သိပ္ပံနှင့် နည်းပညာ စစ်သည်တော်များ မွေးထုတ်ရန် ပြင်ဆင်နေသော မြောက်ကိုရီးယား

သိပ္ပံနှင့် နည်းပညာ စစ်သည်တော်များ မွေးထုတ်ရန် ပြင်ဆင်နေသော မြောက်ကိုရီးယား
Published 18 December 2016
Ref:AFP

မြောက်ကိုရီးယား၏ အလွန်အမင်း စစ်ပုံစံဆန်သော လူမှုဝန်းကျင်တွင် ဒြပ်စဉ်ဇယားအား လေ့လာမှု၌ပင် သေနတ်ပြောင်းဝနှင့် မလွတ်ကင်းနိုင်ပေ။ “လူငယ်ကျောင်းသားတွေက ကြိုက်ကြတယ်” ဟု နည်းပြတစ်ဦးက ပုံစံတူရိုင်ဖယ်ကို ကောက်ကိုင်ပြီး ၁၀ ပေခန့်အကွာရှိ ဖန်သားပြင်၌ ပြသထားသော ဒြပ်စဉ်ဇယားကို ချိန်ရွယ်ခဲ့သည်။ Po ဟုဆိုသော စာလုံးအားထိမှန်ခဲ့ရာ ပိုလိုနီယမ်ဒြပ်စင်နှင့် ပတ်သက်၍ ရှာဖွေတွေ့ရှိပုံ၊ ဂုဏ်သတ္တိများနှင့် အသုံးပြုမှုတို့ကို ၎င်းကရှင်းပြခဲ့သည်။
မြို့တော်ပြုံယမ်းရှိ မြစ်တစ်စင်းပေါ်မှ ကျွန်းငယ်တစ်ခုတွင် အက်တမ်တစ်ခု၏ ပုံစံတည်ဆောက်ထားသော ကြီးမားသော အဆောက်အအုံဖြစ်သည့် သိပ္ပံနှင့် နည်းပညာစင်တာတွင် ယင်းကဲ့သို့ သင်ကြားမှုပုံစံသည် သင်ထောက်ကူ ပစ္စည်းများအနက် ပုံစံတစ်ခုဖြစ်သည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ကိုယ်တိုင်လမ်းညွှန်မှုများဖြင့် ဗန်းပြရာဖြစ်သော မြို့တော်တွင် တည်ဆောက်ခဲ့သည့် ခမ်းနားကြီးကျယ်သော အခြားစီမံကိန်းများကဲ့သို့ပင် ယခုနှစ်အစောပိုင်းတွင် ဖွင့်လှစ်ခဲ့သည့် ယင်းစင်တာသည် ထူးခြားသော ပင်ကိုလက္ခဏာများ၌ တူညီကြောင်း သိရသည်။ ယင်းစီမံကိန်းကြီးများအတွက် မြောက်ကိုရီးယား၏ ဆိုးရွားသော စီးပွားရေးမှ ကဲ့ယူထားသည့် ရှားပါးသောငွေများနှင့် ရင်းမြစ်များအား သုံးစွဲနေကြောင်း သိရသည်။
စစ်သားများ၏ လုပ်အားအသုံးပြု၍ အချိန် ၁၀ လကျော်ကတည်းဖြင့် တည်ဆောက်ခဲ့သော ယင်းစင်တာသည် ကြီးကျယ်ခမ်းနားပုံရသော်လည်း ထိတ်လန့်ဖွယ် လူသူကင်းမဲ့နေခဲ့သည်။ တစ်နေ့လျှင် လာရောက်လည်ပတ်သည့် ဧည့်သည်ထောင်နှင့် ချီရှိသည်ဟုဆိုသော ယင်းစင်တာတွင် မကြာသေးသော စနေ့မွန်းလွဲပိုင်း၌ ကွန်ပျူတာစက်အလုံး ၃၀၀၀ ကျော်တွင် လူဒါဇင်အနည်းငယ်သာ အသုံးပြုနေကြောင်း တွေ့ရှိခဲ့ရပြီး အသုံးပြုနေသူ အများအပြားမှာ ဝန်ထမ်းများသာ ဖြစ်နေသည်။
ကြွယ်ဝမှုနှင့် ပါဝါ
