သြစတြေးလျနှင့် ပြင်သစ်တို့က မျိုးဆက်သစ် ရေငုပ်သင်္ဘောအတွက် သဘောတူညီချက် ချုပ်ဆိုမည်

သြစတြေးလျနှင့် ပြင်သစ်တို့က မျိုးဆက်သစ် ရေငုပ်သင်္ဘောအတွက် သဘောတူညီချက် ချုပ်ဆိုမည်
Published 19 December 2016

ပြင်သစ်နှင့် သြစတြေးလျတို့သည် ဒေါ်လာဘီလျံနှင့်ချီသော သဘောတူညီချက် စာချုပ်တစ်ရပ်ကို ချုပ်ဆိုမည် ဖြစ်ကြောင်း ဒီ ဇင်ဘာ ၁၉ ရက်တွင် နှစ်နိုင်ငံစလုံး၏ ကာကွယ်ရေး ဝန်ကြီးများက ပြောကြားခဲ့သည်။ ခေတ်မီအဆင့်မြင့် ရေငုပ်သင်္ဘော ၁၂ စင်းအတွက် စာချုပ်ကို ရာစုသစ်၏ အကြီးမားဆုံး စာချုပ်အဖြစ် ပြင်သစ်က အာမခံခဲ့သည်။
သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်တန်ဘူးနှင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီး ယန်ယိဗ်လေဒရီယန်တို့သည် အစိုးရအဖွဲ့နှစ်ခုအကြား သဘောတူညီချက်ကို အဒဲလိတ်မြို့တွင် လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ပြင်သစ်သင်္ဘော တည်ဆောက်ရေး ကုမ္ပဏီ DCNS က Shortfin Barracudas ရေငုပ်သင်္ဘောများကို ဒီဇိုင်းရေးဆွဲ တည်ဆောက်ပေးမည် ဖြစ်သည်။
သြစတြေးလျ ကာကွယ်ရေးဝန်ကြီး မာရီဆေးပိန်းက ယင်းရေငုပ်သင်္ဘောများသည် သြစတြေးလျသမိုင်းတွင် အကြီးမားဆုံးကာ ကွယ်ရေးဆိုင်ရာ ဝယ်ယူမှုဖြစ်ကြောင်း ဆစ်ဒနီမြို့တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် သြစတြေးလျ ကန်ထရိုက်တာများနှင့်ပါ သီးခြားသဘောတူညီချက်များ ပါဝင်သည့် အဆိုပါ ရေငုပ်သင်္ဘောများ ဝယ်ယူမှု စုစုပေါင်း တန်ဖိုးသည် သြစတြေးလျဒေါ်လာ ၅၀ ဘီလျံ (အမေရိကန် ဒေါ်လာ ၃၇ ဘီလျံ) ရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၂၀ ရက်တွင် လက်မှတ်ရေးထိုးမည့် ကန်ထရိုက်စာချုပ်တွင် လာမည့် ၁၀ စုနှစ်များအတွင်း အနာဂတ် ရေငုပ်သင်္ဘော စီမံကိန်းနှင့် ပတ်သက်၍ သြစတြေးလျနှင့် ပြင်သစ်တို့ ပူးပေါင်းဆောင်ရွက်မည့် ဥပဒေဆိုင်ရာ မူဘောင်များကို ချမှတ်မည်ဖြစ်သည်။ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးက ယင်းသည် ဒေသတွင်း ရေငုပ်သင်္ဘောစု ပိုင်ဆိုင်မှု ထိပ်တန်းဖြစ်လာမည့် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
သြစတြေးလျသည် မျိုးဆက်သစ် ရေငုပ်သင်္ဘောများ ဒီဇိုင်းရေးဆွဲ တည်ဆောက်ရန်အတွက် အဓိက ကန်ထရိုက်အား ဂျာမနီနှင့် ဂျပန်ကို ကျော်လွန်လျက် DCNS ကုမ္ပဏီကို ပေးအပ်ခဲ့သည်။ ယခုရေငုပ်သင်္ဘောများသည် ပြင်သစ်၏ ယခင်ရေငုပ်သင်္ဘော အမျိုးအစားဖြစ်သော တန်ချိန် ၄၇၀၀ ရှိ နျူကလီးယား လောင်စာသုံး ဘာရာကူဒါ ရေငုပ်သင်္ဘောများကို အရွယ်အစား ချုံ့ထားသော်လည်း ရေဒါပျောက်စွမ်းရည်များ၌ တူညီကြောင်း သိရသည်။
ဒီဇိုင်းနှင့် ရွေ့လျားမှုဆိုင်ရာ လုပ်ငန်းများအား သြစတြေးလျ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ချာဘော့မြို့တွင် စတင်လုပ်ကိုင်နေပြီး ဖြစ်သော်လည်း DCNS က ဒီဇင်ဘာ ၂၀ ရက်တွင် အဒဲလိတ်မြို့၌ ရုံးခန်းသစ်များ ဖွင့်လှစ်မည်ဖြစ်ပြီး အင်ဂျင်နီယာပေါင်း ၃၀၀ အထိ ခန့်ထားမည်ဖြစ်သည်။
သြစတြေးလျ အစိုးရက ရေငုပ်သင်္ဘော အားလုံးကို ပြည်တွင်း၌သာ တည်ဆောက်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး မာရီဆေးပိန်းက ယခုရေငုပ်သင်္ဘောများ တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ အလုပ်အကိုင် အခွင့်အလမ်း ၂၈၀၀ ရရှိမည်ဟု ဆိုသည်။ ပထမဆုံး ရေငုပ်သင်္ဘောသည် ၂၀၃၀ ပြည့်နှစ်တွင် အဆင်သင့် ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
သြစတြေးလျ အစိုးရ၏ DCNS ကုမ္ပဏီနှင့် သဘောတူညီချက်ကြောင့် ပြင်သစ်သားများ အနေဖြင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် အလုပ်အကိုင်ပေါင်း ၃၀၀၀ မှ ၄၀၀၀ အကြား ရရှိလိမ့်မည်ဟု ပြင်သစ် အာဏာပိုင်များက မျှော်လင့်ထားသည်။
Ref : AFP

Most Read

Most Recent