တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေကြပြီ

တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေကြပြီ
Published 18 December 2016
ဆန်းမိုးထွန်း

တရားဥပဒေစိုးမိုးရေး။ အစိုးရအဆက်ဆက် ပြည်သူတွေ အမှန်တကယ် လိုလားတောင့်တခဲ့တဲ့ တရားဥပဒေစိုးမိုးရေး။ ဘာကြောင့် ပြည်သူတွေက တရားဥပဒေစိုးမိုးရေးကို လိုလားတောင့်တနေရပါသလဲ။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် လွတ်လပ်မှု၊ လုံခြုံမှုစတာတွေကို လိုချင်လို့ ဖြစ်ပါတယ်။
ဒါဆို တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ လက်ရှိအစိုးရသစ်ကို ပြည်သူတွေဘက်က မေးခွန်းတွေ မေးစရာရှိလာပါတယ်။
လက်ရှိ အစိုးရလက်ထက်မှာ ပြည်သူတွေ လိုလားတောင့်တနေတဲ့ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နိုင်ပြီလား။ အစိုးရသစ်သက်တမ်း ရှစ်လအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်းအတာအထိ ခရီးရောက်ခဲ့ပြီလဲ။ အစိုးရသစ်ရဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်အပေါ် ပြည်သူတွေက ဘယ်လောက် အတိုင်းအတာအထိ ယုံကြည်ခဲ့ကြပြီလဲ။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေဘက်မှာ ဒီမေးခွန်းတွေက တောင်ပုံရာပုံ ရှိနေပါတယ်။
တရားဥပဒေစိုးမိုးရေးဆိုတာ
အောက်စဖို့ အဘိဓာန်ကျမ်းအရ တရားဥပဒေစိုးမိုးရေးဆိုတာ “လူမှုအဖွဲ့အစည်းအတွင်း ဥပဒေ၏ အာဏာစက် လွှမ်းမိုးမှု။ အထူးသဖြင့် လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများ၏ အပြုအမူများအပေါ်တွင် ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မများ၏ မျှတစွာ အကျိုးသက်ရောက်မှု”လို့ဆိုပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေး ခရီးစဉ်တစ်ခုမှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
“ကျွန်မတို့နိုင်ငံကို လွှမ်းမိုးခဲ့တဲ့စနစ်ကို ပြောင်းဖို့ပါပဲ။ အနှစ် ၅၀ ကျော်လွှမ်းမိုးခဲ့တဲ့ အာဏာရှင်စနစ်ဟာ ကျွန်မတို့ရဲ့ ပြည်သူတွေကို အကျိုးမပြုဘူးဆိုတာ ကျွန်မတို့ပြည်သူတွေ သိပြီးသားလို့ ထင်ပါတယ်။ ပြည်သူတွေကို အကျိုးပြုတယ်ဆိုရင် ပြည်သူတွေက နံပါတ် (၁) အားဖြင့် စိတ်လုံခြုံမှုရှိရမယ်။ စနစ်တစ်ခုကောင်းလို့ရှိရင် ပြည်သူတွေရဲ့ ပြဿနာတွေဟာ ထိန်းချုပ်ထားနိုင်တဲ့  အနေအထားကလည်း ပိုပြီးတော့ ကောင်းလာပါတယ်။ ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင် ပြည်သူတွေက အခြေခံလုံခြုံမှုရှိတယ်။ အဲဒါအရေးကြီးဆုံးပဲ။ ကျွန်မတို့ ပြည်သူပြည်သား တစ်ယောက်ချင်း တစ်ယောက်ချင်းက အခြေခံဘ၀ လုံခြုံမှုရှိရမယ်။ ကိုယ်က ဥပဒေကို မချိုးဖောက်သရွေ့ တခြားသူတွေကို မတရားသဖြင့် မလုပ်သရွေ့ ကိုယ့်အတွက် ဘာအန္တရာယ်မှမရှိဘူးဆိုတဲ့ စိတ်လုံခြုံမှုရှိရမယ်။ အစိုးရစနစ်က နိုင်ငံရေးစနစ်က တရားဥပဒေက ပြည်သူတစ်ဦးချင်း တစ်ဦးချင်းရဲ့ လုံခြုံမှုကိုကာကွယ်ရမယ်။ အခုတော့ ကျွန်မဘယ်သွားသွား ပြည်သူလူထုတွေဟာ မလုံခြုံတဲ့ စိတ်ဓာတ်တွေနဲ့ ရပ်တည်နေရတယ်ဆိုတာ ကျွန်မအမြဲပဲ တွေ့ခဲ့ရပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
တရားဥပဒေစိုးမိုးဖို့ဆိုရင် အစိုးရ၊ တပ်မတော်၊ အဖွဲ့အစည်းမျိုးစုံနဲ့ ပြည်သူတစ်ယောက်ချင်းစီဟာ မိမိတို့လုပ်ရပ်တိုင်းအတွက် တရားဥပဒေနဲ့အညီ ဆောင်ရွက်ကြရမှာဖြစ်ပြီး တရားဥပဒေအောက်မှာ တာဝန်ခံမှုရှိရမှာပါ။
“ကျွန်မတို့ရဲ့ ပြည်သူလူထု အားလုံးစဉ်းစားရမှာ တစ်ယောက်ချင်း တစ်ယောက်ချင်း စဉ်းစားပါ။ ကိုယ့်ရဲ့ဘဝဟာ လွတ်လပ်ရဲ့လား၊ ကိုယ့်ရဲ့ဘဝဟာ လုံခြုံရဲ့လား။ အဲဒါဟာ ဒီမိုကရေစီရဲ့ အတိုင်းအထွာပါ။ ကျွန်မတို့ အမြဲတမ်းပြောပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ဘဝကို လွတ်လပ်မှုလည်း အာမခံရမယ်။ လုံခြုံမှုလည်း အာမခံရမယ်။ ပြည်သူများဟာ ကိုယ့်အိမ်က ထွက်လို့ရှိရင် လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ ထွက်နိုင်ရဲ့လား။ ကိုယ်သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ သွားနိုင်ရဲ့လား”လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေး ခရီးစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
တရားဥပဒေစိုးမိုးမှုဆိုတာ အစိုးရက သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့ အာဏာကို ဥပဒေနဲ့အညီ ကျင့်သုံးခြင်းပါ။ တရားဥပဒေစိုးမိုးရေးမှာ မှုခင်းရေးရာ ကျဆင်းရေးလည်း ပါဝင်ပါတယ်။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှရှိလို့မရပါဘူး။ တကယ်တော့ တရားဥပဒေစိုးမိုးရေးကို လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ဆိုရင် အပြောနဲ့လက်တွေ့ညီနေမှ ရပါမယ်။
လက်ရှိ အစိုးရသစ်လက်ထက်မှာ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်တွေဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့စကားတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိဆိုတာ လေ့လာဆန်းစစ်ကြည့်ရအောင်ပါ။
အစိုးရသစ်ရဲ့ ပထမ ရက် ၁၀၀ ရှင်းလင်းပွဲ
အစိုးရသစ်ရဲ့ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၁၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုနဲ့ အဓိကကျတဲ့ ရန်ကုန်၊ မန္တလေးမြို့တွေမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ရေးဆွဲပြီး မေ ၁ ရက်ကနေ သြဂုတ် ၈ ရက်အထိ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