ပြီးခဲ့သောမေတွင် ကြုံခေါင့်ကြုံခဲပြုလုပ်ခဲ့သည့် ပါတီကွန်ဂရက်၌ ပြောကြားခဲ့သော အဓိကကျသော မိန့်ခွန်းတစ်ခုအပါအဝင် များစွာသော မိန့်ခွန်းများနှင့် ကြေညာချက်များ ထုတ်ပြန်ခဲ့သည့် ကင်က ချမ်းသာကြွယ်ဝပြီး သြဇာကြီးသော နိုင်ငံတည်ဆောက်ရန် သိပ္ပံနှင့် နည်းပညာအား ရှေ့တန်းတင်ခဲ့သည်။ သြဇာအာဏာအတွက် နိုင်ငံကာကွယ်ရေး၊ ဆိုက်ဘာစစ်ပွဲမှသည် ခေတ်မီနျူကလီးယား အဟန့်အတားအထိ ပါဝင်သော သိပ္ပံအခြေပြု လက်နက်စနစ်အား အလေးအနက် အာရုံစိုက်ခဲ့သည်။
နိုင်ငံတွင်းရှိ  နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်း ပညာရှင်များသည် သူရဲကောင်းများအဖြစ် ဆက်ဆံခံရပြီး ထိပ်တန်း ခေါင်းဆောင်ပိုင်းများထံမှ ချီးကျူးဂုဏ်ပြုမှုများရရှိခဲ့ပြီး ၎င်းတို့ကိုယ်တိုင်နှင့် မိသားစုဝင်များသည် ပြုံယမ်းတွင် ခေတ်မီအထပ်မြင့် အဆောက်အအုံများ ပိုင်ဆိုင်ခွင့်နှင့် အခြားအကျိုးခံစားခွင့်များလည်း ချီးမြှင့်ခံခဲ့ရသည်။ ယင်းသိပ္ပံနှင့် နည်းပညာစင်တာ၏ အဓိက အဆောက်အအုံကို မြောက်ကိုရီးယား၏ Unha 3 ဒုံးပျံကြီးပုံစံ တစ်ဝိုက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဂြိုဟ်တုသယ်ဆောင်သော ယင်းဒုံးပျံသည် အမေရိကန်ပြည်မကြီးအထိ ပစ်ခတ်နိုင်မည့်  နျူကလီးယား ထိပ်ဖူးတပ်တိုက်ချင်းပစ်ပဲ့ထိန်း ဒုံးကျည်၏ ရှေ့ပြေးပုံစံဖြစ်သည်။
ဆိုက်ဘာစစ်ပွဲ စစ်မျက်နှာတွင် မြောက်ကိုရီးယားသည် ၂၀၁၃ ခုနှစ်တွင် တောင်ကိုရီးယားဘဏ်များနှင့် ရုပ်သံဌာနများအား ထိခိုက်စေသော ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ၂၀၁၄ ခုနှစ်တွင် ဆိုနီရုပ်သံ ကုမ္ပဏီအား ဟက်ကာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြင့် နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ရှိကြောင်း ပြသခဲ့ပြီးဖြစ်သည်။
ကမ္ဘာ့အဆင့် ဆိုက်ဘာစစ်သည်များ
ပြီးခဲ့သောဧပြီတွင် အမေရိကန် အထက်လွှတ်တော် လက်နက်ကိုင်ရေးရာ ကော်မတီ၌ တောင်ကိုရီးယားရှိ အမေရိကန်တပ်များအတွက် အသစ်ခန့်အပ်ခံခဲ့ရသော တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဗင်းဆင့်ဘရွတ်က မြောက်ကိုရီးယား၏ ဆိုက်ဘာအထူးတပ်ဖွဲ့များသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးတပ်ဖွဲ့များ၌ ပါဝင်ပြီး စနစ်တကျ ဖွဲ့စည်းထားကြောင်း ထွက်ဆိုခဲ့သည်။ မြောက်ကိုရီးယားတွင် အခွင့်ထူးခံ အနည်းငယ်ကသာ အင်တာနက်ကို အကန့်အသတ်မရှိ အပြည့်အ၀ သုံးစွဲခွင့်ရရှိကြသည်။
