ကျွန်တော် ဒီတစ်ခေါက်ရောက်ခဲ့တဲ့ နေရာလေးကတော့ အင်မတန်လမ်းခရီး ကြမ်းတမ်းပါတယ်။ အရင်တုန်းက လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါင်းစုံကြီးစိုးခဲ့တဲ့ ဒေသဖြစ်တဲ့အတွက် အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့အတွက် ဗမာဆိုရင်ဝင်လို့မရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲလိုက်ပြီး နောက်ပိုင်းမှာတော့ အညိုရောင်နယ်မြေအဖြစ် စတင်သွားလာလို့ ရနေတာပဲ ဖြစ်ပါတယ်။
အဲဒီ ဒေသကတော့ ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဖွဲ့) ဗဟိုဌာနချုပ်ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲက နောင်ထောဝ်ကျေးရွာ ဖြစ်ပါတယ်။ ရလလဖတပ်ဖွဲ့ဟာ သမိုင်းကြောင်းအစဉ်အလာ ကြီးမားပြီး လက်နက်ကိုင် တပ်ဖွဲ့တွေတို့ရဲ့ နောင်တောဝ်ကြီးလို့ အားလုံးက တင်စားလက်ခံထားတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ စတင်ပြီးတော့ တော်လှန်ရေးစတင်ခဲ့ပြီး တောထဲ လက်နက်ကိုင်တော်လှန်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ စတင်ချိန်က ပအမလအဖွဲ့ (ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးတပ်ဖွဲ့) နာမည်နဲ့ စတင်ခဲ့ပြီး ၁၉၆၆ ခုနှစ်ခန့်မှာ သထုံလှဖေကြီး ခေါင်းဆောင်လိုက်ချိန်မှာ အဖွဲ့ကို နာမည်ပြောင်းလဲခဲ့ပါတယ်။ တပ်ဖွဲ့ထဲမှာ တိုင်းရင်းသားပေါင်းစုံ ရောနှောပါဝင်နေတဲ့အတွက် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်ဟာ ရလလဖတပ်ဖွဲ့ရဲ့ စတင်မွေးဖွားချိန်လည်းဖြစ်ပြီး မိခင်တပ်ဖွဲ့ကနေ ခွဲထွက်သွားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေလည်း အများအပြား ရှိခဲ့ပါတယ်။ ရလလဖတပ်ဖွဲ့ စတင်ချိန်နောက် ပိုင်းကနေ သဘောထားရည်ရွယ်ချက်နဲ့ ရပ်တည်ချက်တူညီလို့ ပေါင်းစည်းမိကြတဲ့ ညီနောင်ပါတီသုံးခုလည်း ရှိပါတယ်။ ရလလဖ တပ်ဖွဲ့၊ ကလလတ (ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး)၊ ကယန်းပြည်သစ် ပါတီတို့ဟာ ညီနောင်သုံးပါတီအဖြစ် ယခု ၂၀၁၆ ခုနှစ်အထိ ပြောစမှတ်တွင် တည်ရှိတာ ဖြစ်ပါတယ်။
