အင်ကာရာတွင် ရုရှားသံအမတ်ကြီးအား လုပ်ကြံခဲ့သူသည် ရဲသက်သေခံ ကတ်ပြားပြပြီး ပြခန်းထဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်

အင်ကာရာတွင် ရုရှားသံအမတ်ကြီးအား လုပ်ကြံခဲ့သူသည် ရဲသက်သေခံ ကတ်ပြားပြပြီး ပြခန်းထဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်
Published 20 December 2016

တူရကီနိုင်ငံ အင်ကာရာရှိ ပြပွဲတစ်ခုတွင် တူရကီဆိုင်ရာ ရုရှားသံအမတ်ကြီး အင်ဒရေးကာလော့ဗ်အား လုပ်ကြံခဲ့သူသည် ရဲတပ်ဖွဲ့ဝင် သက်သေခံ ကတ်ပြားပြသခဲ့ပြီးနောက် လက်နက်ကိုင်ဆောင်လျက် ခန်းမထဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနများက ဒီဇင်ဘာ ၂၀ ရက်တွင် ဖော်ပြခဲ့ကြသည်။ အသက် ၂၂ နှစ်ရှိ Mevlut Mert Altintas သည် အင်ကာရာ အလယ်ပိုင်းရှိ ယင်းပြခန်းသို့ဝင်ရောက်စဉ် လုံခြုံရေး စစ်ဆေးမှုခံယူသည့်နေရာ၌ သတ္တုပစ္စည်းရှိကြောင်း ထောက်လှမ်းသည့် ကိရိယာမှ အချက်ပေးသံမြည်ခဲ့ကြောင်း အစိုးရလိုလားသော နေ့စဉ်သတင်းစာ Sabah က ဖော်ပြခဲ့သည်။ သို့သော် Altintas က ၎င်း၏ ရဲဝန်ထမ်း သက်သေခံကတ်ပြားကို ပြသခဲ့ရာ ခန်းမထဲသို့ ဝင်ရောက်ခွင့်ရရှိခဲ့ကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။
အင်ကာရာတွင် ပြီးခဲ့သော နှစ်နှစ်ခွဲအတွင်း အဓိကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့သော Altintas သည် တိုက်ခိုက်မှုပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်ရန် အနီးရှိ ဟိုတယ်တစ်ခုတွင် နေထိုင်ခဲ့ကြောင်း အခြားနေ့စဉ်သတင်းစာ Hurriyet က ဖော်ပြခဲ့သည်။ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အချိန်က တာဝန်ချိန်ပြင်ပ၌ ရှိသော Altintas သည် ဟိုတယ်တွင် မုတ်ဆိတ်ရိတ်ခဲ့ပြီး ပွဲတက်ဝတ်စုံပြည့်ဖြင့် ပြခန်းသို့ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း Hurriyet က ဖော်ပြခဲ့သည်။
Altintas သည် သံအမတ်ကြီးအား ၎င်း၏ နောက်မှနေ၍ သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အလ္လာဟူ အက္ကဘာဟု အော်ဟစ်ခဲ့ကာ ဆီးရီးယားနှင့် အလက်ပိုတွင် ဖြစ်ပေါ်နေသည့် ကိစ္စများအတွက် တာဝန်ရှိ သူအားလုံးသည် တာဝန်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ၁၅ မိနစ်ကျော် ကြာမြင့်ခဲ့သော အပြန်အလှန် ပစ်ခတ်မှုအတွင်း Altintas သည် ရဲများ၏ ပစ်သတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
တူရကီအနောက်ပိုင်း အိုင်ဒင်ပြည်နယ်ရှိ ဆိုကီမြို့တွင် မွေးဖွားခဲ့သော Altintas သည် ရဲတပ်ဖွဲ့ဝင်လောင်းများအတွက် လေ့ကျင့်ပေးသော အထူးကျောင်းတစ်ကျောင်းကို တက်ရောက်ခဲ့သည်။ ယင်းတိုက်ခိုက်သူသည် ဇူလိုင် ၁၅ ရက်က မအောင်မြင်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ကွယ်မှ အပြစ်တင်ခံထားရသော ဖေတူလာဂူလင်အဖွဲ့နှင့် ဆက်နွှယ်မှုရှိနိုင်ကြောင်း အင်ကာရာမြို့တော်ဝန် မီလီဂွတ်ဆက်က Twitter တွင် ရေးသားခဲ့သည်။
သို့သော် ၎င်း၏ ရေးသားမှုအတိုင်း တာဝန်ရှိသူအချို့က သံယောင်လိုက်ပြောကြားမှု မရှိသေးသော်လည်း အစိုးရလိုလား သောမီဒီယာများကမူ ယင်းလုပ်ကြံမှုနောက်ကွယ်တွင် ဖေတူလာအကြမ်းဖက်အဖွဲ့အစည်း (FETO) နှင့် ဆက်နွှယ်နေနိုင်ကြောင်း ထပ်တလဲလဲ ဖော်ပြနေကြသည်။ Hurriyet သတင်းစာက မူယင်းလုပ်ကြံမှုသည် ဂူလင်အဖွဲ့နှင့် ဆက်နွှယ်မှုရှိ၊ မရှိ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြခဲ့သည်။
ယင်းလုပ်ကြံမှုအတွက် Altintas ၏ မိဘ၊ ညီမနှင့် ဦးလေးအပါအဝင် လူခြောက်ဦးအား တူရကီတာဝန်ရှိသူများက ထိန်းသိမ်းခဲ့ကြောင်း တူရကီမီဒီယာများက ဖော်ပြခဲ့သည်။ ယင်းလုပ်ကြံသူအား စေခိုင်းခဲ့သူကို သိရမှ ဖြစ်မည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က ကြေညာခဲ့ပြီး ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန်အတွက် ရုရှားစုံစမ်းစစ်ဆေးရေးအဖွဲ့က တူရကီသို့ရောက် ရှိခဲ့သည်။   Ref း AFP

Most Read

Most Recent