သိပ္ပံ - နည်းပညာစင်တာရှိ ကွန်ပျူတာများအား ခွဲခြားမှုပြုလုပ်ထားပြီး အဓိကခန်းမဆောင်တွင် အသုံးပြုသူများသည် ကလေးကာတွန်းများမှသည် ပညာရေးဆိုင်ရာအထိ အကန့်အသတ်ရှိသော အကြောင်းအရာများအား လွှင့်တင်ထားသည့် ဌာနတွင်းဆာဗာမှ အင်တာနက် စာမျက်နှာကိုသာ သုံးစွဲခွင့်ရမည်ဖြစ်သည်။ အသက် ၁၇ နှစ်ကျော်ပြီး ခွင့်ပြုချက်ရထားသူသည် အစိုးရပိုင် မီဒီယာနှင့် တရားဝင်ခွင့်ပြုထားသော ဝက်ဘ်ဆိုက်အချို့အား ကြည့်ရှုရန် အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး အပိတ်ကွန်ရက်ဖြစ်သော အင်ထရာနက်စနစ်ကိုသာ သုံးစွဲရမည်ဖြစ်သည်။ ယင်းအင်တာနက် စာမျက်နှာသည် မြောက်ကိုရီးယား တက္ကသိုလ် အွန်လိုင်းစာကြည့်တိုက်များနှင့်လည်း ချိတ်ဆက်ထားသည်။
ယင်းအင်ထရာနက်တွင် ပြည်တွင်း၌ ဖန်တီးခဲ့သော Linux အခြေပြု ကွန်ပျူတာလည်ပတ်မှုစနစ် OS ဖြစ်သော Red Star ကိုအသုံးပြုထားသည်။ ဂျာမနီ သုတေသနပညာရှင် f Niklaus Scheiss နှင့်fh Florian Grunow တို့က Red Star အား download လုပ်ပြီး အသေးစိတ်ခွဲခြမ်း စိတ်ဖြာခဲ့သည်။ သိပ္ပံ - နည်းပညာစင်တာသို့ လာရောက်သူများသည် ယာယီသက်သေခံ ကတ်ပြားများဖြင့် အထူးသတ်မှတ်ထားသော စက်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ “ဒီနေရာက လေ့လာဖို့ကောင်းတဲ့ နေရာတစ်ခုပါ။ ကျွန်တော် နေ့လယ်စာ စားတဲ့အချိန်မှာ ဒီမှာအလုပ်လုပ်ပါတယ်” ဟု ယင်းစင်တာတွင် အချိန်ပိုင်း အလုပ်လုပ်သော ကောလိပ်ကျောင်းသား ရီယောင်ဟွာက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့နိုင်ငံကို သိပ္ပံနဲ့ နည်းပညာမှာ ရှေ့တန်းရောက်တဲ့ နိုင်ငံဖြစ်အောင်လုပ်ဖို့ ခေါင်းဆောင်ကြီးရဲ့ စကားတွေကို ကျွန်တော်က အကောင်အထည် ဖော်ချင်ပါတယ်”ဟု ရီက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား သာမန်ပြည်သူများသည် ပြည်ပသတင်းဌာနများမှ မေးခွန်းများမေးလာလျှင် တရားဝင်ခွင့်ပြုထားသော သဘောထားအမြင်များကိုသာ ပုံမှန်ဖော်ပြလေ့ရှိသည်။                             

Most Read

Most Recent