ကျွန်တော်နောင်ထောဝ်ဒေသကို ရောက်ဖြစ်တာကလည်း ရလလဖ တပ်ဖွဲ့ရဲ့ (၆၇) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ကို ဖိတ်ကြားခံရလို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ပဒေသရာဇ် ဆန့်ကျင်တော်လှန်ရေးနေ့ကို ဒီဇင်ဘာ ၁၁ ရက်မှာ ဗဟိုဌာနချုပ် နောင်ထောဝ်မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်ပြီး ဒီနှစ်မှာတော့ အကျဉ်းရုံးကျင်းပတာ ဖြစ်ပါတယ်။
ရှေးဘုရင်တွေ နန်းစိုက်တဲ့ မြို့နောင်ထောဝ်
နောင်ထောဝ်ဆိုတဲ့ အဓိပ္ပာယ်ကို သိချင်လို့ အသက် ၈၅ နှစ်ကျော်ပြီ ဖြစ်တဲ့ ရလလဖ ဥက္ကဋ္ဌကြီး အဘဦးခွန်စိန်ရွှေကို မေးကြည့်တော့ ဒီလိုဖြေပါတယ်။ နောင်ထောဝ်ဆိုတာ ရှမ်းစကားဖြစ်ပါတယ်။ ထောဝ်ဆိုတာ အိုမင်းသော (အဘိုးအဘွားတွေကို မယ့်ထောင်၊ ပေါ့ထောင်လို့ သုံးပါတယ်။) နောင်ဆိုတာ အင်းကြီးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမြဲတမ်း မအိုမင်းသော၊ အမြဲတမ်း မတိမ်ကောတဲ့ အင်းကြီးလို့ အဓိပ္ပာယ်ရကြောင်း ပြောပါတယ်။ ဒါဟာ နောင်ထောဝ်ရဲ့ အသက်ဝိညာဉ်လည်း ဖြစ်သလို နောင်ထောဝ်ဒေသရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။
နောင်ထောဝ်မှာ အင်မတန် လှပကျယ်ပြောတဲ့ အင်းရေပြင်ကြီးတစ်ကန် တည်ရှိပါတယ်။ နောင်ထောဝ်အင်း ရေကန်ကြီးဟာ အရင်တုန်းက အင်မတန်ကျယ်ပြောခဲ့ကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်မှာ ကျေးငှက်သာရကာတွေနဲ့ လှပကြောင်း စာဆိုရှိပါတယ်။ အင်း ရေကန်ကြီးရဲ့အလယ်မှာ ကျွန်းတစ်ကျွန်း တည်ရှိပါတယ်။ ကျွန်းပေါ်မှာ စေတီနဲ့ ဘုန်းကြီးကျောင်းလည်းရှိပြီးတော့ ရှုခင်းအလွန် လှပပါတယ်။ နောင်ထောဝ်ရေကန်နဲ့ ရေတံခွန်ကနေ ရေအားလျှပ် စစ်ထုတ်လုပ်ရေး လုပ်လို့ရပါသေးတယ်။
နောက်ပြီးတော့ နောင်ထောဝ်ဒေသမှာ ရှေးယခင်တုန်းက ပအိုဝ်းဘုရင်များ ထီးနန်း စိုးစံရာဒေသ၊ ဘုရင့်နန်းတော် တည်ရှိရာ ဒေသဖြစ်ခဲ့ဖူးတယ်လို့ ဥက္ကဋ္ဌကြီးက ပြောပြပါတယ်။ ရှေးနှစ်ပေါင်းများစွာ ကတည်းက သမိုင်းကြောင်းတွေထဲမှာ ထင်ရှားတဲ့နေရာ ဒေသတစ်ခုဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့ဒေသ
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဆီ ဆိုင်မြို့နယ်အထိ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းသလို ဒေသဖွံ့ဖြိုးမှုကလည်း အရှိန်အဟုန်နဲ့ သွားနေတာဖြစ်ပါတယ်။ တောင်ကြီးကနေ ဆီဆိုင်ကို ၄၆ မိုင် မောင်းရပါတယ်။ တောင်ကြီး - နောင်ထောဝ်ကို ရောက်ဖို့ ဆိုင်ကယ်နဲ့မနားတမ်း သုံးနာရီခွဲလောက် တောက်လျှောက် မောင်းရပါတယ်။
