တရုတ်အပေါ် ဝေဖန်ရေးသားမှုတွင် ထရန့်၏ စာလုံးပေါင်း မှားယွင်းမှုကြောင့် လှောင်ပြောင်မှုများစွာ ထွက်ပေါ်

တရုတ်အပေါ် ဝေဖန်ရေးသားမှုတွင် ထရန့်၏ စာလုံးပေါင်း မှားယွင်းမှုကြောင့် လှောင်ပြောင်မှုများစွာ ထွက်ပေါ်
Published 18 December 2016
Ref: AFP

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်၏ မောင်းသူမဲ့ ရေယာဉ်တစ်စင်းကို တရုတ်က သိမ်းယူထားမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၇ ရက်က Twitter  ပေါ်၌ ဝေဖန်ရေးသားခဲ့ပြီးနောက် အာရုံစိုက်မှု အများအပြားကို ရခဲ့သည်။ သို့သော်လည်း ၎င်းလိုလားသည့် အာရုံစိုက်မှုမျိုး မဟုတ်ခဲ့ပေ။“တရုတ်ဟာ အမေရိကန်ရေတပ်ရဲ့ သုတေသနရေယာဉ်ကို ခိုးယူခဲ့ပါတယ်။ ရေယာဉ်ကို ရေထဲကနေ ဆယ်ပြီး တရုတ်ပြည်ကို ယူသွားတာပါ။ ဒါဟာ မကြုံစဖူး ဖြစ်ရပ်ပါပဲ” ဟု ထရန့်က ရေးသားခဲ့ခြင်း ဖြစ်သည်။ သို့သော် မကြုံစဖူးဟု အဓိပ္ပာယ်ရသော unprecedented ဟု ရေးရမည့်အစား စာလုံးပေါင်းမှားယွင်းပြီး unpresidented ဟု ရေးသားမိခဲ့သည်။ထိုအကြောင်းအရာသည် Twitter ပေါ်တွင် လျင်မြန်စွာ နာမည်ကြီးသွားခဲ့ပြီး ရွေးကောက်ခံ သမ္မတ၏ စာလုံးပေါင်းမှားယွင်းမှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လှောင်ပြောင်မှုများ ထွက်ပေါ်လာခဲ့သည်။“ ထရန့်ရဲ့ စာလုံးပေါင်းစစ်တဲ့ စွမ်းရည်ဟာ Unpresidented ဖြစ်လောက်အောင် ထိရောက်မှု ရှိပါတယ်”ဟု ဟယ်ရီပေါ်တာ စာရေးဆရာမ ဂျေကေရိုးလင်းက ရေးသားခဲ့သည်။ Merriam-Webster အဘိဓာန်ကပင် “ဒီနေ့အတွက် စကားလုံးက unpresidented  မဟုတ်ပါဘူး။ အဲဒီစကားလုံးကို ကျွန်တော်တို့ စာရင်းမသွင်းရသေးပါဘူး။ ဒါစာလုံး အသစ်ပါ”ဟု ရေးသားခဲ့သည်။ထရန့်သည် ထိုရေးသားမှုကို တစ်နာရီအကြာတွင် ပြန်ဖျက်ခဲ့၍ မကြုံစဖူးနေရာတွင် စာလုံးပေါင်းအမှန်နှင့် ပြန်လည် ရေးသားခဲ့သည်။ ထို့နောက် နာရီများစွာအကြာတွင် ထရန့်သည် ထပ်မံ ထွက်ပေါ်လာပြီး “တရုတ်ကိုပြောသင့်တာက သူတို့ ခိုးယူခဲ့တဲ့ မောင်းသူမဲ့ ရေယာဉ်ကို ကျုပ်တို့ပြန်မလိုချင်တော့ဘူး ဆိုတာပဲ။ သူတို့ သိမ်းထားပါလေ့စေ”ဟု ရေးသားခဲ့ပြန်သည်။ဒီဇင်ဘာ ၁၅ ရက်က တောင်တရုတ်ပင်လယ်ထဲရှိ နိုင်ငံတကာရေပိုင်နက်ထဲတွင် အမေရိကန်၏ မောင်းသူမဲ့ ရေယာဉ်တစ်စင်းကို တရုတ်က သိမ်းဆည်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ တရုတ်နှင့် အမေရိကန် ရွေးကောက်ခံသမ္မတ ထရန့်တို့ကြားတွင် အပြန်အလှန် စကားစစ်ထိုးမှုများဖြင့် တင်းမာမှုများ မြင့်တက်နေစဉ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ပင်တဂွန်က တရုတ်တို့ တရားမဝင် သိမ်းဆည်းထားသည့် ထိုရေယာဉ်ကို ချက်ချင်းပြန်ပေးရန်  တောင်းဆိုခဲ့သည်။ထိုရေယာဉ်ကို ပြန်ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၇ ရက်က တရုတ်နှင့် အမေရိကန်အစိုးရ နှစ်ဘက်စလုံးက အတည်ပြုခဲ့သည်။ သို့သော် လွှဲပြောင်းပေးမည့် ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် မဖော်ပြခဲ့ပေ။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ အမေရိကန်တို့၏ ဖြစ်စဉ်ကို ပုံကြီးချဲ့နေခြင်းမှာ သင့်လျော်သော လုပ်ရပ်မဟုတ်ဘဲ အထောက်အကူလည်း မဖြစ်ဟု ဝေဖန်ခဲ့သည်။ 

Most Read

Most Recent