မှုခင်းကျဆင်းရေး ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူတွေရဲ့ အမှုတွေကို တရားရုံးတွေက ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်းစနစ်ကို အသွင်သဏ္ဌာန် ပြောင်းလဲခြင်းနဲ့ အနှစ်သာရ တိုးတက်အောင် မြှင့်တင်ဆောင်ရွက်ခြင်းစတဲ့ အပိုင်းလေးပိုင်းနဲ့ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
မှုခင်းကျဆင်းရေးအတွက် အရေးယူဆောင်ရွက်ရာမှာ ကြိုတင်ကာကွယ်အရေးယူမှု ၅၈၁၀၈ မှု၊ အမှုကြီး ၇၉၁ မှုနဲ့ အခြားအမှု ၁၆၈၅၄ မှုတို့ကို အရေးယူနိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် အမှု ၂၇၈၈ မှု၊ တရားခံ ၄၃၄၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူတွေရဲ့ အမှုတွေကို တရားရုံးတွေက ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်းအတွက် အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်၊ ဥပဒေရုံး အဆင့်ဆင့်၊ တရားစွဲ အဖွဲ့အစည်း အဆင့်ဆင့်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရုပ်သိမ်း၊ ပိတ်သိမ်းအမှုပေါင်း ၂၇၄ မှုနဲ့ အမှုရင်ဆိုင်နေရသူ ၄၅၇ ဦးကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် စကား
အစိုးရသစ်လက်ထက်မှာ ရက် ၁၀၀ စီမံချက်ကာလအတွင်း ရန်ကုန်တိုင်းရှိ ဆိုးသွမ်းနယ်မြေတွေကို ရွေးချယ်ကာ လူထုလုံခြုံရေးအတွက် စီမံကိန်းချမှတ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးရက် ၁၀၀ စီမံချက်နဲ့ ပတ်သက်လို့ မေ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျွန်တော်တို့အုပ်ချုပ်ရေး ယန္တရားတစ်ရပ်လုံးဟာ တုံ့ပြန်ခံရမယ်ဆိုတာ လုံးဝအဖြစ်မခံနိုင်ဘူး။ ဖြစ်လို့လဲမရဘူး။ ရဲကို ဓားနဲ့ ထိုးသတ်ပြီးနောက် ရဲမလာနဲ့ဆိုတဲ့ နယ်မြေမျိုး ရန်ကုန်တိုင်းမှာ လုံးဝမရှိစေရဘူး။ ကျွန်တော်တို့ အုပ်ချုပ်ရေးယန္တရားက ပြည်သူလူထုက အပ်နှင်းထားတဲ့တာဝန်ကို ဆောင်ရွက်ဖို့ ကြိုးစားမှာဖြစ်တယ်။ ဒီလိုကြိုးစားတာကို ရာဇဝတ်ဂိုဏ်းလို လူပုဂ္ဂိုလ်တွေက ဒီနယ်မြေမှာလာပြီး မင်းသေသွားနိုင်တယ်ဆိုရင် အဲဒီစိန်ခေါ်မှုက ကျွန်တော်တို့အတွက် အကြီးဆုံးစိန်ခေါ်မှုပဲ။ ဒါမျိုးတွေကို ခွင့်ပြုထားလို့မရဘူး။ အဲဒီစိန်ခေါ်မှုကို ကျွန်တော်တို့ရှင်းမယ်။ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ဆိုးသွမ်းတဲ့ နယ်မြေတွေကိုရွေးချယ်ပြီး စီမံကိန်းတစ်ခုချမှတ်ပြီးတော့ လူထုလုံခြုံရေးအတွက် လုပ်ဆောင်သွားမှာပါ”လို့ပြောခဲ့ပါတယ်။
မှုခင်းတွေ ဖော်ထုတ်ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ဝင်အင်အားနဲ့ ပြည်သူအင်အား အချိုးမမျှတတဲ့အတွက် ပြည်သူတွေသာမက အခြားဌာနဆိုင်ရာ အဖွဲ့အစည်းတွေကပါ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ထောင်ကနေထွက်လာသူတွေနဲ့ ရဲဘက်စခန်းတွေကနေ ထွက်ပြေးလာသူတွေဟာ ထောင်ကျမှာကို မကြောက်တော့ဘဲ ပြစ်မှုတွေကို ထပ်မံကျူးလွန်နေတဲ့ အခြေအနေဟာ စိုးရိမ်ဖွယ်ရာ ဖြစ်နေပြီး ဒီအခြေအနေကို ပြန်လည်တည့်မတ်ဖို့ ကြိုးစားသွားမယ်လို့ ဝန်ကြီးချုပ်က ပြောကြားပါတယ်။
“ရဲဘက်စခန်းတွေက ပြေးလာပြီး ရပ်ကွက်တွေထဲမှာ မင်းမဲ့စရိုက်ဆန်စွာ လုပ်ချင်သလို လုပ်နေတာတွေ၊ မြို့ရွာတွေကို ဝင်စွက်ဖက်တာတွေဟာ အရေးကြီးတဲ့ စိုးရိမ်စရာ”လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
အဲဒီနောက်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ဒဂုံတောင်၊ လှိုင်သာယာမြို့နယ်၊ ကမာရွတ်နဲ့ သန်လျင်မြို့နယ်တွေမှာ Community Based Policing ဖြစ်တဲ့ ရဲတပ်ဖွဲ့ကနေ ရပ်ရွာအခြေပြု ပြည်သူတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
လေးလောင်းပြိုင် လူသတ်မှု
အစိုးရသစ်ရဲ့ ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲအပြီး လေးရက်မြောက်နေ့မှာ မင်္ဂလာဒုံက လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ သြဂုတ် ၂၀ ရက်က ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းပြီး လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ လေးလောင်းပြိုင် လူသတ်မှုဖြစ်စဉ် မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်၊ ကျူးကျော်ဝင်း၊ မြအေးချမ်းလမ်းနဲ့ နဝရတ်လမ်းထောင့်ရှိ အိမ်တစ်အိမ်မှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်နှစ်ဦးတို့ဟာ ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာ သေဆုံးနေပါတယ်။
သေဆုံးနေတဲ့သူတွေက ရဲဝန်ထမ်းဟောင်း တစ်ဦးဖြစ်တဲ့ ကိုစိုးနောင်နဲ့ သူ့ဇနီးမချယ်ရီပွင့်အပြင် သူတို့ရဲ့သားနှစ်ဦးဖြစ်တဲ့ မောင်ဟန်သူရ (အသက် ၁၃ နှစ်)၊ မောင်စွမ်းထက်မြတ် (အသက် ၈ နှစ်) တို့ဟာ လူမဆန်စွာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။
အခင်းဖြစ်ပွားမှုအပြီး လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တက်လာတဲ့ လူသတ်မှုဖြစ်စဉ် ဓာတ်ပုံတွေအရ ကိုစိုးနောင်တို့ မိသားစုဟာ လူမဆန်စွာနဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာကို တွေ့မြင်ရပါတယ်။ အဲဒီဓာတ်ပုံတွေအရ အသက် ၁၃ နှစ်အရွယ် မောင်ဟန်သူရဟာ သူ့ရဲ့စာကြည့်စားပွဲနားမှာပဲ ဓားထိုးဒဏ်ရာ ခုနစ်ချက်နဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူဟာ ဝမ်းဗိုက် ဓားထိုးခံရတဲ့ ဒဏ်ရာတွေအပြင် လည်ပင်းအောက် ညှပ်ရိုးနှစ်ခုအကြား ဓားနဲ့ထိုးခံခဲ့ရပြီး ဓာတ်ပုံတွေအရ လည်ပင်းပြတ်ရှနေတဲ့ ပုံစံဖြစ်ခဲ့ပါတယ်။