ပြောရမယ်ဆိုရင် နောင်ထောဝ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာပါပြီး ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုရင် ရလလဖရဲ့ အရှိန်အဝါကြောင့်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက မဝင်ရဲတာလည်း ဖြစ်မယ်။ တစ်ဦးနဲ့တစ်ဦးထားရှိတဲ့ မာနတရားကြောင့်လည်း ဖြစ်မယ်။ အဖွဲ့ကိုယ်တိုင်ကလည်း တံခါးပိတ်မူဝါဒကြောင့် ကျန်ရစ်ခဲ့တာလည်း ဖြစ်နိုင်မယ်။ အမျိုးမျိုးသော အကြောင်းကြောင့်ပေါ့လေ။ သေချာတာ တစ်ခုကတော့ နောင်ထောဝ်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ လိုအပ်နေသေးတာ အမှန်ပဲ ဖြစ်ပါတယ်။
ထူးဆန်းတဲ့ လျှို့ဝှက်တဲ့ဒေသ
နောင်ထောဝ်မှာ ရဲစခန်းရှိတယ်။ ဆေးပေးခန်းနဲ့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၊ ကြေးနန်းရုံ၊ စာတိုက်စတဲ့ ဌာနဆိုင်ရာရုံးတွေ ရှိတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံမပြည့်လို့လားတော့ မသိဘူး။ ရဲစခန်းဆိုရင် ကြည့်ရတာ ဆောက်ထားတာ ကြာနေပြီ။ ရဲစခန်းမှာ လူမနေလို့ သစ်ပင်ချုံနွယ် ပိတ်ပေါင်းတွေနဲ့ အဆောက်အအုံတွေက ပျက်စီးတော့မယ်။ ကျန်တဲ့ ထပ်ဆင့်လွှင့်ရုံတို့ စာတိုက်တို့မှာလည်း လူရှိတာ မတွေ့ရဘူး။ ဘာကြောင့်လဲတော့ မသိဘူး။
နောင်ထောဝ်မှာ အုန်းပင်၊ ကွမ်းသီးပင်တွေ စိုက်ပါတယ်။ နောင်ထောဝ်မှာ ရေအင်မတန် ပေါပါတယ်။ နောင်ထောဝ်ကန်နဲ့ ပွန်ချောင်းကနေ စီးဆင်းနေတဲ့ ရေတွေကို အလဟဿ မဖြစ်စေဘဲ ရေအားလျှပ်စစ် ထုတ်လုပ်မယ်ဆိုရင် ဒေသတွင်း လျှပ်စစ်မီးဖူလုံနိုင်မယ် ထင်ပါတယ်။
ဒေသတွင်းမှာ လမ်းကလည်း မကောင်းသေး၊ လျှပ်စစ်မီးကလည်း မရသေး၊ စီးပွားရေးကလည်း မပီပြင်သေး၊ စိုက်ပျိုးရေးကလည်း မရေရာနဲ့ ဒေသခံပြည်သူတွေဟာ အင်မတန်မှ အတိဒုက္ခရောက်ရတာ ဖြစ်ပါတယ်။ နောင်ထောဝ်မှာ လူမျိုးပေါင်းစုံ နေထိုင်ပါတယ်။ ရှမ်း၊ ပအိုဝ်း၊ ကယန်း၊ ဗမာ၊ ကရင်၊ ပဒေါင် စသဖြင့် တိုင်းရင်းသားများပါတယ်။
လူစိတ်ဝင်စားမယ့် ရွာကလေး
နောင်ထောဝ်ဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေပေါင်း ၃၀၂၇ ပေ မြင့်ပါတယ်။ ညဘက်ဆိုရင် အင်မတန်အေးပါတယ်။ သူပုန်နယ်မြေလည်း မဟုတ်၊ မြို့လည်းမဟုတ်နဲ့ တောမကျ မြို့မကျ ဖြစ်နေတာပါ။
