အမေရိကန်က IS ခေါင်းဆောင်၏ ဦးခေါင်းကို ဆုကြေးဒေါ်လာ ၂၅ သန်းအထိ တိုးမြှင့်

အမေရိကန်က IS ခေါင်းဆောင်၏ ဦးခေါင်းကို ဆုကြေးဒေါ်လာ ၂၅ သန်းအထိ တိုးမြှင့်
Published 17 December 2016

အမေရိကန်သည် လျှို့ဝှက်သိုသိပ်သော IS ခေါင်းဆောင် အဘူဘာကာအယ်ဘဂ္ဂဒါဒီ၏ ဦးခေါင်းအား ထုတ်ထားသည့် ဆုကြေးကို နှစ်ဆတိုးကာ ဒေါ်လာ ၂၅သန်း အထိ မြှင့်တင်လိုက်ကြောင်း သိရသည်။                  
အမေရိကန်က ကျောထောက်နောက်ခံ ပေးထားသော ဒေသခံတပ်ဖွဲ့များသည် အီရတ်နှင့် ဆီးရီးယားတို့ရှိ  IS ခြေကုပ်ယူရာ မြို့ပြဒေသများသို့ နီးကပ်လာချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားမျှတမှုအတွက် ဆုကြေးအစီအစဉ်အရ ထိုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ IS ခေါင်းဆောင်ကို ဖမ်းဆီးရန် သို့မဟုတ် ပြစ်ဒဏ်စီရင်နိုင်ရန် နေရာလမ်းညွှန်ပြသော မည်သူ့ကိုမဆို ယခုဆုကြေးအားပေးမည် ဖြစ်သည်။
“ဘဂ္ဂဒါဒီရဲ့ လက်အောက်မှာ IS အဖွဲ့ဟာ အရှေ့အလယ်ပိုင်း ဒေသထဲမှာဖြစ်ပွားခဲ့တဲ့ အရပ်သား သေဆုံးမှု အမြောက်အမြားအတွက် တာဝန်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဂျပန်၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုက အရပ်သား ဓားစာခံတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာတွေလည်း ပါဝင်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။
ဘဂ္ဂဒါဒီက မွတ်စလင် နိုင်ငံတော်သစ်၏ ခေါင်းဆောင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာထားသော်လည်း လူရှေ့ထွက်လာမှု အလွန်နည်းပါးခဲ့သည်။ သို့သော်ပြီးခဲ့သည့် လက ထွက်လာသော ဘဂ္ဂဒါဒီ၏အသံချည်း ပါဝင်သော မှာကြားချက်တွင် ဘဂ္ဂဒါဒီက ၎င်းအား ထောက်ခံသူများကို မိုဆူးမြို့အား ကာကွယ်ကြရန် တိုက်တွန်းထားသည်။
၂၀၁၄ ခုနှစ်က အစ္စလာမ္မစ်နိုင်ငံတော်အဖြစ် စတင် ကြေညာခံခဲ့ရပြီး လက်ရှိတွင် ဝန်းရံပိတ်ဆို့မှု ခံနေရသည့် မိုဆူးမြို့ထဲ၌ ဘဂ္ဂဒါဒီရှိ၊မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဘဂ္ဂဒါဒီသည် အမေရိကန် ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများစွာအတွင်း ဒဏ်ရာများရခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ထိုသတင်းများကို မည်သည့် အချိန်ကမျှ အတည်မပြုနိုင်ခဲ့ပေ။ ထိုတိုက်ခိုက်မှုများအတွင်းမှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ခြင်းသည် ဘဂ္ဂဒါဒီ၏ ထူးခြားသော လက္ခဏာများထဲမှ တစ်ခုဖြစ်နေသည်။
အီရတ်အစိုးရ၏ အချက်အလက်များအရ ဘဂ္ဂဒါဒီကို အီရတ်မြို့တစ်မြို့ဖြစ်သော ဆမ်မူရာတွင် ၁၉၇၁ ခုနှစ်က မွေးဖွားခဲ့ပြီး ပထမဇနီးဖြစ်သူနှင့် ကလေးလေးဦးရှိခဲ့သည်။ ဘဂ္ဂဒါဒီသည် အစ္စလာမ္မစ် လေ့လာမှုတွင် ပါရဂူဘွဲ့ ရရှိထားသူဖြစ်ပြီး တီကရစ် တက္ကသိုလ်တစ်ခုတွင် ပါမောက္ခ တစ်ဦးဖြစ်ခဲ့သည်ဟု သိရသည်။ ဘဂ္ဂဒါဒီသည် ၂၀၀၃ ခုနှစ်က အီရတ်သို့ အမေရိကန် ကျူးကျော်မှု ဖြစ်ပွားစဉ်တွင် သူပုန်အဖွဲ့ထဲသို့ ဝင်ခဲ့ပြီး အမေရိကန် စစ်အကျဉ်းထောင်ထဲတွင်လည်း နေထိုင်ခဲ့ဖူးသူဖြစ်သည်။ Ref; AFP

Most Read

Most Recent