မောင်ဟန်သူရရဲ့ညီ အသက်ရှစ်နှစ် အရွယ်သာရှိသေးတဲ့ မောင်စွမ်းထက်မြတ်ဟာ အိပ်ခန်းတွင်းက ခုတင်ပေါ်မှာ ဓားဒဏ်ရာသုံးချက်နဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ ကိုစိုးနောင်ကတော့ အခင်းဖြစ်နေအိမ် ဘုရားခန်းရှေ့ မှာ ဓားဒဏ်ရာလေးချက်နဲ့ သားကြီးဖြစ်သူ မောင်ဟန်သူရအနီးမှာ အသတ်ခံခဲ့ရတာပါ။
ကိုစိုးနောင်ရဲ့ဇနီး မချယ်ရီပွင့်ဟာ အိမ်နောက်ဖေး မီးဖိုခန်းထဲမှာ ဓားဒဏ်ရာရှစ်ချက်နဲ့ အသတ်ခံခဲ့ရပါတယ်။ လူမှုကွန်ရက်မှာတက်လာတဲ့ ဓာတ်ပုံတွေအရ မချယ်ရီပွင့်ဟာ ဒဂုံတက္ကသိုလ်မှာ ဓာတုဗေဒဘာသာရပ်နဲ့ ပညာသင်ယူနေတယ်လို့ သိရပါတယ်။ လူလေးယောက် အသတ်ခံရတဲ့ နေအိမ်ဟာ အဓိကလမ်းမကြီးနဲ့ အလှမ်းဝေးပြီး ပတ္တမြားမြို့သစ်ရဲ့ ချောင်အကျဆုံးနေရာမှာ ရှိနေတဲ့အပြင် လူသွားလူလာလည်း နည်းပါးပါတယ်။
ဒါ့အပြင် အနီးပတ်ဝန်းကျင် တစ်အိမ်နဲ့တစ်အိမ် အလှမ်းဝေးပြီး အခင်းဖြစ်နေအိမ်က သီးခြားပုံစံလိုမျိုးဖြစ်နေသလို အိမ်အနီးမှာလည်း ချုံနွယ်တွေ ရှိနေတာပါ။ အခင်းဖြစ် နေအိမ်ခြေရင်းဘက်မှာ မြောင်းကြီးတစ်ခုရှိနေပြီးတော့ အိမ်ကိုသွားတဲ့လမ်းဟာ မြေနီလမ်းဖြစ်ပြီး ကားဝင်လို့မရတဲ့လမ်းဖြစ်တယ်လို့ သိရပါတယ်။
အသတ်ခံရတဲ့ မိသားစုဟာ အဲဒီနေရာမှာ နေထိုင်တာ တစ်နှစ်ကျော်ကာလရှိနေပြီး ကျူးကျော်နေထိုင်သူတွေလို့ ပြောကြပေမယ့် တိုက်ခံအိမ်ဆောက်ပြီး နေထိုင်နေကြတာပါ။ သူတို့နေထိုင်ချိန်မှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားတာမရှိဘူးလို့ ပတ်ဝန်းကျင်နေထိုင်သူတွေက ပြောကြသလို ကိုစိုးနောင်ဟာ အနေအေးဆေးသူတစ်ဦး ဖြစ်တယ်လို့ ပြောကြပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်ဝန်းကျင်က အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကနေ ဒုရဲအုပ်အဆင့်နဲ့ နုတ်ထွက်ခဲ့ပြီး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်နေတယ်လို့ သိရပါတယ်။
“ကိုစိုးနောင်က အရင်တုန်းက အမှတ် (၈) လုံခြုံရေးရဲတပ်ဖွဲ့မှာ ဒုရဲအုပ်အဆင့်နဲ့ တာဝန်ထမ်းဆောင်ဖူးပါတယ်။ ပြီးတော့ ၂၀၁၄ ခုနှစ်လောက်မှာ နုတ်ထွက်စာတင်ပြီး အခုပွဲစားအလုပ် လုပ်ကိုင်နေတာပါ။ ကိုစိုးနောင်က ရပ်ကွက်ထဲမှာလည်း အရမ်းဟော့ဟော့ရမ်းရမ်း မရှိပါဘူး။ မချယ်ရီပွင့်ကတော့ အိမ်မှာပဲနေတယ်။ ကလေးနှစ်ယောက်ကလည်း ကျောင်းမှာ ငယ်ငယ်ကတည်းက ဆုတွေရပြီး စာကြိုးစားတဲ့ ကလေးတွေပါ”လို့ အသတ်ခံရသူ မချယ်ရီပွင့်ရဲ့ အဒေါ်မစန်းစန်းမြင့်က ဆိုပါတယ်။
အခင်းဖြစ်နေအိမ်မှာ မိသားစုငါးဦးနေထိုင်ပြီး ကိုစိုးနောင်တို့မိသားစု လေးဦးအပြင် မချယ်ရီပွင့်ရဲ့ မိခင်ဖြစ်သူ ဒေါ်ရီရီနွဲ့လည်း အတူနေထိုင်ပါတယ်။ အခင်းဖြစ်ချိန်မှာ ဒေါ်ရီရီနွဲ့ဟာ ရွှေပြည်သာမြို့နယ်က ဆွေမျိုးတော်စပ်သူ နေအိမ်ဆီ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကိုစိုးနောင်တို့ မိသားစုဝင်လေးဦး အသတ်ခံရပြီး သေဆုံးနေတဲ့ မြင်ကွင်းကို ဒေါ်ရီရီနွဲ့က ပထမဆုံးမြင်တွေ့ခဲ့တာပါ။
အဲဒီနေ့ နံနက် ၆ နာရီလောက်မှာ ရွှေပြည်သာမြို့နယ်က ပြန်ရောက်လာတဲ့ ဒေါ်ရီရီနွဲ့ အခင်းဖြစ်နေအိမ်ကို ရောက်ရှိခဲ့ပြီး အဲဒီမြင်ကွင်းကို တွေ့မြင်ခဲ့တာပါ။ ဒီမြင်ကွင်းကို တွေ့တဲ့အခါမှာ ဒေါ်ရီရီနွဲ့ဟာ ကြောက်လန့်တကြား ပြန်ထွက်ပြီး အထိတ်တလန့် အော်ဟစ်ပြောဆိုခဲ့ရာက ဘေးပတ်ဝန်းကျင်က လူတွေသိရှိခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရပ်ကွက်ထဲရှိ ဆိုင်ကယ်ကယ်ရီသမား တစ်ယောက်က “အခင်းဖြစ်တဲ့ နေအိမ်မှာ မိသားစုငါးဦး နေတာပါ။ သေဆုံးသူမိသားစုက ကျွန်တော့်ဆိုင်ကယ်ကို အမြဲငှားစီးနေကျပါ။ မချယ်ရီပွင့်ရဲ့ အမေကို သြဂုတ် ၁၉ ရက်ညက ကျွန်တော့်ဆိုင်ကယ်နဲ့ သူ့အမျိုးတွေရှိတဲ့ ရွှေပြည်သာကို လိုက်ပို့ပေးခဲ့သေးတယ်။ ပြီးတော့ နောက်နေ့မနက်မှာလည်း ကျွန်တော်ကိုယ်တိုင်ပဲ ပြန်သွားခေါ်ပြီး မချယ်ရီပွင့်တို့ အိမ်ရှေ့ကိုလိုက်ပို့ပေးပြီး ကျွန်တော်လည်း ကယ်ရီဂိတ်ကို ပြန်ထွက်သွားတယ်။ လူသတ်မှု ဖြစ်သွားတာတော့ ရပ်ကွက်ထဲကလူတွေပြောလို့ သိရတာပါ။ အသတ်ခံလိုက်ရတဲ့ ကိုစိုးနောင်က ပွဲစားအလုပ်လုပ်ကိုင်တယ်လို့တော့ သိရပါတယ်”လို့ဆိုပါတယ်။
သူတို့ ဘာကြောင့် အသတ်ခံခဲ့ရသလဲဆိုတာ အခုထိမသိရသေးပါဘူး။ ဒါပေမဲ့ သူတို့အသတ်ခံရတဲ့ ဖြစ်စဉ်ကို လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာ ရေးသားခဲ့ကြသူတွေကတော့  ဘယ်လောက်ပဲအငြိုးရှိရှိ အပြစ်မဲ့တဲ့ကလေးတွေကိုပါ သတ်ဖြတ်ခဲ့တာဟာ လူမဆန်တဲ့ရက်စက်မှု ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။
ပတ္တမြားမြို့သစ်မှာ နေထိုင်နေသူတစ်ဦးကလည်း သူနေထိုင်လာတဲ့ ၂၅ နှစ်တာကာလမှာ ဒီဖြစ်စဉ်ပေါ်ပေါက်ခဲ့တာကို တုန်လှုပ်မိကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒီလိုလူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ လူသတ်လက်နက်ဖြစ်တဲ့ဓားကို ကျူးလွန်သူက ထားရှိခဲ့တယ်လို့ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် NLD အစိုးရသစ်လက်ထက်မှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အခုလေးလောင်းပြိုင် လူသတ်မှုဟာ တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါပြီ။ လေးလောင်းပြိုင် လူသတ်မှုကို ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ) ၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေးအတွက် တင်းတင်းကျပ်ကျပ် ဆက်လက်လုပ်ဆောင်ရမယ်ဆိုတာ ပေါ်လွင်နေပါတယ်။ လက်ရှိလေးလပြည့်တော့မယ့် အချိန်အထိ ဒီလေးလောင်းပြိုင် လူသတ်မှုရဲ့ ပြစ်မှုကျူးလွန်သူတွေကို ရဲတပ်ဖွဲ့ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိတော့ ထူးခြားမှုမရှိသေးပါဘူး။ သံသယရှိသူသုံးဦးနဲ့ ပတ်သက်ပြီးတော့လည်း ထူးခြားမှု မရှိသေးပါဘူး။ သူတို့ကို ရှာဖွေနေဆဲပဲ ရှိပါသေးတယ်။ သက်ဆိုင်ရာ ရဲစခန်းအသီးသီး၊ ဌာနအသီးသီးနဲ့ ချိတ်ဆက်ပြီး ကျူးလွန်သူကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်အောင် ဆောင်ရွက်နေပါတယ်”လို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ယောက်က နိုဝင်ဘာ ၂၂ ရက်က ပြောကြားထားပါတယ်။
ဒါ့ပြင် အခင်းဖြစ်ပွားရာ နေအိမ်အနီး အခင်းမဖြစ်ပွားမီ ရက်ပိုင်းအလိုက လာရောက်အကဲခတ်ခဲ့တဲ့ ဓာတ်ပုံလာရိုက်သူ သုံးဦးကို ရဲတပ်ဖွဲ့ကနေ ဓာတ်ပုံနဲ့တကွ သံသယရှိသူတွေအဖြစ် သတ်မှတ်ထားပြီး တွေ့ရှိပါက ဆက်သွယ်သတင်းပေးဖို့ ထုတ်ပြန်ထားပါတယ်။
နေ့ခင်းကြောင်တောင် အနုကြမ်းစီးမှု
စမ်းချောင်းမြို့နယ်က ငွေလဲကောင်တာတစ်ခုကို အမျိုးသားနှစ်ယောက်က အနုကြမ်းစီးမှုဖြစ်စဉ် ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
စမ်းချောင်းမြို့နယ် မြေနီကုန်း မြောက်ရပ်ကွက် ရှမ်းကုန်းလမ်းမှာရှိတဲ့ M.S Group ငွေလဲကောင်တာကို အမျိုးသားနှစ်ယောက်က အနုကြမ်းစီးခဲ့တာပါ။ နိုင်ငံခြားငွေလဲဖို့ ဆိုင်ထဲဝင်လာပြီး ဆိုင်ရှိဝန်ထမ်းကို မေးမြန်းစကားပြောနေချိန်မှာ သူတို့နှစ်ယောက်အနက် တစ်ယောက်က လေးခွနဲ့ချိန်ပြီး ကျန်တစ်ယောက်က သေနတ်နဲ့ ချိန်ခဲ့တယ်လို့ ဆိုင်ဝန်ထမ်းတစ်ယောက်က ဆိုပါတယ်။
“ပထမတစ်ခေါက်လာတော့ သူတို့က ဒေါ်လာ ၁၆၈ ကျပ် လိုချင်လို့ဆိုပြီးလာတာ။ လာတော့ ညီမတို့က ဈေးနဲ့ဘယ်လောက်ကျမလဲ တွက်ပေးတော့ သူတို့မှာပိုက်ဆံမလောက်ဘူးတဲ့။ ပြန်ယူလိုက်ဦးမယ်ဆိုပြီး ပြန်ထွက်သွားတယ်။ ပြီးတော့ ပြန်လာတယ်။ ပြန်လာတော့ ၁၆၈ ပဲယူမယ်။ ယူတော့ ဒီမှာရှိတဲ့ ဦးလေးကြီးက ထုတ်ပေးတယ်။ အဲဒီအချိန်မှာ သူတု့ိနှစ်ယောက်ထဲက တစ်ယောက်က လေးခွနဲ့ချိန်ပြီး တစ်ယောက်က ညီမကိုသေနတ်နဲ့ ချိန်ထားတယ်။ ပြီးတော့ နှစ်ယောက်လုံးငြိမ်ငြိမ်နေ လူမသတ်ချင်ဘူးလို့ ပြောပြီးတော့ ဦးလေးကြီးကို လေးခွနဲ့ပစ်တယ်။ ဦးလေးကြီး ထွက်ပြေးတဲ့အချိန်မှာ သေနတ်နဲ့ပစ်တယ်။ ပစ်လိုက်တဲ့အချိန်မှာ ညီမလည်းလန့်ပြီးတော့ ချောင်ထဲမှာ သွားနေလိုက်တယ်။ အဲဒီလိုသွားတဲ့အချိန်မှာ နောက်ထပ် သေနတ်နဲ့ တစ်ချက်ထပ်ပစ်တယ်။ သေနတ်က ဘာသေနတ်လဲ မသိဘူး။ ညီမကို ခေါင်းငုံ့ထားခိုင်းတယ်” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဆိုင်ဝန်ထမ်းဖြစ်သူ မအိအိမိုးက ပြောပါတယ်။
အဲဒီနောက် လူနှစ်ယောက်က ဆိုင်အတွင်း သေနတ်နှစ်ချက်ဖောက်ကာ ပိုက်ဆံတွေကိုယူသွားပြီး မြဝတီလမ်းထဲကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“ကျွန်တော်အထဲကို ဝင်သွားလိုက်တော့ အဲဒီဆိုင်ထဲက လူတစ်ယောက်ကို သေနတ်နဲ့ချိန်ထားတာ တွေ့လိုက်ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ပြန်ပြီးထွက်ပြေးလာလိုက်တယ်။ ပတ်ဝန်းကျင်က လူတွေရောက်လာတာလည်းမြင်ရော ဆိုင်တံခါးကို ပိတ်လိုက်တယ်။ ပြီးတော့ သူတို့နှစ်ယောက် ချက်ချင်းပြန်ထွက်လာပြီး မြဝတီလမ်းထဲကို ဝင်ပြေးသွားတယ်။ လမ်းဆုံးတော့ ပြည်လမ်းမကြီးဘက် ကိုချိုးပြီး ကားငှားသွားတယ်။ ပတ်ဝန်းကျင်ကလူတွေ လိုက်တဲ့အချိန်မှာ သူတို့နှစ်ယောက်က မလိုက်နဲ့လို့ပြောပြီး သေနတ်တစ်ချက် ဖောက်သွားတယ်။ လူတွေတော့ မထိပါဘူး။ တစ်ယောက်က နှာခေါင်းစည်းအုပ်ထားတယ်။ နောက်တစ်ယောက်ကတော့ ဘာမှမအုပ်ထားဘူး”လို့ အခင်းဖြစ်ပွားရာ ငွေလဲကောင်တာ ဘေးတိုက်မှ လုံခြုံရေးဝန်ထမ်းက ပြောပါတယ်။
အနုကြမ်းစီးသူ နှစ်ယောက်အနေနဲ့ ဆိုင်အတွင်းက CCTV Server ကိုဖြုတ်ယူသွားတယ်လို့ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် အမှတ်(၆) ရပ်ကွက် (၃၈) လမ်း အလယ်ဘလောက်က ဆိုင်တစ်ဆိုင်မှာ ဒီဇင်ဘာ ၇ ရက်က လုယက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဆိုင်မှာ အမျိုးသမီးတစ်ယောက်ထဲရှိနေချိန် အမျိုးသားတစ်ဦးက ဆိုင်ထဲဝင်ရောက်လာပြီး လက်သည်းညှပ်ဓားနဲ့ထောက်ကာ လက်ဝတ်ရတနာတွေကို ယူဆောင်ထွက်ပြေးသွားတာဖြစ်တယ်လို့ အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကနေ သိရပါတယ်။
“ဆိုင်ကအိတ်တွေနဲ့ ရယ်ဒီမိတ်ပစ္စည်းလေးတွေ ရောင်းတာ။ ဆိုင်မှာက ဝန်ထမ်းနှစ်ဦးထားတာဖြစ်တော့ တစ်ဦးက အပြင်သွားနေတယ်။ ဆိုင်ထဲမှာ ရုန်းရင်းဆန်ခတ်တော့ဖြစ်တယ်။ ဆိုင်က မှန်ကာထားတော့ ဘယ်သူမှမကြားလိုက်ရဘူး။ သူက လက်သည်းညှပ်ထဲမှာပါတဲ့ ဓားအသေးလေးနဲ့ထောက်ပြီး ဆိုင်ဝန်ထမ်းကောင်မလေး ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေကို တောင်းတယ်။ အံဆွဲထဲမှာရှိတဲ့ ပိုက်ဆံတွေရယ်၊ တန်ဖိုးကြီးပစ္စည်းတွေရယ်ကိုတော့ ယူမသွားဘူး။ ပြီးတော့ ဆိုင်ဝန်ထမ်း ကောင်မလေးကို ရေချိုးခန်းထဲ ထည့်ထားခဲ့ပြီး အနော်ရထာလမ်းဘက်ကို ထွက်ပြေးသွားတယ်။ ကောင်မလေးက ကြောက်ပြီး အပြင်ကိုမထွက်ရဲဘူး။ အော်လည်း မအော်ခဲ့ဘူး။ ဈေးဝယ်သူလာမှ ထွက်လာပြီး အကျိုးအကြောင်း ပြောပြတော့မှ ဦးတို့ရယ်ရဲတပ်ဖွဲ့ရယ်က သိရတာ။ သိရတော့ အချိန်က ၅ နာရီ ဝန်းကျင်ရှိနေပြီ”လို့ အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