နောင်ထောဝ်ဒေသကို ပြုပြင်လိုက်မယ်ဆိုရင် လူ သူပရိသတ်ခရီးသွားတွေ စိတ်ဝင်စားမယ့် သဘာ၀ ပတ်ဝန်းကျင်တွေ အပြည့်ရှိနေပါတယ်။ ဒေသတွင်း လည်ပတ်စရာ နောင်ထောဝ် ရေကန်ကြီးနဲ့ ပွန်ချောင်းဂူတို့ တည်ရှိပါတယ်။
ပွန်ချောင်းဂူဟာ နောင်ထောဝ်အရှေ့ ဘက်ခုနစ်မိုင်လောက်သွားရပြီး လမ်းကတော့ မတ်စောက်ကြမ်းတမ်းလွန်းပါတယ်။ ပွန်ချောင်းဂူဟာလည်း ပေပေါင်း ၄၀၀၀ ကျော်လောက် ရှည်လျားပြီးတော့ အံ့သြစရာ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဂူဖြစ်ပါတယ်။ ထမ်ဆန်းဂူထက် အများကြီးကျယ်ပြီး ရှေးနှစ်သန်းပါင်းများစွာထဲက တည်ရှိလာတဲ့ သဘာဝလိုဏ်ဂူလည်း ဖြစ်ပါတယ်။ အတွင်းမှာ ကျောက် စက်ပန်းဆွဲတွေ၊ ကျောက်ဖြာတွေ တခြားမြင်ဖူးတာတွေနဲ့ မတူဘဲ အရမ်းလှပါတယ်။
ဂူထဲမှာ စမ်းချောင်းတစ်ခု ဖြတ်သန်းစီးဆင်းနေပြီးတော့ အတွင်းလမ်းအဆုံးထိ ဘယ်သူမှ မရောက်ဖူးသေးပါဘူး။ ဂူခြေရင်းမှာ ပွန်ချောင်းလေး ဖြတ်သန်းစီးဆင်းနေပြီး ဂူကိုလည်း ပွန်ချောင်းဂူလို့လည်း အလွယ်ခေါ် လိုက်တာဖြစ်တယ်။ ပွန်ချောင်းဟာ နောင်ထောင်ဒေသနဲ့ မောက်မယ်ဒေသကို တားမြစ်ပေးထားတဲ့ နယ်နိမိတ်စည်းမျဉ်းလေးပဲ ဖြစ်ပါတယ်။ ဂူကနေ အထက်ကိုတက်မယ်ဆိုရင် ဗန်းမတ်ကနေတစ်ဆင့် မောက်မယ်ကိုရောက်ပါတယ်။ လမ်းအင်မတန် ကြမ်းပါတယ်။ ပွန်ချောင်းဂူကို ထိန်းသိမ်းဖို့ ဆရာတော်တစ်ပါးက လာရောက်နေထိုင်တာကြာပါပြီ။ နောင်ထောဝ်ကနေ လာဖို့လမ်းကိုလည်း ကျပ်သိန်း ၂၀၀၀ လောက် အကုန်အကျခံပြီး ဆရာတော် ဦးစီးဖောက်ထားတာ ဖြစ်တယ်။
အခုဆိုရင် ဂူကိုပြုပြင်ထိန်းသိမ်းဖို့နဲ့ မီးထွန်းဖို့တောင် မတတ်နိုင်တော့လို့ နိုင်ငံတော်နဲ့ ရှမ်းပြည်နယ်အစိုးရကို အကူအညီတောင်း၊ အသိပေးချင်နေတာလည်း ဖြစ်ပါတယ်။ နောင်ထောဝ်ကနေ သွားမယ်ဆိုရင် 4 Wheel အမြင့်ကားတွေနဲ့သွားရင် အဆင်ပြေပါတယ်။ လမ်းက ၄၅ ဒီဂရီ မတ်စောက်ပြီးတော့ ကျောက်တုံးကျောက်စွန်း တောင်ကမ်းပါးယံကို သွားရလို့ ကားငယ်အောက်ခြေ မလွတ်ပါဘူး။
ပန်းပျိုးလက်မှ သင့်အားအလှူခံလိုသည်
