တူရကီနိုင်ငံ အင်ကာရာတွင် ရုရှားသံအမတ်ကြီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံး

တူရကီနိုင်ငံ အင်ကာရာတွင် ရုရှားသံအမတ်ကြီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံး
Published 20 December 2016

တူရကီနိုင်ငံမြို့တော် အင်ကာရာတွင် ကျင်းပနေသော အနုပညာပြပွဲတစ်ခုသို့ သွားရောက်စဉ် တူရကီဆိုင်ရာ ရုရှားသံအမတ်ကြီး အင်ဒရေးကာလော့ဗ်သည် ဒီဇင်ဘာ ၁၉ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီးနောက် သေဆုံးခဲ့ကြောင်း ရုပ်သံသတင်းဌာနများက ဖော်ပြခဲ့ကြသည်။ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သော ကာလော့ဗ်အား ဆေးရုံသို့တင်ပို့ခဲ့ပြီး အခြားလူများလည်း ဒဏ်ရာရခဲ့ကြောင်း NTV နှင့် CNN-Truk ရုပ်သံများက ဖော်ပြခဲ့ကြသည်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက ကာလော့ဗ်သည် ယင်းပစ်ခတ်မှုမှ ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပြီး ယင်း လုပ်ရပ်သည် အကြမ်းဖက်လုပ်ရပ်ဖြစ်သည် ဟုသတ်မှတ်ကြောင်း ပြောကြားခဲ့သည်။ ယင်း ကိစ္စအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားသံရုံးအပါအဝင် ပြည်ပသံရုံးအများစု အခြေစိုက်သော အင်ကာရာရှိ ကန်ကာယာခရိုင်မှ အဓိက အနုပညာပြခန်းတစ်ခုဖြစ်သည့် Cagdas Sanatlar Merkezi တွင် ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေနတ်သမားသည် တူရကီရဲတပ်ဖွဲ့ ဝင်တစ်ဦးဖြစ်ကြောင်း၊ ပစ်ခတ်မှုပြုလုပ်စဉ် ‘အလက်ပို’ နှင့် ‘လက်စားချေမှု’ စသည့်တို့ အော်ဟစ်ခဲ့ကြောင်း အင်ကာရာမြို့တော်ဝန် မီလီဂွတ်ဆက်က ၎င်း၏တရားဝင် Twitter စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ယင်းရဲတပ်ဖွဲ့ဝင်သည် အင်ကာရာတွင် အဓိကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်အတူ တာဝန်ထမ်းဆောင်နေသည့် MMA ဟု အမည်ရသူဖြစ်ကြောင်း Yein Safak နေ့စဉ်သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ထဲမှ အရပ်သားများအား ကယ်ထုတ်ပေးရန်အတွက် ရုရှားနှင့်တူရကီတို့အကြား ပူးပေါင်းလုပ်ဆောင်နေချိန်တွင် ဆီးရီးယားအရေးတွင် ရုရှားပါဝင်မှုနှင့် ပတ်သက်၍ တူရကီတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပစ်သတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ref : AFP

Most Read

Most Recent