ကုလသမဂ္ဂ၏ စောင့်ကြည့်မှုအောက်တွင် အလက်ပိုမှ လူထောင်ပေါင်းများစွာကို ကယ်ထုတ်

ကုလသမဂ္ဂ၏ စောင့်ကြည့်မှုအောက်တွင် အလက်ပိုမှ လူထောင်ပေါင်းများစွာကို ကယ်ထုတ်
Published 19 December 2016

သူပုန်လက်ထဲတွင် ကျန်နေသေးသော အလက်ပိုအရှေ့ခြမ်းရှိ နယ်မြေအစုလေးထဲ၌ ပိတ်မိနေသူများအား ကယ်ဆယ်ရေးကို ပြန်စပြီးနောက် ဒီဇင်ဘာ ၁၉ ရက်က ခန့်မှန်းခြေ လူ ၃၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ထို့ကြောင့် မြို့အရှေ့ပိုင်းတွင် ကျန်နေသေးသူများ အတွက်လည်း မျှော်လင့်ချက်များ မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုကယ်ဆယ်ရေး လုပ်ငန်းများကို စောင့်ကြည့်ရန်အတွက် အလက်ပိုသို့ ကုလသမဂ္ဂ စောင့်ကြည့်သူများ စေလွှတ်ရေးနှင့် ပတ်သက်၍ ရုရှားကလည်း ၎င်း၏ ကန့်ကွက်မှုကို အလျှော့ပေးလိုက်ပြီ ဖြစ်သည်။
ဒီဇင်ဘာ ၁၈ ရက်ညပိုင်းက လူပေါင်း ၃၅၀ ခန့် အလက်ပိုမြို့ထဲမှ ထွက်ခွာခဲ့ပြီးနောက် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ယာဉ်စီးရေ ၂၀ ခန့်စီပါဝင်သော ယာဉ်တန်းနှစ်ခုသည် သူပုန်တို့ထိန်းချုပ်ထားသော နိုင်ငံမြောက်ပိုင်းသို့ ဦးတည်၍ ထပ်မံထွက်ခွာခဲ့ကြသည်။
အလက်ပိုအရှေ့ခြမ်းတွင် ပိတ်မိနေသူများအား ကယ်ဆယ်ရေးကို ဒီဇင်ဘာ ၁၆ ရက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဆီးရီးယားအစိုးရက နိုင်ငံအနောက် မြောက်ပိုင်း၌ သူပုန်တို့က ဝန်းရံပိတ်ဆို့ထားသော ရွာနှစ်ရွာထဲမှ လူများကို ကယ်ထုတ်ခွင့်ပေးမှသာ အလက်ပိုကယ်ဆယ်ရေးကို ရှေ့ဆက်ခွင့်ပြုမည်ဟုဆိုသဖြင့် အလက်ပိုမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးမှာ ရပ်တန့်သွားခဲ့ရသည်။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ ဖူရာနှင့် ကာဖရာယာ ရွာနှစ်ရွာမှ လူပေါင်း ၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်ဟု သိရသည်။
အလက်ပိုထဲမှ လူများကို ကယ်ထုတ်ရေးအတွက် ဆီးရီးယားသူပုန်နှင့် အစိုးရတို့ကြားတွင် သဘောတူညီချက် ရရှိစေရန် အစိုးရ မဟာမိတ်ရုရှားနှင့် သူပုန်ထောက်ပံ့သူ တူရကီတို့က ကြားဝင်စေ့စပ်ပေးခဲ့ပြီး နိုင်ငံတကာ ကြက်ခြေနီအစည်းအရုံးက ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံအနောက် မြောက်ပိုင်းရှိ ရှီအိုက်ရွာနှစ်ရွာမှ ကယ်ထုတ်မည့် လူအရေအတွက်သည် ကယ်ဆယ်ရေးပြန်စရန်အတွက် အဓိကအတားအဆီးဖြစ်နေသည့် အချက်တစ်ချက် ဖြစ်နေခဲ့သည်။ ယခုသဘော တူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ဘနွန်နယ်စပ်အနီးမှ သူပုန်တို့ထိန်းချုပ်ထားသည့် ဇာဘာဒနီမြို့နှင့် မက်ဒယာမြို့တို့မှ လူရာပေါင်းများစွာကိုလည်း ကယ်ထုတ်မည်ဟု သိရသည်။
ကယ်ဆယ်ရေးများ ရပ်တန့်ခဲ့ပြီးနောက် ရေခဲမှတ်နီးပါး အေးစက်နေသော အလက်ပိုရာသီဥတုတွင် စောင့်ဆိုင်းခဲ့ရသူများ၏ အခြေအနေသည် အလွန်ဆိုးရွားနေသည်ဟု ထိုကယ်ဆယ်ရေးတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်နေသည့် ဆရာဝန်အာမတ်အယ် ဒီဘက်က ပြောကြားခဲ့သည်။ “သူတို့မှာ စားစရာလည်း မရှိဘူး၊ သောက်စရာရေလည်း မရှိခဲ့ကြဘူး၊ ကလေးတွေလည်း ဖျားနေကြတယ်။ သန့်စင်ခန်းတောင် မသွားနိုင်ကြပါဘူး” ဟု ဒီဘတ်က ဆိုသည်။
ကယ်ဆယ်ရေး မစတင်မီ ဒီဇင်ဘာ ၁၅ ရက်က အလက်ပိုထဲမှ သူပုန်တို့ပိုင်နက်ထဲတွင် အရပ်သား ၄၀၀၀၀ ကျော်နှင့် အတိုက်အခံသူပုန် ၅၀၀၀ ခန့် ပိတ်မိနေခဲ့သည်ဟု ကုလသမဂ္ဂသံတမန်ဖြစ်သူ စတက်ဖန်ဒီမစ်တူရာက ပြောကြားခဲ့သည်။ ထို့နောက် ကယ်ဆယ်ရေးစတင်ပြီး တစ်ဖန်ပြန်လည် ရပ်ဆိုင်းသွားချိန်တွင် အလက်ပိုမြို့ထဲ၌ တိုက်ခိုက်ရေးသမား ၃၀၀၀ အပါအဝင် လူ ၈၅၀၀ ခန့်ကျန်နေသေးသည်။ အလက်ပိုမြို့သည် ခြောက်နှစ်နီးပါး ကြာမြင့်ပြီဖြစ်ကာ လူပေါင်း ၃၁၀၀၀၀ကျော် သေဆုံးခဲ့ရသည့် ဆီးရီးယားစစ်ပွဲအတွင်း အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရ သည့်နေရာ ဖြစ်သည်။ Ref ;AFP             

Most Read

Most Recent