နောင်ထောဝ်မှာ ဝမ်းနည်းစရာ အကောင်းဆုံးကတော့ ပန်းပျိုးလက်ပရဟိတ ဘော်ဒါဆောင်ပဲ ဖြစ်ပါတယ်။ ယခင် ရလလဖ ဗိုလ်မှူးဟောင်းတစ်ဦးရဲ့ အိမ်ခြံမြေနေရာမှာ ၂၀၁၂ ခုနှစ်ကတည်းက မိဘမဲ့ ကလေးငယ်တွေ၊ စစ်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်ရတဲ့ ကလေးတွေကို မွေးစားထိန်းသိမ်းပြုစုနေတဲ့ ကလေးထိန်း ပရဟိတဘော် ဒါဆောင်တစ်ခုလည်း ဖြစ်ပါတယ်။ စဖွင့်စဉ်က ၂၅ ဦးသာ လက်ခံနိုင်ခဲ့ပြီး တဖြည်းဖြည်း တိုးလာကြောင်း၊ ၂၅ ဦးတွင် တက္ကသိုလ်ဝင်တန်း နှစ်ဦးအောင်မြင်ခဲ့ကာ တစ်ဦးက ကျောင်းဆရာဖြစ်ကာ ပန်းပျိုးလက်တွင် စာလာသင်ကြောင်း တစ်ဦးက စီးပွားစီမံတက်နေကြောင်း သိရသည်။ ပွန်ချောင်းတစ်ဖက်ကမ်းမှ ကလေးငယ်အများစုကို လက်ခံထားခြင်းလည်း ဖြစ်ပါတယ်။
ပန်းပျိုးလက်မှာ ကလေးငယ်ပေါင်း ၁၀၈ ဦးရှိပြီး ငါးနှစ်တိုင်တိုင် ကြံ့ကြံ့ခံရပ်တည်လာခဲ့ပြီး အခက်အခဲမျိုးစုံနဲ့ ကြုံရတာဖြစ်တယ်။ စားဝတ်နေရေး အင်မတန်ခက်ခဲပါတယ်။ မြို့ပြမှာ အလှူခံထွက်လိုက်ရင် ဆန်ကိုချက်ချင်း ရတတ်ပေမယ့် တောထဲမှာတော့ အလှူခံရရင်တောင် ပို့ဆောင်ဖို့ လမ်းပန်းဆက်သွယ်ရေးနဲ့ အကျိုးဆောင် ပုဂ္ဂိုလ်တွေလည်း လိုအပ်တာဖြစ်တယ်။ ပန်းပျိုးလက်မှာ အကျိုးဆောင်အဖွဲ့ဝင် ငါးဦးရှိတယ်ပြောပေမယ့် တကယ်တမ်း တာဝန်ယူ လုပ်ဆောင်နေတာက ဆရာမကြီး ဒေါ်အေးမိ (တာဝန်ခံ) တစ်ယောက်တည်း ကလေးတွေနဲ့ နပန်းလုံးနေရတာဆိုတော့ ဘယ်လိုမှလည်း လိပ်ပတ်မလည်ပါဘူး။
ပန်းပျိုးလက်ကို ထောက်ပံ့သည်မှာ ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) က လစဉ် ကျပ်လေးသိန်း ထောက်ပံ့ကြောင်း၊ ကလေးများလို့ တစ်ရက်ကို ဆန်တစ်အိတ် ကုန်ကြောင်း၊ ဆန်ဖိုးကို မနည်းရှာရကြောင်း၊ ကျန်သော လိုအပ်ချက်များအတွက် တစ်လတစ်လ ကျပ် ၁၂ သိန်းခန့်ကုန်ကြောင်း၊ လက်လှမ်းမီသမျှ အလှူခံပြီး ရပ်တည်နိုင်အောင် ကြိုးစားနေရကြောင်း၊ ကလေးများကို နောင်ထောဝ် အထကကျောင်းတွင် အပ်ထားကြောင်း ဆရာမကြီး ဒေါ်အေးမိက ပြောပါတယ်။
“ဒီမှာက စားဖို့နေဖို့ ဝတ်ဖို့နဲ့ ပညာသင်ဖို့ကအစ တာဝန်ယူတာဆိုတော့ တစ်လတစ်လ ကျပ် ၁၂ သိန်းလောက် ကုန်ပါတယ်။ ပြီးခဲ့တဲ့လက ကလေးတွေနေဖို့ အဆောင်လုပ်လိုက်တာ ပိုက်ဆံပြတ်သွားတဲ့အတွက် ဆန်ဖိုးတောင်မရှိတော့တဲ့ အခြေအနေ ဖြစ်သွားတယ်။ အလှူလိုက်ခံတော့ ပုပ္ပားဆရာတော်က ဆန်တွေထပ်လှူတယ်။ သူများဆီမှာ ဘာသာစကားမပေါက်တဲ့ တိုင်းရင်းသားတွေ ဖြစ်တာမို့ ဒီဒေသမှာရှိတဲ့ ၁၀ တန်းအောင်ပြီး အဝေးသင်တက်မယ့် ကလေးတွေ၊ အလုပ်မရှိသေးတဲ့ ကလေးတွေ ဝိုင်းပြန်ကူညီပေးတယ်။ ဒီဘော်ဒါဆောင်ကနေ အောင်သွားတဲ့ ကလေးတွေကလည်း ကျောင်းမတက်ခင် စပ်ကြားမှာ ပြန်ကူညီတယ်။ သူတို့ချင်းချင်း စကားပေါက်လို့ ဆရာမထက် ပိုထိရောက်တာဖြစ်တယ်။ အဝတ်အထည်တွေ သင်ထောက်ကူပစ္စည်းတွေ အများကြီးလိုအပ်တယ်။ စာအုပ်တွေကို ဦးသုမင်္ဂလက အမြဲတမ်း နှစ်စဉ် ဒါဇင် ၇၀ ၊ ၈၀ လောက် ပင်မလှူတာပေါ့” ဟု ပန်းပျိုးလက်မှ ဆရာမကြီး ဒေါ်အေးမိက ပြောပါတယ်။
ပန်းပျိုးလက်မှာ အဓိကအားဖြင့် မိဘမဲ့ကလေးတွေရှိသလို ဆင်းရဲမွဲတေပြီး မတတ်နိုင်သည့် မိဘမှ လာပို့ထားတဲ့ ကလေးတွေ၊ စစ်ဘေးစစ်ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်ရတဲ့ မိသားစုမှ ကလေးငယ်တွေကို ထိန်းသိမ်းထားပြီး သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးများကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ပရဟိတဘော်ဒါဆောင် တစ်ခုလည်း ဖြစ်ပါတယ်။
ကျွန်တော် ကလေးတွေကို ဓာတ်ပုံရိုက်တော့ သူတို့လေးတွေ မျက်လုံးတွေမှာ မျက်ရည်တွေစို့နင့်နေတာ စိတ်မကောင်းစရာ မြင်ရပါတယ်။ ကလေးတွေကို မြင်ရတာ ကလေးတစ်ယောက် ဖခင်အနေနဲ့ ကိုယ်ချင်းစာမိပြီး စိတ်ထဲဝမ်းနည်းနေမိတယ်။ နောက်တော့ ကလေးတွေက ပန်းပျိုးလက်ကဗျာကို အားလုံး သံပြိုင်သီဆိုပြတော့ ရင်ထဲမှာ ဗလောင်ဆူပြီး ငိုချင်စိတ်တွေ၊ နှလုံးသွေးတွေ ပွက်သွားတယ်။ ကဗျာလေးက ပန်းပျိုးလက်တဲ့။
‘ပန်းပျိုးလက် နှစ် ၆၀ ကျော် စစ်မီးမှာ ပန်းကလေးများ မလန်းသာ၊ ပညာမသင်ရ ထမင်းမ၀ ပန်းကလေးများ ငိုကြွေးကြ။ ပန်းကလေးများ လန်းဆန်းအောင် လူမျိုးပေါင်းစုံတို့ညီနောင် တွဲလက်ယှက်ကာ ပျိုးထောင်မှ ပန်းကလေးများ ပြုံးပျော်ရ။ ပန်းပျိုးလက်တို့ စုစည်းပါ။ ပန်းပျိုးလက်ကို ပျိုးထောင်ပါ။ ပန်းပျိုးလက်ကို တည်ဆောက်ပါ။ ပန်းပျိုးလက်မှာ အသင်းဝင်ပါ။ ပန်းမျိုးစုံလင် ဒို့ဥယျာဉ် လောကသစ်ကိုအလှဆင်၊ ပန်းပျိုးလက်ကို ကျေးဇူးတင်၊ ပန်းပျိုးလက်ဟာ ကျေးဇူးရှင်’ ဆိုတဲ့ စာသားလေးတွေကို ကျွန်တော့်နားထဲမှာအခု ချိန်အထိ အလွတ်ရပြီး ကြားယောင်နေမိပါ တော့တယ်။
နှစ် ၆၀ ကျော် ဖြစ်ပွားနေတဲ့ စစ်မီးတွေ အမြန်ဆုံးငြှိမ်းသတ်နိုင်ပြီးတော့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းရေး မြန်မြန်ရပါစေလို့ ကလေးတွေကို ကြည့်ရင်းနဲ့ ကျွန်တော့်စိတ်ထဲ ဆုတောင်းနေမိပါတော့တယ်။










