အလက်ပိုမြို့ထဲမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ရပ်တန့်၊ အိုဘားမားက အလက်ပိုမှ ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချ

အလက်ပိုမြို့ထဲမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ရပ်တန့်၊ အိုဘားမားက အလက်ပိုမှ ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချ
Published 17 December 2016

အလက်ပိုမြို့ထဲ၌ ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများသည် ဆီရီးယားအစိုးရနှင့် ၎င်းကို ပံ့ပိုးနေကြသည့် ရုရှားနှင့် အီရန်တို့၌ တာဝန်ရှိသည်ဟု အမေရိကန် သမ္မတဘာရက်အိုဘားမားက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ဆီးရီးယား အစိုးရသည် အလက်ပိုမြို့ထဲရှိ သူပုန်တို့ ထိန်းချုပ်ထားသည့် ဒေသများထဲမှ အရပ်သားနှင့် တိုက်ခိုက်ရေးသမားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမှုများအား ရုတ်ချည်းရပ်ဆိုင်းထားစဉ် အိုဘားမား၏ ယခုပြောကြား ချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အိုဘားမားသည် အလက်ပိုမြို့ထဲမှ အနိဋ္ဌာရုံများကို ရှုတ်ချခဲ့ပြီး သမာသမတ်ကျစွာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန် ဆော်သြခဲ့ကာ ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ကိုလည်း ၎င်း၏ သဘောအတိုင်း သတ်ဖြတ်၍ မရကြောင်း သတိပေးခဲ့သည်။“အလက်ပိုမြို့ကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြတဲ့ ရုရှား၊ အီရန်နဲ့ ဆီးရီးယားအစိုးရရဲ့လက်တွေမှာ သွေးတွေ ၊ အနိဋ္ဌာရုံတွေ စွန်းထင်းနေပါပြီ” ဟု အိုဘားမားက ဆိုခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က အလက်ပိုသည် ငရဲနှင့် အနက် အဓိပ္ပာယ်တူနေပြီဖြစ်ကြောင်း အစောပိုင်းက သတိပေးခဲ့သည်။ ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးမှုများ လုံခြုံစွာပြန်လည်စတင်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းကြရေးအတွက်လည်း ကုလသမဂ္ဂက တိုက်တွန်းခဲ့သည်။ အလက်ပိုမြို့ထဲသို့ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများကို ဝင်ခွင့်ပြုရန်နှင့် မြို့ထဲသို့ အရေးပေါ် အကူအညီပေးပို့မှုများ ရောက်ရှိစေရန်တို့ ပါဝင်သော ပြင်သစ်၏ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အစောဆုံးအနေနှင့် ယခုသီတင်းပတ် ကုန်ရက်၌ မဲခွဲဆုံးဖြတ်ဖွယ်ရှိသည်။
လုံခြုံရေးကောင်စီ၏ တံခါးပိတ် ဆွေးနွေးမှုတစ်ခုအပြီးတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် စမန်သာပါဝါက အလက်ပိုသို့ စေလွှတ်ရန် ကုလသမဂ္ဂအရာရှိများသည် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ “အမှီအခိုကင်းတဲ့ စောင့်ကြည့်လေ့လာသူတွေ ရှိနေခြင်းဟာ အဆိုးရွားဆုံးဖြစ်ရပ်တွေ ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်” ဟု ပါဝါက ဆိုသည်။
ရုရှားသံအမတ် ဗိုင်တလီချာကင်ကမူ အလက်ပိုသို့ စောင့်ကြည့်လေ့လာသူများ စေလွှတ်ရေးသည် သီတင်းပတ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်သည်ဟု ခုခံပြောကြားထားသည်။
လက်ရှိတွင် အလက်ပိုမြို့ထဲမှ ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးသည့် အစီအစဉ်များကို ဆိုင်းငံ့ထားကြောင်း၊ သို့သော် ပြီးဆုံးသွားခြင်း မဟုတ်ကြောင်း တူရကီနှင့် ဆီးရီးယား စစ်တပ်သတင်းရင်းမြစ်တို့က ပြောကြားခဲ့သည်။ သို့သော် ရုရှားကမြို့ထဲမှ အမျိုးသမီးနှင့် ကလေးအားလုံးကို ရွှေ့ပြောင်းပေးပြီးပြီဖြစ်ကာ လုပ်ငန်းပြီးစီးသွားပြီဟု အခိုင်အမာဆိုနေသည်။
အလက်ပို အရှေ့ပိုင်းတွင် သူပုန်တို့ ထိန်းချုပ်ထားသည့်နောက်ဆုံး ဒေသများထဲမှ အရပ်သားနှင့် တိုက်ခိုက်ရေးသမားများကို ကယ်ထုတ်ရန် အစီအစဉ်ကို ဒီဇင်ဘာ ၁၅ ရက်ကစတင်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် အစိုးရက သူပုန်တို့သည် သဘောတူညီချက်ပါ အချက်များကို ချိုးဖောက်ခဲ့၍ လက်နက်များ၊ ဓားစာခံများကို ခိုးထုတ်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးသည့် အစီအစဉ်များကို ရုတ်တရက် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။  ကယ်ထုတ်မှုများ မရပ်ဆိုင်းမီက မြို့ထဲတွင် သူပုန် ၃၀၀၀ အပါအဝင်လူပေါင်း ၈၅၀၀ ကျန်ရှိနေသေးသည်ဟု ခန့်မှန်းထားပြီး ဆီးရီးယား မီဒီယာများတွင်မူ ၈၀၀၀ ဝန်းကျင် ကျန်ဦးမည်ဟု ခန့်မှန်းထားသည်။
ယခုကယ်ထုတ် ရွှေ့ပြောင်းမှုများသည် အလက်ပိုတစ်မြို့လုံးကို ပြန်သိမ်းရန် အစိုးရ စစ်ဆင်ရေးကြီး စတင်ပြီးတစ်လ အကြာ၌ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အလက်ပို စစ်ဆင်ရေးသည် ဆီးရီးယား အစိုးရအတွက် ငါးနှစ်ကျော်ကြာ ပြည်တွင်းစစ်အတွင်း အကြီးဆုံး အောင်ပွဲကြီးဖြစ်လာခဲ့သည်။ Ref ; AFP

Most Read

Most Recent