အင်ဒိုနီးရှားတွင် စက်ဘီးခိုးမှုအတွက် သြစတြေးလျ ခရီးသွား နှစ်ဦး စီတန်း လမ်းလျှောက်ပြခဲ့ရ

အင်ဒိုနီးရှားတွင် စက်ဘီးခိုးမှုအတွက် သြစတြေးလျ ခရီးသွား နှစ်ဦး စီတန်း လမ်းလျှောက်ပြခဲ့ရ
Published 20 December 2016

စက်ဘီး ခိုးယူခဲ့သည်ဟု စွပ်စွဲခံရသော သြစတြေးလျ ခရီးသွား နှစ်ဦးသည် ၎င်းတို့၏ လည်ပင်းတွင် ‘ကျွနု်ပ် သူခိုးတစ်ဦးပါ။ ကျွနု်ပ် လုပ်သလို မလုပ်ကြပါနဲ့’ ဟု ရေးထားသည့် ဆိုင်းဘုတ်များချိတ်ပြီး အင်ဒိုနီးရှားရှိ ကျွန်းတစ်ခုတွင် အရှက်ရစေရန်အတွက် စီတန်းလမ်းလျှောက်ရန် ဖိအားပေးခံခဲ့ရသည်ဟု တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အမည်မဖော်သော ခရီးသွား နှစ်ဦးသည် လွန်ခဲ့သည့် ၁၀ ရက်ခန့်က အင်ဒိုနီးရှား အလယ်ပိုင်းရှိ ခရီးသွားများ လာရောက်သည့် နာမည်ကျော်ကျွန်း Gili Trawangan ၌ စက်ဘီးကို ခိုးယူခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
သြစတြေးလျနိုင်ငံသား နှစ်ဦးသည် ဟိုတယ်မှ စက်ဘီးတစ်စီးအား ယူသွားသည်ကို စီစီတီဗီ မှတ်တမ်းများက ပြသခဲ့ကြောင်း ရွာသူကြီး မူဟာမက်တာအူဖစ်က ပြောကြားခဲ့သည်။ ဟိုတယ်မန်နေဂျာက ယင်းဖြစ်စဉ်ကို အာဏာပိုင်များထံ တင်ပြခဲ့ပြီး တစ်ရက်အကြာတွင် ခရီးသွားစုံတွဲကို ဖမ်းဆီးမိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“သူတို့ကို စစ်ဆေးမေးမြန်းခဲ့ပြီး ကျွန်းအနှံ့ စီတန်းလမ်းလျှောက်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး သူတို့ကို ကျွန်းကနေထွက်သွားဖို့ ဖိအားပေးခဲ့တယ်” ဟု တာအူဖစ်က ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ယခုနှစ်တွင် ကျွန်းပေါ်၌ walk of shame စီတန်းလမ်းလျှောက်မှုနှင့် ကြုံရသည့် ပထမဆုံး နိုင်ငံခြားသားများဖြစ်သည်။ အမျိုးသား ဥပဒေများသည် ကျွန်းပေါ်တွင် အာဏာတည်သော်လည်း သြစတြေးလျ နိုင်ငံသားနှစ်ဦးသည် တရားဝင် ရဲစုံစမ်း စစ်ဆေးခံခဲ့ရခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရပေ။ “walk of shame စီတန်းလမ်းလျှောက်မှုဟာ ကျွန်တော်တို့ရွာမှာ စည်းမျဉ်းတစ်ခုပါ။ သူတို့ကို ရဲက စွဲချက်တင်လား၊ မတင်လားဆိုတာ ကျွန်တော် မသိပါဘူး” ဟု တာအူဖစ်က ပြောကြားခဲ့သည်။ အင်ဒိုနီးရှား၏ အဓိက အပန်းဖြေ ကျွန်းဘာလီ၏ အရှေ့ဘက်နှင့် Lombok ကျွန်း၏ ကမ်းလွန်ပြင်ရှိ သေးငယ်သောကျွန်း Gili Trawangan တွင် အလားတူ စီတန်းလမ်းလျှောက်မှုများ ပြုလုပ်ခဲ့သည်မှာ နှစ်များစွာ ကြာပြီဖြစ်သည်။
Ref: AFP

Most Read

Most Recent