖို့ အားပေး ဆုတောင်းပေးရမယ့် အချိန်လို့လည်း ပြောနိုင်ပါတယ်။
၂၀၁၆ ခုနှစ် တစ်နှစ်တာကတော့ မကြာခင် ကုန်ဆုံးပါတော့မယ်။ ဒီတစ်နှစ်တာအတွင်းမှာ ဂီတလောကရဲ့ အနေအထားကတော့ နည်းပညာ တိုးတက်မှုနဲ့အတူ လိုက်ပါရွေ့လျား တိုးတက်လာတာ၊ နိုင်ငံတကာမှာ ခေတ်စားနေဆဲ EDM ပွဲတွေ အများအပြား ကျင်းပနိုင်လာတာ၊ ဂီတဖန်တီးမှု အသစ်တွေ ဖန်တီးနိုင်ဖို့ ကြိုးပမ်းမှု မြင့်တက်လာတာစတဲ့ ခြေလှမ်းသစ်များစွာ လှမ်းနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် မကြာခင် ရောက်လာတော့မယ့် ၂၀၁၇ နှစ်သစ်မှာလည်း မြန်မာ့ ဂီတလောကရဲ့ ပိုမိုတောက်ပတဲ့ နေ့ရက်သစ်တွေအဖြစ် ဆက်လက် ဖန်တီးနိုင်ပါစေလို့ ဆုမွန်ချွေလိုက်ရပါတယ်။

Most Read

Most Recent