စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာအချို့အား မြို့အဖြစ် ပြောင်းလဲကာ တိုးချဲ့ဖွဲ့စည်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်အရ သတင်းရရှိသည်။ ယင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်စံပြကျေးရွာနှင့် ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းကျေးရွာတို့အား မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ အကြောင်းကြားထားကြောင်း ဖော်ပြပါရှိသည်။
“ကျွန်တော်တို့ ဇီးကုန်းနယ်ကို မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ အကြောင်း ဒီဇင်ဘာ ၁၆ ရက်စွဲနဲ့ သမ္မတရုံးက စာထွက်ပါတယ်။ ထုတ်ပြန်ချက်အရ ဇီးကုန်းမြို့အဖြစ် တိုးချဲ့ဖွဲ့စည်းရာမှာ ယခင်ကဇီးကုန်း (တောင်) ကျေးရွာအုပ်စုနဲ့ ကျေးရွာသုံးရွာကို ပယ်ဖျက်ပြီး ရပ်ကွက် ခြောက်ခု ပါဝင်တဲ့မြို့အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တာပေါ့။ မြို့အင်္ဂါရပ်နဲ့ လျော်ညီတဲ့ အခြေခံ အဆောက်အအုံ၊ ဌာနဆိုင်ရာ ရုံးအဖွဲ့အစည်းတွေကတော့ လုပ်ထုံးလုပ်နည်း အတိုင်း ဆက်လုပ်သွားမယ် ထင်ပါတယ်။ လောလောဆယ်တော့ စာထုတ်ပြန်တဲ့ အခြေအနေပဲ ရှိပါသေးတယ်။ ဇီးကုန်းကိုမြို့ အဖြစ်တိုးချဲ့ ဖွဲ့စည်းပေးဖို့ တောင်းဆိုခဲ့တာ က ၁၉၇၄ ခုနှစ်တည်းကပါ” ဟု ဇီးကုန်းမြို့ အုပ်ချုပ်ရေးမှူး ဦးဇာနည်ကိုကိုအောင်က ပြောကြားသည်။
ယင်းကဲ့သို့ ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းမှုကြောင့် စစ်ကိုင်းမြို့နယ်တွင် မြို့နှစ်မြို့၊ ရပ်ကွက် ၂၉ ခု၊ ကျေးရွာအုပ်စု ၈၀ နှင့် ကျေးရွာ ၁၉၆ ရွာ ရှိလာမည်ဖြစ်ပြီး ကန့်ဘလူမြို့နယ်တွင် မြို့နှစ်မြို့၊ ရပ်ကွက် ၁၁ ခု၊ ကျေးရွာ ၈၅ အုပ်စုနှင့် ကျေးရွာ ၂၉၀ ရွာ တည်ရှိလာမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ကျေးရွာကနေ မြို့အဖြစ် ပြောင်းလဲတာက ဒေသခံတွေ အတွက်တော့ ဝမ်းသာစရာပေါ့။ ပြီးခဲ့တဲ့ နှစ်ပိုင်းကလည်း ကန့်ဘလူမြို့နယ်ကို ခရိုင်အဖြစ် တိုးမြှင့် သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ မြို့အဖြစ် သတ်မှတ်ပြီးပြီဆိုရင် မြို့အင်္ဂါရပ်နဲ့ ညီအောင်တော့ လုပ်ပေးစေချင်ပါတယ်” ဟု ဇီးကုန်းနယ်ခံ တစ်ဦးက ဆိုသည်။
မြို့အဖြစ် တိုးချဲ့လိုက်သော ဒေသနှစ်ခုတွင် ဆားတောင်နယ်သည် ရွှေဘို-မန္တလေး ကားလမ်းနံဘေး၌ တည်ရှိကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ဒေသတစ်ခုဖြစ်သော်လည်း ဇီးကုန်းနယ်မှာမူ အခြေခံ လိုအပ်ချက်များ ရှိနေသော ဒေသတစ်ခု ဖြစ်သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးရွာတစ်ရွာ၊ မတ္တရာမြို့နယ်တွင် ကျေးရွာတစ်ရွာနှင့် စဉ့်ကူးမြို့နယ်တွင် ကျေးရွာ ၁၆ ရွာ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်းလည်း သမ္မတရုံး ထုတ်ပြန်ချက်အရ သတင်းရရှိသည်။
စစ်ကိုင်းမြို့နယ် ဆားတောင်ကျေးရွာနှင့် ကန့်ဘလူမြို့နယ် ဇီးကုန်းကျေးရွာတို့အား မြို့အဖြစ် တိုးချဲ့မည်









