အင်ဒိုနီးရှားတွင် စစ်တပ်လေယာဉ် ပျက်ကျမှုကြောင့် လူ ၁၃ ဦး သေဆုံး

အင်ဒိုနီးရှားတွင် စစ်တပ်လေယာဉ် ပျက်ကျမှုကြောင့် လူ ၁၃ ဦး သေဆုံး
Published 18 December 2016
Ref: AFP

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် ဒီဇင်ဘာ ၁၈ ရက်က စစ်တပ်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၁၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် အင်ဒိုနီးရှားစစ်တပ်နှင့် ပတ်သက်သော နောက်ထပ်လေကြောင်း မတော်တဆမှု တစ်ခုဖြစ်လာခဲ့သည်။ လေယာဉ်ဝန်ထမ်း ၁၂ ဦးနှင့် ခရီးသည် တစ်ဦးတို့ကို တင်ဆောင်ထားသည့် Hercules C-130 လေယာဉ်သည် ပါပူအာပြည်နယ် တိမီခါမြို့မှ ထွက်ခွာသွားခဲ့ပြီးနောက် ဆင်းသက်ရမည့်နေရာသို့ မရောက်မီ အနည်းငယ်အလိုတွင် လူသူကင်းမဲ့သည့် တောင်တန်းဒေသထဲသို့ ပျက်ကျသွားခဲ့ကြောင်း သိရသည်။
“မြေပြင်ပေါ်က အော်ပရေတာက ဒေသစံတော်ချိန် မနက် ၆ နာရီ ၈ မိနစ်အချိန်မှာ လေယာဉ်ကို မြင်လိုက်ပါသေးတယ်။  ၆ နာရီ ၉ မိနစ်မှာ လေယာဉ်နဲ့ အဆက်အသွယ် ပျက်သွားတာဖြစ်ပါတယ်” ဟု လေတပ်ဦးစီးချုပ် အန်ဂတ်ဆူပရီနာက ပြောကြားခဲ့သည်။ လေယာဉ်ပေါ်၌ လေယာဉ်မှူးသုံးဦး၊ နည်းပညာရှင်ရှစ်ဦး၊ လမ်းပြတစ်ဦး၊ စစ်တပ်မှ အရာရှိတစ်ဦးတို့ ပါလာပြီး ရိက္ခာနှင့် ဘိလပ်မြေများကိုလည်း သယ်ဆောင်ခဲ့ကြသည်။ ကယ်ဆယ်ရေးသမားများသည် လေယာဉ်အပျက်စီးများနှင့် အလောင်း ၁၃ လောင်းစလုံးကို တွေ့ရှိခဲ့ကြကြောင်း သိရသည်။
အင်ဒိုနီးရှားတွင် နိုဝင်ဘာလက စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူသုံးဦး သေဆုံးခဲ့ပြီး ဇူလိုင်လကလည်း စစ်ရဟတ်ယာဉ် ပျက်ကျမှုကြောင့်ပင် လူသုံးဦး သေဆုံးခဲ့ရသည်။   
 
 
 

Most Read

Most Recent