စမ်းချောင်းမြို့နယ်တွင် ငွေလဲကောင်တာ တစ်ခုအား နေ့ခင်းကြောင်တောင် ဓားပြတိုက်ပြီး သေနတ်နှစ်ချက် ပစ်ဖောက်သည့် ဖြစ်စဉ်မှ ကျုးလွန်သူနှစ်ဦးအား နှစ်ပတ်ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။
“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စီစီတီဗီ မှတ်တမ်းမှာပါဝင်တဲ့ အမျိုးသားနှစ်ဦးကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က စမ်းချောင်းမြို့နယ် မြေနီကုန်း မြောက်ရပ်ကွက် ရှမ်းကုန်းလမ်းရှိ M.S Group Money Changer သို့ အသက် ၃၀ ကျော် အရွယ်ရှိ အမျိုးသားနှစ်ဦးသည် နိုင်ငံခြားငွေ လဲလှယ်ရန် ဆိုင်အတွင်းသို့ ဝင်လာပြီး ဆိုင်ရှိဝန်ထမ်းအား မေးမြန်းစကားပြောနေစဉ် ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးက လေးခွဖြင့်ချိန်ပြီး ကျန်တစ်ဦးက သေနတ်နှစ်ချက်ဖောက်ကာ ပိုက်ဆံများ ယူဆောင်ပြီး ဆိုင်အပြင်သို့ထွက်ကာ ရှမ်းကုန်းလမ်းအနီးရှိ မြဝတီလမ်းအတွင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။
ယင်းသို့ ထွက်ပြေးသွားပြီးနောက် ၎င်းတို့မှာ ပြည်လမ်းအရောက်တွင် နောက်မှလိုက်သည့် ပတ်ဝန်းကျင်နေ ပြည်သူများကို မလိုက်နှင့်ဟုပြော၍ သေနတ်တစ်ချက် ထပ်မံပစ်ဖောက်ခဲ့ပြီး လိုင်းကားတစ်စီးပေါ်သို့တက်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ သေနတ်ဖောက်ကာ ငွေများလုယူသွားသည့် အမျိုးသားနှစ်ဦး အသုံးပြုသည့် သေနတ်မှာ လေပေါင်အသုံးပြု၍ ပစ်ရသည့် သေနတ်မျိုး ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား စမ်းချောင်းမြို့မ ရဲစခန်းက (ပ) ၄၁၄/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/ ၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်ရှိ ငွေလဲကောင်တာ တစ်ခုအား နေ့ခင်းကြောင်တောင် ဓားပြတိုက်ပြီး သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့သည့်ဖြစ်စဉ်မှ ကျုးလွန်သူများအား နှစ်ပတ်ကြာသည်အထိ ဖမ်းမမိသေး