လမ်းထဲမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးချက်အရ ကျူးလွန်သူမှာ ဆိုင်ကိုအချိန်ယူ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီး အရင်လမ်းထဲက အဝတ်အထည်တွေကို ခိုးယူဖူးသူဖြစ်နိုင်တယ်လို့ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောပါတယ်။
ကျူးလွန်သူအနေနဲ့ ဆိုင်ဝန်ထမ်းအမျိုးသမီးရဲ့ လက်ကိုင်ဖုန်း၊ ရွှေဆွဲကြိုးတစ်ကုံးနဲ့ ရွှေလက်စွပ်နှစ်ကွင်းတို့ကို ယူဆောင်သွားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက “အနုကြမ်းစီးတာမျိုးတော့ မဟုတ်ဘူး။ ကျူးလွန်သူက လက်နက်မပါဘူး။ ကောင်မလေးဆီက လက်ဝတ်ရတနာတွေ ယူသွားတယ်။ ဆိုင်မှာ နှစ်ယောက်ရှိတာ။ တစ်ယောက်က အပြင်သွားတယ်။ ကျူးလွန်သူရဲ့ ဖိနပ်တော့ ကျန်ခဲ့ပါတယ်။ ပြောချင်တာက အနုကြမ်းစီးတာမျိုးတော့ မဟုတ်ပါဘူး။ ကျူးလွန်သူကို ရှာဖွေနေပါတယ်”လို့  မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရန်ကုန်မြို့မှာ ရာဇဝတ်မှု ကျူးလွန်ခံရသူတွေထဲမှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းတို့ရဲ့ နေအိမ်တွေကို နေ့ခင်းကြောင်တောင် ဖောက်ဝင်ပြီး ပစ္စည်းတွေ ခိုးယူခံခဲ့ရပါတယ်။ ထူးခြားတာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အိမ်တွေကို နေ့ခင်းကြောင်တောင် ဝင်ခိုးခဲ့တဲ့သူတွေကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
အသေးစားပေါက်ကွဲမှု
ရန်ကုန်မှာ မကြာသေးမီကာလက ဆက်တိုက်ဆိုသလို အသေးစားပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ် Ocean Center မြေညီထပ်မှာ နိုဝင်ဘာ ၁၇ ရက်က အများသုံးအမျိုးသား အိမ်သာအခန်းရှိ အမှိုက်ပုံးထဲကနေ အသေးစားပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၂၀ ရက်က ဒေါပုံမြို့နယ် Capital Hypermarket ပထမထပ် ပလတ်စတစ် ပစ္စည်းအရောင်းခန်းမမှာ တစ်ကြိမ်၊ မြေညီထပ် မုန့်အရောင်းခန်းမမှာ နှစ်ကြိမ် အသေးစားပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလို လူစည်ကားရာနေရာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရအဖွဲ့ရုံးနဲ့ ဌာနဆိုင်ရာရုံးတွေမှာ အသေးစားပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ တောင်ဒဂုံ ၆၄ ရပ်ကွက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှာ နိုဝင်ဘာ ၂၄ ရက်က အသေးစားပေါက်ကွဲမှု ငါးကြိမ်အထိ ပေါက်ကွဲခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးရဲ့ ပထမထပ်မှာရှိတဲ့ သန့်စင်ခန်းနဲ့ သန့်စင်ခန်းအပြင်ဘက်က အမှိုက်ပုံးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။
ဒါ့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ နိုဝင်ဘာ ၂၅ ရက် ညပိုင်းက အသေးစားပေါက်ကွဲမှု နှစ်ကြိမ် ထပ်ဖြစ်ခဲ့ပါတယ်။ 
ဒီအသေးစားပေါက်ကွဲမှုတွေကို ကျူးလွန်သူတွေက M-150 အချိုရည်ပုလင်းတွေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းရဲ့ စစ်ဆေးချက်အရ M-150 ပုလင်းထဲ ဒီဇယ်ထည့်ပြီး ပလတ်စတစ်ကျုထဲကို ဆာလဖြူရစ်အက်ဆစ်ပြင်း ထည့်ထားကာ မီးခြစ်ဆံယမ်းကို ပလတ်စတစ်နဲ့ ကပ်ချည်ထားတယ်လို့ သိရပါတယ်။
ဒီလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဖြစ်ပွားခဲ့တဲ့ အသေးစားပေါက်ကွဲမှု ကျူးလွန်သူအချို့ကို နိုဝင်ဘာ ၂၆ ရက်က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
မှုခင်းဖြစ်စဉ်တွေ
ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၆ ဇန်နဝါရီကနေ နိုဝင်ဘာအထိ လူသတ်မှု ၁၆၃ မှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာလမှာတင် လူသတ်မှု ၂၅ မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါ့ပြင် လုယက်မှု၊ ရိုက်နှက်မှုတွေနဲ့ မုဒိမ်းမှုတွေကလည်း နေရာအနှံ့အပြားမှာ တစ်နေ့တစ်မျိုး မရိုးရအောင် ဖြစ်ပွားလာတဲ့အတွက် ပြည်သူတွေအတွက်တော့ တုန်လှုပ်ချောက်ချားစရာကောင်းပြီး အမှုအခင်းများတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။
ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ အရေးယူ မဖော်ထုတ်နိုင်သေးတဲ့ မှုခင်းတွေက အရင်နှစ်ထက် ပိုများလာခဲ့ပြီး မနှစ်က တရားခံမမိသေးတဲ့ အမှုကြီး ၁၁ မှုလောက်နဲ့ လူသတ်မှု တစ်မှုသာရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အမှုကြီး ၂၀ ကျော်နဲ့ လူသတ်မှုကိုးမှုက တရားခံတွေကို မမိသေးပါဘူး။
ဒီမှတ်တမ်းတွေအနက် လူသိများထင်ရှားလှတဲ့ ပြစ်မှုတွေကတော့ မင်္ဂလာဒုံက လေးလောင်းပြိုင် လူသတ်မှုအပါအဝင် နောက်ထပ် မင်္ဂလာဒုံ ဘီအီးယန္တရားတပ်ရှေ့ အငှားယာဉ်ပေါ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူသတ်မှု၊ ဒေါပုံမြို့နယ် မြောင်းစပ်မှာ ဦးခေါင်းဖြတ် အသတ်ခံရတဲ့ မိန်းကလေးငယ်အမှု၊ သုံးခွမြို့နယ် ချောင်းဘေးမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမှု၊ မှော်ဘီမြောင်းတကာ စက်မှုဇုန်နေအိမ်မှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတဲ့အမှု၊ အဖျောက်မြို့ လူမနေတဲ့ ခြံဝင်းထဲက ရေအိုင်စပ်မှာ မှောက်လျက်သေဆုံးနေတဲ့ အမှု၊ ခရမ်းမြို့နယ်မှာ မိန်းကလေးနှစ်ယောက် အသတ်ခံရမှု၊ ရန်ကုန်မြို့လယ်ကောင် ၃၉ လမ်းက ဗြိတိန်နိုင်ငံသား အသတ်ခံရမှုနဲ့ ဗဟန်းမြို့နယ် ရွှေဂုံရိပ်မွန်အိမ်ရာက ငါးလွှာတိုက်ခန်းတစ်ခုမှာ အမျိုးသမီးတစ်ယောက် လက်ပြန်ကြိုးတုပ် အသတ်ခံရမှုတွေဟာ ဒီနေ့အထိ တရားခံမမိသေးတဲ့ လူသတ်မှုတွေပါ။ 
