တရုတ်တွင် ငါးရက်ဆက်တိုက် မီးခိုးငွေ့များ ဆိုးရွားစွာ ပိတ်ဖုံးနေ

တရုတ်တွင် ငါးရက်ဆက်တိုက် မီးခိုးငွေ့များ ဆိုးရွားစွာ ပိတ်ဖုံးနေ
Published 20 December 2016

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒီဇင်ဘာ ၂၀ ရက်က ငါးရက်မြောက်နေ့အဖြစ် ထူထပ်သော မီးခိုးငွေ့များ ဆက်လက် ဖြစ်ပေါ်နေခဲ့ရာ မြင်နိုင်စွမ်း ကျဆင်းမှုကြောင့် လေကြောင်းခရီးစဉ် ရာပေါင်းများစွာ ဖျက်သိမ်းခဲ့ရပြီး ကားလမ်းနှင့် ရထားလမ်း သယ်ယူပို့ဆောင်ရေးများ လျော့ကျခဲ့ရသည်။
မြို့ပေါင်း ၂၀ ကျော်တွင် ဒီဇင်ဘာ ၁၆ ရက်ကတည်းက အနီရောင် သတိပေးချက် ထုတ်ရသည့် အခြေအနေ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ပြည်သူတို့၏ ကျန်းမာရေးကို ကာကွယ်ရန်အတွက် မီးခိုးငွေ့ထုတ်လွှတ်မှုကို လျှော့ချကန့်သတ်ခြင်း အပါအဝင် အရေးပေါ် လုပ်ဆောင်ချက်များ ချမှတ်မှုများ ရှိခဲ့သည်။ ဒေသတစ်ဝန်းတွင် အာဏာပိုင်များက ထူထပ်သော မီးခိုးများ လျော့ပါးသွားစေရန် မျှော်လင့်ချက်ဖြင့် လမ်းများပေါ်တွင် ယာဉ်သွားလာမှုများကို လျှော့ချခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များအား ပိတ်ပင်ခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။
လူ့ကျန်းမာရေးကို ထိခိုက်စေသည့် အလွန်သေးငယ်သော PM 2.5 အမှုန် ပါဝင်မှုသည် ထိုဒေသထဲတွင် အဆင့် ၈၄၄ အထိ မြင့်တက်လာခဲ့သည်။ ထိုအဆင့်သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားသော အမြင့်ဆုံး PM 2.5 ပါဝင်မှု အဆင့်ထက် ၃၄ ဆနီးပါး ပိုမို များပြားနေသည်။ ထို့ပြင် ထူထပ်သော မီးခိုးငွေ့ကို ဖြစ်ပေါ်စေသည့် ပိုမိုကြီးမားသော PM 2.5 အမှုန် ပါဝင်မှုသည် အမြင့်ဆုံး အမှတ်ဖြစ်သည့် ၉၉၉ ကို ကျော်သွားပြီဖြစ်သည်။
မြို့တော်ပေကျင်း၏ လမ်းများပေါ်တွင် အဆောက်အအုံများသည် အလွန်ထူထပ်သည့် အဝါရောင် မီးခိုးများကြားတွင် ပျောက်နေပြီး လုံခြုံရေး စိုးရိမ်ရမှုကြောင့် အဝေးပြေးလမ်းမ အချို့ကိုလည်း ပိတ်ထားသည်။ ဒေသစံတော်ချိန် ၁၁ နာရီတွင် ပေကျင်းမြို့တော် နိုင်ငံတကာ လေဆိပ်တွင် လေယာဉ်ခရီးစဉ် ၂၁၇ ခုကို ဖျက်သိမ်းခဲ့ရသည်။ မြို့တော်ထဲရှိ ရထားများမှာလည်း နှေးကွေးစွာ သွားလာရသောကြောင့် နှောင့်နှေးမှု ၁၁ ခုခန့် ဖြစ်ပေါ်ပြီး အိမ်နီးချင်း တီယန်ကျင်းမြို့တွင် ရထားခရီးစဉ် ရပ်တန့်မှု ၃၄ ခု ဖြစ်ပေါ်ခဲ့သည်။
ယခု ထုတ်ပြန်ထားသည့် အနီရောင် သတိပေးချက်သည် တရုတ်အစိုးရ၏ အရောင် သတိပေးချက် လေးခုအနက် အမြင့်ဆုံးဖြစ်ပြီး ၇၂ နာရီ ကျော်သည်အထိ အလွန်ဆိုးရွားသည့် မီးခိုးငွေ့များ ရှိနေပါက ထုတ်ပြန်ရခြင်း ဖြစ်သည်။ ယခင်နှစ် ဒီဇင်ဘာလကလည်း မြို့တော်ပေကျင်း၌ ပထမဆုံးအကြိမ် အနီရောင် သတိပေးချက် ထုတ်ပြန်ရသည်။
တရုတ်နိုင်ငံ၏ ယခုမီးခိုးငွေ့ ကိစ္စသည် လျှပ်စစ်စွမ်းအင်နှင့် အပူဓာတ် ရရှိရေးအတွက် ကျောက်မီးသွေးများကို မီးရှို့ခြင်းကြောင့် ဖြစ်သည်ဟု အပြစ်တင်ထားကြသည်။ ယင်းကျောက်မီးသွေး အသုံးပြုမှုများသည် ဆောင်းဥတုအတွင်း အမြင့်ဆုံး ဖြစ်လေ့ရှိသည်။ မီးခိုးငွေ့ ကိစ္စသည် တရုတ်ပြည်သူများကို ဒေါသထွက်စေသည့် ရင်းမြစ်တစ်ခုလည်းဖြစ်သည်။ တရုတ်လူမှု မီဒီယာတို့တွင် လူအများအပြား သည် ဒေါသတကြီး ဖြစ်နေကြပြီး အခြေအနေများ ကောင်းအောင် လုပ်ဆောင်ပေးမည်ဟု ဆိုသည့် အာဏာပိုင်တို့၏ ကတိများကိုလည်း မယုံမကြည် ဖြစ်နေကြသည်။
“ဒီနေ့မနက်တုန်းက ပေကျင်းတော့ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်ခံလိုက်ရပြီလို့ပဲ ကျွန်တော် ထင်လိုက်တာပါ” ဟု Twitter ကဲ့သို့ ဝေပိုဝက်ဘ်ဆိုက်တွင် တစ်ဦးက ရေးသားခဲ့သည်။
Ref: AFP

Most Read

Most Recent