ဒီလို ရန်ကုန်တိုင်းဒေသကြီးမှာ မဖော်ထုတ်နိုင်သေးတဲ့ လူသတ်မှုတွေ များပြားနေတဲ့အချိန် နောက်ထပ် ပြည်သူတွေကြားမှာ ထိတ်လန့်တုန်လှုပ်ဖို့ကောင်းတဲ့ လူသတ်မှုတစ်ခုက ထပ်တိုးလာပါတယ်။ အဲဒါကတော့ Eleven Media Group ရဲ့ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းတစ်ယောက် ဒီဇင်ဘာ ၁၃ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၂ နာရီ မိနစ် ၂၀ လောက်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စု လမ်းနံဘေးမှာ ဦးခေါင်းထိပ်ကွဲပြဲဒဏ်ရာ နှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာတွေနဲ့ မှောက်လျက်သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး မုံရွာမြို့မရဲစခန်းကနေ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးလျက်ရှိပါတယ်။
သတင်းထောက် ကိုစိုးမိုးထွန်းကို စနစ်တကျနဲ့ ရက်ရက်စက်စက် ကြိုတင်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့  မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဆွေမြင့်က ဒီဇင်ဘာ ၁၃ ရက်က ပြောကြားထားပါတယ်။
“Eleven Media Group မှ မုံရွာမြို့သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပါတယ်။ ဒီအမှုမှာက အဓိကကျူးလွန်တဲ့သူကို ဖမ်းဆီးရမိဖို့အတွက် ကျွန်တော်တို့စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။ ဒီလူသတ်မှုက သေသေချာချာ စနစ်တကျနဲ့ ကြံစည်ပြီးတော့ ကျူးလွန်ထားတဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့ အခင်းဖြစ်စဉ်နေရာကို သွားရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ထားပါတယ်။ ဖြစ်စဉ်သိသိချင်း ညပိုင်းမှာပဲ အဲဒီနေရာမှာ ရှာဖွေမှုတွေလုပ်တယ်။ ပုံစံပျက်မသွားစေဖို့ အစောင့်လည်း ချထားပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေရာကို လေ့လာလိုက်တဲ့အခါမှာ အသတ်ခံရသူ ကိုစိုးမိုးထွန်းက မှောက်လျက်အနေအထားပါ။ တကယ်အခင်းဖြစ်စဉ်နေရာနဲ့ ၁၀ ပေအကွာလောက်မှာပဲ အလောင်းကို လာပစ်ထားတဲ့ အနေအထားတွေ့ရတယ်။ ကနဦးအနေနဲ့ ဆိုင်ကယ်မှောက် သေဆုံးတဲ့ အနေအထားလုပ်ထားလို့ ယာဉ်ထိန်းရဲက အရင်သွားစစ်ဆေးတယ်။ ဖြစ်စဉ်ကို ကြည့်လိုက်တဲ့အခါမှာတော့ လူသတ်မှု ဖြစ်နေတာကြောင့် ကျွန်တော်တို့ သွားရောက်စစ်ဆေးမှုတွေလုပ်ခဲ့တယ်။ လူသတ်ရာမှာ အသုံးပြုခဲ့တဲ့ လေးပေကျော်ခန့်ရှိတဲ့ တုတ်တစ်ချောင်းကို မနက်ပိုင်းမှာ ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။ နောက်ကိုစိုးမိုးထွန်းရဲ့ ဆိုင်ကယ်ဦးထုပ်၊ ဖိနပ်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလူသတ်မှုဖြစ်စဉ်မှာဆိုရင် ကျွန်တော်တို့ ခန့်မှန်းချက်အရ ကျူးလွန်သူဟာ တစ်ဦးထက်ပိုပါတယ်။ နှစ်ဦးအထက်လည်း ဖြစ်နိုင်ပါတယ်။ သတင်းထောက် ကိုစိုးမိုးထွန်းဟာဆိုရင် ကျွန်တော်တို့ရဲတပ်ဖွဲ့ကိုလည်း ကူညီပြီးတော့ သတင်းရေးသားပေးခဲ့တာတွေ အများကြီးရှိပါတယ်။ သူဟာ လူရိုးလူအေးတစ်ယောက်ပါ။ ကျွန်တော်တို့စခန်းမှာလည်း ဘာပြစ်မှုမှ ဖြစ်ပွားထားခြင်းလည်း မရှိပါဘူး။ ဒီလူသတ်မှုဟာ ကျူးလွန်သူဟာ စနစ်တကျနဲ့ ကျူးလွန်ခဲ့တာပါ။ CID က တုတ်က လက်ဗွေရာတွေကို စစ်ဆေးကြည့်တဲ့အခါမှာ လက်ဗွေရာတွေက ပျက်စီးနေတယ်။ ဘာကြောင့်လဲဆိုတော့ တုတ်မှာ လက်ဗွေရာ မထင်နိုင်အောင် တုတ်ကို အထစ်ထစ်နဲ့ ခြစ်ထားတယ်။ လက်ရှိအမှုအနေအထားနဲ့ ပတ်သက်ပြီးတော့ပြောရရင် ကိုစိုးမိုးထွန်းရဲ့ ကျန်ခဲ့တဲ့ဖုန်းထဲက ဖုန်း Contacts တွေကို CID က ဖော်ထုတ်စစ်ဆေးနေပါတယ်။ သူဖုန်းခေါ်ထားတဲ့သူတွေကို ကျွန်တော်တို့စခန်းမှာ ခေါ်ယူစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ လက်တလော စစ်ဆေးနေတာ ခြောက်ဦးခန့်ရှိပါတယ်။ အခင်းဖြစ်စဉ်ကတော့ သူအသတ်ခံရတဲ့ နေရာမှာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဓိကပါဝင်ပတ်သက်သူတွေ ကျူးလွန်သူတွေကို ဖမ်းဆီးရမိနိုင်ဖို့အတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေပါတယ်”လို့ မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်က ပြောပါတယ်။
မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့မှာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ CID၊ ခရိုင်ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်ဖွဲ့စည်းထားတယ်လို့ မုံရွာမြို့မရဲစခန်းကနေ သိရပါတယ်။
သတင်းထောက် ကိုစိုးမိုးထွန်းရဲ့ဇနီး ဒေါ်ခင်ချိုလတ်က “ကျွန်မအမျိုးသား အသတ်ခံရတာနဲ့ ပတ်သက်ပြီး အမှန်တရားအတိုင်း ဖြစ်စေချင်ပါတယ်။ အမှုမှန် အမြန်ပေါ်ပေါက်စေချင်တယ်” လို့ပြောပါတယ်။
ကိုစိုးမိုးထွန်းရဲ့ လုပ်ဖော်ကိုင်ဖက် မုံရွာမြို့ခံသတင်းထောက် တစ်ယောက်က “သူအခုလိုမဖြစ်ခင်က သူနဲ့ကျွန်တော် ညနေခင်းမှာ တွေ့လိုက်သေးတယ်။ ညမှာပဲ အခုလိုဖြစ်စဉ် ဖြစ်တယ်ဆိုတာ ကြားလိုက်ရတယ်။ ကြားကြားချင်း ကျွန်တော်တို့မယုံကြဘူး။ စနောက်နေတယ်လို့ပဲ ထင်နေတာ။ နောက်မှ သေချာသွားပြီဆိုတော့ အခင်းဖြစ်စဉ်နေရာကို ကျွန်တော်တို့ လိုက်သွားကြတယ်။ ဒီလိုလုပ်ရင် ဒီလိုသေနိုင်တယ်ဆိုတာကို စီးပွားရေးလုပ်ငန်းရှင်တွေက လုပ်ပြလိုက်တယ်လို့ ထင်ပါတယ်”လို့ဆိုပါတယ်။
အမှုနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာမှာ မသင်္ကာဖွယ်တွေ့ရှိထားပြီး အမှုမှန်ပေါ်ပေါက်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်က ဒီဇင်ဘာ ၁၆ ရက်က ပြောကြားခဲ့ပါတယ်။
“တိုးတက်မှုအခြေအနေကတော့ မသင်္ကာတဲ့ အတိုင်းအတာတွေ အများကြီးပေါ့။ ရရှိထားပါတယ်။ အနေအထားကတော့ တော်တော်လေး နီးစပ်ပါတယ်။ တော်တော်လေး ကောင်းနေပါတယ်”လို့  ဒုရဲမှူးသိန်းဆွေမြင့်က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးထဲမှာ နှစ်အလိုက်ဖြစ်ပွားခဲ့တဲ့ အမှုကြီး ၁၀ ရဲ့ စုစုပေါင်းအမှုတွေကတော့ ၂၀၁၀ ပြည့်နစ်မှာ ၂၅၁ မှု၊ ၂၀၁၁ ခုနစ်မှာ ၄၅၃ မှု၊ ၂၀၁၂ ခုနစ်မှာ ၃၅၆ မှု၊ ၂၀၁၃ ခုနစ်မှာ ၃၄၃ မှု၊ ၂၀၁၄ ခုနစ်မှာ ၃၉၇ မှု၊ ၂၀၁၅ ခုနစ်မှာ ၃၀၅ မှုတို့ဖြစ်ပါတယ်။ အဲဒီကထဲကမှ နှစ်အလိုက် လူသတ်မှုတွေအနေနဲ့ ၂၀၁၀ ပြည့်နစ်မှာ ၁၀၀ မှု၊ ၂၀၁၁ ခုနစ်မှာ ၁၅၅ မှု၊ ၂၀၁၂ ခုနစ်မှာ ၁၆၄ မှု၊ ၂၀၁၃ ခုနစ်မှာ ၁၃၀ မှု၊ ၂၀၁၄ ခုနစ်မှာ ၁၈၆ မှုနဲ့ ၂၀၁၅ ခုနစ်မှာ ၁၃၉ မှု ဖြစ်ပွားခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေပြီလား
အစိုးရသစ်ရဲ့ ရှစ်လတာသက်တမ်းအတွင်း ထူးခြားမှုခင်းဖြစ်စဉ်တွေ အများအပြား ဖြစ်ပေါ်လာခဲ့သလို ရန်ကုန်မြို့အပါအဝင် နေရာအနှံ့အပြားမှာလည်း ပြည်သူတွေရဲ့ဘဝဟာ မလုံခြုံတဲ့ အနေအထားကို ရောက်လာပါတယ်။
လူသတ်မှု၊ နေ့ခင်းကြောင်တောင် အနုကြမ်းစီးမှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက် အကျပ်ကိုင် ငွေညှစ်မှု၊ သက်ငယ်မုဒိမ်းမှုစတဲ့ အမှုတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီးရဲ့ နေရာအနှံ့ အပြားမှာ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။
ဒါ့ပြင် ဘတ်စ်ကားယာဉ်မောင်းတွေနဲ့ စပယ်ယာတွေက ပြည်သူတွေကို မင်းမဲ့စရိုက်ဆန်ဆန် ရိုက်နှက်ထိုးကြိတ်တာမျိုးတွေ၊ လုယက်မှု ကျူးလွန်တာတွေ၊ လမ်းသွားလမ်းလာတွေကို ဆိုင်ကယ်စီးသမားတွေက လုယက်တာမျိုးတွေကလည်း အများအပြားဖြစ်ပွားနေပြီး ပြည်သူတွေရဲ့ဘဝဟာ ပိုပြီးမလုံမခြုံ ဖြစ်လာပါတယ်။ ဒီထက်ဆိုးတာက ရန်ကုန်မြို့လယ်က ၃၅ လမ်းမှာ နေ့ခင်းကြောင်တောင် အိမ်ပေါ်အထိတက်ပြီး သံတုတ်နဲ့ရိုက်၊ ဓားနဲ့ထိုးကာ လူသတ်ခဲ့တဲ့ ဖြစ်စဉ်တွေကလည်း ဖြစ်ပွားခဲ့ပါတယ်။
“အန်တီ အရမ်းလည်းစိုးရိမ်တယ်။ ကြောက်လည်းကြောက်တယ်။ အိမ်မှာလည်း အမြဲတမ်းတံခါးပိတ်မယ်။ သော့ခတ်မယ်။ လုံခြုံရေးအတွက် အန်တီက အမြဲတမ်းမှာခဲ့တယ်။  ဘာဖြစ်လို့လဲဆိုတော့ ဖြစ်သွားတဲ့ဟာတွေက မယုံကြည်နိုင်စရာတွေပေါ့။ အမျိုးလည်း စိတ်မချရဘူး။ လူရင်းလည်း စိတ်မချရဘူး။ အဲဒီလို ဖြစ်ပျက်နေတော့ ပိုဆိုးတာပေါ့။ အဲဒီအတွက် လုံခြုံမှုအားနည်းနေတယ်လို့ ထင်တယ်” လို့ အဝတ်အထည်ရောင်းတဲ့ ဒေါ်နီလာအေးက ဆိုပါတယ်။
ဈေးသည်တစ်ယောက်ဖြစ်တဲ့ ဦးစန်းလွင်က “ဒီမှုခင်းတွေ ဖြစ်လာတာကတော့ မကောင်းတဲ့လက္ခဏာပေါ့။ ကျွန်တော်တို့လို သမ္မာအာဇီ၀ လုပ်ကိုင်စားသောက်တဲ့သူတွေအဖို့က လုံခြုံမှုမရှိဘူး။ အဲဒီတော့ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ တရားဥပဒေစိုးမိုးမှုအားရှိမှ ကျွန်တော်တို့က လုပ်ကိုင်ရှာဖွေ စားသောက်လို့ကောင်းမယ်ဆိုတဲ့ အမြင်လေးကို မြင်ပါတယ်” လို့ သူ့အမြင်ကို ပြောပါတယ်။
ဒီလို မှုခင်းမျိုးတွေ ရန်ကုန်မှာ ဘာကြောင့်ဖြစ်နေရပါသလဲ။ အဓိက,ကတော့ ပြည်သူအချိုးနဲ့ ရဲဝန်ထမ်းအင်အား အချိုးဟာမမျှတလို့ ဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။
“အစိုးရပိုင်းအနေနဲ့ကတော့ တရားဥပဒေစိုးမိုးရေးအပိုင်းကို ကိုင်တာကတော့ ပြည်ထဲရေးက ကိုင်တာပေါ့။ ရဲအင်အားလုံလောက်စွာရယ် ရဲတွေရဲ့ လိုအပ်မှုတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမယ်။ ပြည်သူယုံကြည်မှု ဖြစ်လာနိုင်တဲ့ ရဲမျိုးတွေ ကျွန်တော်တို့က လိုအပ်တယ်။ အခုကတော့ လုံခြုံမှုမရှိသလောက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုကြည့်လိုက်ရင် လူဆိုးလူမိုက်တွေများတယ်။ မင်းမဲ့စရိုက်တွေ အများကြီး ဖြစ်ပေါ်လာတယ်။ ဖြစ်လိုက်ရင် လူသတ်မှုတွေ၊ လုယက်မှုတွေ ဒါတွေကို ကျွန်တော်တို့က ခံစားနေရတော့ ကျွန်တော်တို့လုံခြုံမှုက သိပ်မရှိသေးဘူး”လို့ ဦးစန်းလွင်က ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သြဂုတ် ၁၇ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လက်ရှိဖွဲ့စည်းပုံ ခွင့်ပြုအင်အားရဲ့ ၄၆ ဒသမ ၂၅ ရာခိုင်နှုန်းသာ ခန့်ထားနိုင်ပြီး နိုင်ငံတကာ စံနှုန်းများအရ ရဲနဲ့ ပြည်သူအချိုးမှာ ၁ အချိုး ၄၀၀ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့တွေရဲ့ ရဲနဲ့ပြည်သူအချိုးမှာ ၁ အချိုး ၁,၁၉၁ ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒုဝန်ကြီးက တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ ရဲနဲ့ ပြည်သူအချိုးကို ပြောကြားရာ ရန်ကုန်တိုင်းဒေသကြီးမှာ ၁ အချိုး ၁၂၄၁၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၁ အချိုး ၁၃၀၈၊ ပဲခူးတိုင်းဒေသကြီး မှာ ၁ အချိုး ၉၃၄၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁ အချိုး ၁၅၄၉၊ မန္တလေးတိုင်းဒေသကြီးမှာ ၁ အချိုး ၁၃၁၇ တို့ကို တွေ့ရှိရတာကြောင့် မှုခင်းဖြစ်ပွားမှုများတဲ့ တိုင်းဒေသကြီးတွေမှာ လူဦးရေ သိပ်သည်းပြီး ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးမှုဟာ မှုခင်းများ ပိုမိုဖြစ်ပွားရတဲ့ အကြောင်းရင်းထဲက အချက်တစ်ချက်အဖြစ် ပါဝင်တာကို စိစစ်တွေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် မှုခင်းကြိုတင် ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်မှု ၁၁ မျိုးကို ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်ရာမှာ ၂၀၁၃ ခုနှစ်က ၂၀၀၅၂ မှုရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ် သြဂုတ် ၁၅ ရက်အထိ ၅၆၄၉၂ မှု အသီးသီး ဖော်ထုတ်အရေးယူခဲ့ပြီး မှုခင်းကျဆင်းရေးနှင့် ပတ်သက်လို့ ၂၀၁၂ ခုနှစ်ကစတင်ကာ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဒီနေရာမှာ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့တာတွေ ကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ရှိတဲ့အင်အားကိုသုံးပြီး ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတွေကို ဆောင်ရွက်နေတာကို တွေ့ရမှာပါ။
ဒါကြောင့်လဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်ဟာ တစ်နေ့တခြား စီးပွားရေးကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှု ဖြစ်ပေါ်လာတာနဲ့အမျှ ဒုစရိုက်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဖောင်းပွလို့ လာပါတယ်။
ဘာပဲဖြစ်ဖြစ် အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်ကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီရက် ၁၀၀ အတွင်း အစိုးရဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ပြည်သူတွေထဲမှာ တချို့က သဘောကျတဲ့သူတွေရှိသလို သဘောမကျတဲ့သူတွေလည်း ရှိနေပါတယ်။
အစိုးရသစ် ရက် ၁၀၀ စီမံချက် ပြီးဆုံးချိန်မှာ မင်္ဂလာဒုံက လေးလောင်း ပြိုင်လူသတ်မှုဖြစ်စဉ် ဖြစ်ပေါ်လာတာဟာ အစိုးရသစ်ရဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေမှုတွေကို အိုးမည်းသုတ်လိုက်တာဖြစ်သလို တရားခံမမိသေးတဲ့ လူသတ်မှုဖြစ်စဉ်တွေ များပြားနေတာကလည်း ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်အပေါ် ပြည်သူတွေက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဒါကြောင့် ပြည်ထဲဝန်ကြီး လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဒီလေးလောင်းပြိုင် လူသတ်မှုရဲ့ လက်သည်တရားခံကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့လိုနေပြီး တရားခံမမိသေးတဲ့ အမှုတွေကိုလည်း အမြန်ဆုံးဖော်ထုတ်နိုင်မှသာ အစိုးရသစ်အနေနဲ့ အသက်ရှူချောင်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပြည်သူလူထုကလည်း လေးလောင်းပြိုင် လူသတ်မှုနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုတွေ မြင့်တက်နေချိန်မှာ တရားခံကို အမြန်ဆုံး ဖမ်းပြနိုင်ခဲ့ရင် ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက်က ဖြစ်ပွားခဲ့တဲ့ စိမ်းလဲ့ကန်သာလမ်းက ငါးလောင်းပြိုင် လူသတ်မှုလို ဇာတ်မျောကြီး ဖြစ်သွားခဲ့ရင်တော့ ပြည်သူတွေရဲ့ အသက်၊ အိုး အိမ်၊ စည်းစိမ်ဟာ လုံခြုံမှုကင်းမဲ့သလို ဖြစ်သွားနိုင်တဲ့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တုန်းက ပြောကြားခဲ့တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာကို ပြည်သူတွေအနေနဲ့ ပြန်လည်အမှတ်ရနေပါလိမ့်မယ်။
တရားဥပဒေစိုးမိုးရေး ကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက “တရားဥပဒေစိုးမိုးရေး လုပ်မယ်ဆိုရင် ဥပဒေအရ ထိထိရောက်ရောက် ကျွန်တော်တို့က ဆောင်ရွက်နေရမယ့် အနေအထား ရှိပါတယ်။ အထူးသဖြင့် ပထမဆုံးက ပြည်သူလူထုအပေါ် ထိထိရောက်ရောက် ဝန်ဆောင်ဖို့ လိုအပ်တယ်။ နောက်တစ်ခုက တရားခံတွေကို ထိထိရောက်ရောက် ဖမ်းဆီးနိုင်ဖို့အတွက် ရဲလိုအပ်တယ်။ တရားရုံး ဆွဲတင်တဲ့အခါမှာ မှန်မှန်ကန်ကန်နဲ့ ဥပဒေအတိုင်း ပြစ်မှုပြစ်ဒဏ်ကို ကျခံအောင်လုပ်နိုင်ဖို့ လိုအပ်တယ်။ ဒါမှသာလျှင် တရားဥပဒေ စိုးမိုးမှုရှိမယ်။ အဲဒီတော့ ပြစ်မှုပြစ်ဒဏ်မှာလည်း တရားရေးပိုင်းကလည်း မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့လိုတယ်။ ခုနက ရဲအပိုင်းကလည်း မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လိုတယ်။ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ဖို့လိုတယ်။ ဒီသုံးခု မညီမျှရင်တော့ ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးဟာ ဖြစ်လာဦးမှာ မဟုတ်ဘူး။ လေနဲ့ပဲ ဖြစ်နေမှာပဲ။ တကယ်ထိထိရောက်ရောက် တကယ်ကို လုပ်နိုင်ဖို့ လိုအပ်တယ်။ အဓိက,ကတော့ အဂတိလိုက်စားမှုမရှိဖို့ လိုအပ်တယ်။ ဒါမှသာလျှင် တရားဥပဒေစိုးမိုးရေး ဖြစ်လာမှာ။ အဲဒီတော့ အဲဒီလိုမှ မလုပ်နိုင်သေးရင်တော့ ကျွန်တော်တို့တရားဥပဒေ စိုးမိုးရေးဟာ ပါးစပ်နဲ့ပြောတာပဲ ဖြစ်နေဦးမယ်။ လက်တွေ့ အကောင်အထည်ဖော်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ကျွန်တော်ထင်တယ်”လို့ ဆိုပါတယ်။        

Most Read

Most Recent